မခံချင်စိတ်နဲ့ ကြိုးစားပါ

မခံချင်စိတ်နဲ့ ကြိုးစားပါ
********************
ဖတ်ကြည့်နော်…


ဘဝမှာ အတိုက်အခိုက်တွေက
ကိုယ့်ကိုယ်ကို
သတိပိုထားဖို့
တွန်းအားဖြစ်အောင် ကြိုးစားရမယ်။

ချီးမွမ်းသံတွေ ဆိုတာကလည်း
ကိုယ့်အတွက်
ခွန်အားဖြစ်အောင် လေ့ကျင့်ရမယ်။

ချီးမွမ်းသံတွေ ကြား
မြောက်ကြွသွားဖို့တော့ မဟုတ်ဘူးပေါ့…

အောက်ကျမသွားစေအောင်ပဲ
သတိပြုရမယ်။

ဖိနှိပ်ခံရတာတွေကလည်း
ကိုယ့်အတွက်တော့
မခံချင်စိတ်နဲ့
ကြိုးစားချင်စိတ်ကို ပိုပြီး ဖြစ်စေရမယ်။

အားပေးတာတွေ
နှိပ်ကွပ်တာတွေဟာလည်း
ဘဝရဲ့ လောကဓံတွေပဲ ဆိုတော့

ပျော်တဲ့အခါလည်း ပျော်
ချော်တဲ့အခါလည်း ချော်နေကြမှာပဲပေါ့…

ဘဝရဲ့ လောကဓံဆိုတာ…
အကောင်းထက်
အစောင်းတွေက ပိုများတတ်တယ်။

အဆိုးလောကဓံတွေကလည်း
လာပြီဆိုရင်
အကုန်စုံလာတတ်တဲ့ သဘောရှိတယ်။

အဲဒီဒဏ်တွေကို
ကိုယ်က ခံနိုင်ရည် ရှိနေမှ။
မဟုတ်လို့ကတော့…
အတော်ခံရလိမ့်မယ်။

အထိတွေ နာပြီဆိုရင်
အသိတွေပါ ခွါကုန်ကြတယ်။

ရှိတုန်းက သိနေကြတဲ့သူတွေက
မရှိတော့တဲ့အခါ
မသိသလို ဖြစ်ကုန်ကြတယ်ပေါ့…

အတိုက်အခိုက် ခံရလို့လည်း
တုန်လှုပ် ချောက်ချားနေလို့ မရဘူး။

အတိုက်အခိုက်ကို
သတိနဲ့ ရင်ဆိုင်။
ခြေမကိုင်မိ လက်မကိုင်မိတော့
မဖြစ်စေနဲ့ပေါ့…

ချီးမွမ်းခံရလို့လည်း
အောက်ခြေလွတ်သွားလို့ မဖြစ်ဘူး။

တစ်နေ့…
အဲဒီ ချီးမွမ်းသံတွေကပဲ
ကိုယ့်ကို ပြန်ကဲ့ရဲ့ကြမှာ။

ချီးမွမ်းတဲ့သူတွေကပဲ
ကိုယ့်ကို ပြန်ပြီးတော့
မကောင်းပြောကြမှာပဲလေ။

ချီးမွမ်းလာရင် ခွန်အားယူ။
ကဲ့ရဲ့လာရင် မခံစားနဲ့။

စကားတွေနဲ့တော့
ဘဝကို မနစ်စေနဲ့ပေါ့…

ဖိနှိပ်ခံရလို့လည်း
မခံမရပ်နိုင် မဖြစ်စေနဲ့။

ကိုယ် အားမရှိသေးလို့
နှိပ်ကွပ်နေကြတာ။
ကိုယ် အားရှိလာတဲ့ တစ်နေ့
လူကို မနှိပ်ကွပ်တော့ဘူး။

ကိုယ့်ရဲ့ ခြေထောက်လေးကိုပဲ
ခပ်ဖွဖွလေး လာနှိပ်ပေးကြလိမ့်မယ်။

များများ ဖိနှိပ်ခံရလေ
မခံချင်စိတ်နဲ့
ပိုပြီး ကြိုးစားလေ ဖြစ်ဖို့ပဲ
လိုတာပေါ့…

တကယ်တော့ ကိုယ့်ဘဝဆိုတာ…
ကိုယ်ကလွဲပြီး
ဘယ်သူမှ ဖေးမပေးမှာ မဟုတ်ဘူး။

ကိုယ်လဲရင် ကိုယ်ပြန်ထ
ကိုယ်ကြိုက်ရင် ကိုယ်ပြန်တက်
ဘယ်သူ့လက်မှ ဆွဲမနေနဲ့။

ကိုယ့်အားနဲ့ပဲ ကိုယ်ရုန်း
ဒါဟာ အကောင်းဆုံးပါပဲ။

ကိုယ်သာ ပဓာန ကိုယ့်ဘဝပဲ မဟုတ်လား-?

Credit-
မနာပ ဒါယီ ဆရာတော် အရှင်ဝိစိတ္တ

မေတ္တာဖြင့်…

Post a Comment

Previous Post Next Post

Comments