ဝက်သားတုတ်ထိုးလုပ်နည်းလေး
၀က်သားတုတ်ထိုး လုပ်ရန်အတွက် အူမကြီး၊အူချို၊ အူပိတ်၊အသည်း၊ကျောက်ကပ်၊နှလုံး၊နားရွက်၊ဝက်ပါး၊မျက်လုံး၊ လျှာ အားလုံးတို့ကို မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။
ဝက်သားတုတ်ထိုးထဲမှာ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။
အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။ ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။
ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့် အသင့်အတင့် ထည့်ပြီး နူးအောင်တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့် စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။
အုန်းစိမ်းရေ အနည်းငယ် ထည့်လျှင် ဝက်အူပိတ်၊အူချို နှင့်ကလီဇာများ ပျော့အိအိမဖြစ်ပဲ တောင့်တောင့် တင်းတင်းလေးဖြစ်ကာ ဝက်အညှီနံ့ကိုလုံးဝပျောက်ပါတယ်။ အရသာလည်း ကွာပါတယ်။အုန်းစိမ်းရေ မထည့် လျှင် ဝက်အူပိတ်၊အူချိုများ ပျော့အိအိဖြစ်ပြီး စားမကောင်းဖြစ်တက်ပါတယ်။
ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ပါ။ ပြုတ်ပြီးသား ကြက်ဥများကို ပွက်ပွက်ဆူနေသော ဝက်သားတုတ်ထိုးအိုးထဲသို့ အခွံခွါ၍ မိနစ်အနည်းငယ်ခန့်ထည့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ ဝက်ကလီဇာများအားလုံး နူးလျှင် ကြိုက်နှစ်သက်သလို လှီး၍ တုတ်ထိုးအချဉ်ချဉ် ရည်လေးဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။
အချဉ်ရည်
မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီလောက်ကြိုစိမ်ထားပါ။ မကျည်းရည်ထဲသို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်
ပါ။ ထန်းညက်ခဲ အသင့်အတင့်ကို ရေနွေးဖြင့်ကျိုပြီး ထည့်ပါ။ညက်အောင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကိုမကျည်းရည်ထဲသို့ နှံ့အောင် ရောမွှေပေးပါ။ အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။
C. R. D to
ဒေါ်ပုလက်ရာ

Post a Comment