နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

*🎼 နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း 


ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့  အဖြူရောင်ဖြစ်နေတာကိုက ..  အဲဒီ စက္ကန့်ပိုင်းလေးရဲ့ အသက်။

အာရုံစိုက်စေတဲ့အရာပေါ့။ အများနဲ့မတူဘူးလေ။

နားကြပ်ဆိုတာ ပုံမှန်အားဖြင့် အမည်းပဲ။ ဒါက အဲဒီအချိန်တုန်းက သမားရိုးကျအမြင်တစ်ခု၊ 
အဖြူ လုပ်လိုက်တော့ .. သမားရိုးကျ ကို ကန့်လန့်တိုက်တာပဲ။ 

*💻Software ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း 

ဆော့ဝဲ ဆိုတာ အရင်တုန်းက ပုဒ်ပြတ်ရောင်းတာ။ ကုမ္မဏီလုပ်ငန်းတစ်ခုကိုရေးဆွဲပေးပြီး ဈေးကြီးကြီးနဲ့  တစ်ခါတည်း ရောင်းလိုက်တာ။ တစ်ချိန်မှာ Saleforce က ဆော့ဝဲကို ဈေးသက်သက်သာသာထားပြီး လစဉ်ကြေး နဲ့လုပ်ပစ်လိုက်တယ်။ SaaS ပေါ့။ Software as a Service ဆိုပြီး လစဉ်ကြေးနဲ့သူ့ဆော့ဝဲကို ပေးသုံးတယ်။  နှစ်ဦးနှစ်ဘက်အဆင်ပြေပေါ့။ လစဉ်ကြေးသက်သက်သာသာနဲ့ကုမ္မဏီလုပ်ငန်းကြီးတွေသာသုံးနိုင်တဲ့ နည်းပညာကို လစဉ်ကြေးနဲ့အသုံးပြုလို့ရတော့ လုပ်ငန်းငယ်တွေအတွက် အဆင်ပြေတော့ အသုံးပြုသူများလာတယ်။ အခု အဲဒီ လုပ်ငန်းက ဘီလီယံနဲ့ချီတဲ့လုပ်ငန်းဖြစ်နေပြီ။ ပုံသေဈေးနဲ့ ရောင်းနေကျ သမားရိုးကျ ကို လစဉ်ကြေး နဲ့ကန့်လန့်တိုက်တာပဲ။ 

*💡 ​​စျေးကွက်ထဲမှာ အသားကျနေတဲ့ သမားရိုးကျအမြင် တွေရှိတယ်။ 

အဲဒီ သမားရိုးကျအမြင် တွေကို ကန့်လန့်တိုက်ပြီး အမြင်သစ်တစ်ခုနဲ့ ဈေးကွက်ဝင်ကြည့်ပါ။ 

*🥣 စားသောက်ဆိုင်

ထမင်းဆိုင်ဆိုတာ ပန်းကန် နဲ့ရောင်းရမယ်ဆိုတဲ့ သမားရိုးကျ ကို ဇလုံ နဲ့ရောင်းပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။ 
တစ်ခါပြင် ဆိုတဲ့ သမားရိုးကျအိုင်ဒီယာ ကို အဝစား ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။ 
တစ်ပွဲမှာတစ်ပွဲရှင်း ဆိုတဲ့ သမားရိုးကျ ကို ဘူဖေး (မမှာလဲအကုန်ရှင်း) ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။ 

*👕ဖက်ရှင်စတိုးဆိုင်

အရင်တုန်းက စတိုးဆိုင်တွေမှာ အဝတ်အထည် တွေကို ဗွီဒို ထဲမှာ ခေါက်ထည့်ပြထားပြီးရောင်းတာ၊ စမ်းဝတ်ကြည့်ချင်ရင် ခွင့်တောင်းရတယ်။ စမ်းဝတ်ဖို့ခွင့်တောင်းရတယ်။ စမ်းဝတ်ပြီးလို့မဝယ်ပဲ ထွက်သွားရင် ပြောခံရသေးတယ်။ 
ယနေ့ခေတ်မှာ... အဝတ်ထည်တွေကို အပြင်မှာ ဖြန့်ချိတ်ထားပြီး တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့် ခိုင်းထားတယ်။ အကုန်ဝတ်ကြည့်ပြီး မဝယ်ပဲထွက်သွားလဲ ဆိုင်ရှင်က အေးဆေးပဲ။ 
သမားရိုးကျ ကို အဲ့လို ကန့်လန့်တိုက်ခဲ့ကြတာ။ 

*🃏ဖုန်းဆိုင်

အရင်က ဖုန်းဆိုင်တွေမှာ ဖုန်းတွေကို မှန်ကောင်တာထဲမှာ ထဲ့ထားတာ၊ အပြင်က ပဲရှိုး၊ ကြည့်ချင် ကိုင်ချင်ရင် ခွင့်တောင်း  ၊ ဆိုင်ရှင်က ထုတ်ပြပြီး ခွင့်ပြုတော့မှ ထိခွင့်ကိုင်ခွင့်ရတာ၊ ခွင့်မတောင်းပဲ စိတ်ကြိုက် ကောင်တာထဲလက်နိုင်ပြီး ကိုင်ကြည့်လို့မရဘူး။ ပွတ်ကြည့်လို့မရဘူး။ 

နောက်တော့ apple ကုမ္မဏီက ဖုန်းနမူနာကို စားပွဲပေါ်တင်ပေးထားတယ်၊ ကိုင်ကြည့်ချင် ကြည့်၊ ပွတ်ကြည့်ချင်ကြည့်၊ ကလိချင်တာကလိ၊ အိမ်တော့ယူမသွားနဲ့ ကြိုးနဲ့ချိတ်ထားတယ်။ 
အဲဒီလို သမားရိုးကျ အမြင်တစ်ခုကို ကန့်လန့်တိုက်တာ။ 

*🍣မုန့်ဆိုင်

မုန့်စားချင်ရင်  အရင်ဝယ်ပေါ့၊ မဝယ်သေးပဲနဲ့စားချင်လို့မရဘူး၊ ဒါက သမားရိုးကျ အမြင်။ 
ထိုးမုန့်ဆိုင်တစ်ဆိုင်က  အဲဒီ သမားရိုးကျ ကို ကန့်လန့်တိုက်ပစ်လိုက်တယ်။ 
မဝယ်သေးလဲ စားကြည့် ၊ စားကြည့်ပြီး မဝယ်ပဲ ခန့်တည်တည် နဲ့ပြန်ထွက်လာလဲ ဘာမှမဖြစ်ဘူး။ အဝစားတော့ မတွယ်နဲ့ပေါ့ဗျာ။  ( ကျွန်တော်ဆို မန်းလေး တက္ကသိုလ်တက်တုန်းက ငွေပြတ်ပြီးထမင်းသာငတ်ချင်ငတ်မယ်၊ ထိုးမုန့်တော့ ဘယ်တုန်းကမှ မငတ်ခဲ့ဘူး၊  အဲဒီ ထိုးမုန့်ဆိုင်ကိုသိပ်ကျေးဇူးတင်တာ 😁   ကြုံလို့ရင်ဖွင့်တာပါ။ ) 

လုပ်ငန်းတိုင်းမှာ  သမားရိုးကျ အမြင် ဆိုတာ ရှိကြတယ်။ 

သမားရိုးကျ အမြင် ဆိုတာရှိရင် … ကန့်လန့်တိုက်စရာ ဆိုတာ ရှိတယ်။ 

✨ဒါကြောင့် လုပ်ငန်းတိုင်း မှာ ကန့်လန့်တိုက် စရာတွေရှိတယ်။ 

ဆေးဆိုင်လား .. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။ 
ကုန်မာဆိုင်လား.. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။ 
ဖက်ရှင်ဆိုင်လား … 
စာသင်ကျောင်းလား  .. 
အလှကုန်ဆိုင်လား… 
ဆေးရုံလား… 
ထုတ်ကုန်လား… 
ဝန်ဆောင်မှုလား….

လုပ်ငန်းတိုင်းမှာ သမားရိုးကျ အမြင် တစ်ခု ကို ကန့်လန့်တိုက်စရာရှိတယ်။ 

ကန့်လန့်တိုက်တော့ ဘာဖြစ်လဲဆိုရင်.. ပြောစရာဖြစ်တာပေါ့။ 
ပြောစရာဖြစ်ကတည်းက .. ကြော်ငြာသလိုဖြစ်နေပြီ။ 
ကြော်ငြာတစ်ခုက..လူအများပြောကြတော့ .. ပြန့်တာပေါ့။ 
ပြန့်တော့ … ပေါက်တာပေါ့။ 

ပေါက်တယ် .. ဆိုတာ စီးပွားရေးလုပ်သူတိုင်း ကြိုက်တာပဲ။ ရောင်းကောင်းလာတာကိုး။ 

ဒီလို .. ပေါက်ချင်လို့ပဲ ငွေတွေ သိန်းချီကုန်ခံပြီး ကြော်ငြာနေကြ၊ မားကက်တင်းလုပ်နေကြတာလေ။ ခုဟာက ကြော်ငြာစရာမလိုပဲ ပေါက်တာလေ။ 

အခုဟာက ကြော်ငြာစရာမလိုတော့ ငွေမကုန်ပဲ .. မားကက်တင်းဆင်းတဲ့နည်း။  အရင်ဆောင်းပါးတွေမှာ  ပြောခဲ့တယ်..
 “မရောင်းပါနဲ့ …. ဝယ်စေပါ”… လို့။ 
ပြီးတော့ "  မကြော်ငြာ နဲ့.. ပြန့်နှံ့ စေပါ" .. လို့။ 

ပြန့်နှံ့ခြင်း ဆိုတာ မားကက်တင်း ရဲ့Key ပဲ။

ပြန့်နှံ့စေတဲ့ နည်းလမ်းတစ်ခု က .. စီးပွားရေးလုပ်ငန်းရဲ့သမားရိုးကျအမြင်တစ်ခုကို ကန့်လန့်တိုက်တဲ့ နည်းပဲ.. ငွေမကုန်ပဲ ပေါက် တဲ့နည်းပေါ့။ 

“ဗျို့.. ကိုမာသင် .. ငွေမကုန်ပဲ  ဘယ်လိုမားကက်တင်း လုပ်မတုန်း”  လို့ဆိုရင် … စာဖတ်သူတိုင်းက  ဒီဆောင်းပါးကို သမားရိုးကျ တစ်ခေါက်ပဲ ဖတ်ကြတာ.. ကိုယ်က သမားရိုးကျကို ကန့်လန့်တိုက်ပြီး  အစဆုံး နှစ်ခေါက်ပြန်ဖတ်ကြည့်ပေါ့။ 

ပြီးရင်.. 
ကိုယ့်လုပ်ငန်းရဲ့သမားရိုးကျ တွေကို တစ်ခုပြီးတစ်ခု စဉ်းစားပြီး ချရေး၊ အဲဒီ သမားရိုးကျ တွေကို တစ်ခု ပြီး တစ်ခု ကန့်လန့် တိုက် ကြည့်ပေတော့။

ပုံမှန်အားဖြင့် ကျွန်တော့် အကြံဉာဏ်လေးတစ်ခု ကြောင့် အဆင်ပြေသွားကြသူတွေက  ကျွန်တော့်ကို ကျေးဇူးတင်ပြီး စားစရာမုန့်တွေ ၊ လက်ဆောင်တွေ .. ပို့ပေးလေ့မရှိဘူး၊ ပို့ကို မပို့တာ ..ပေးကို မပေးတာ.. 
ကိုယ်က အဲဒီသမားရိုးကျ ကို ကန့်လန့်တိုက်ပြီး .. အင်း. .. ဘာတွေလုပ်ချင်တုန်းဗျ.. ။ 😀 

အဖြေရရင် ..  အောက်မှာမန့်ခဲ့လိုက်တော့ဗျာ။  ။ 😀 
-
-
အင်းပါ.. ပို့ချင်လဲ... ပို့ပါ၊ ပေးချင်လဲ ပေးပါ။
သိပ်တော့ မများစေနဲ့၊ လက်ဆောင်ဆိုလဲ မကြီးစေနဲ့ .. လို့ပြောပါရစေ၊ ကျွန်တော့်အပြောကို ကန့် လန့်တိုက်ချင်လဲ တိုက်ဗျာ..  
-
-

..ဪ .. ခက်ပြီ.. မကြီးစေနဲ့၊ မများပါစေ နဲ့ဆို ... ..ကဲ ကဲ .. ကန့်လန့်တိုက်ချင်လဲ တိုက်.. တိုက်။ ။ 😁😂

#မာသင်

Post a Comment

Previous Post Next Post

Comments