မငယ်တော့တဲ့အခါ
တစ်ခုခုဆို ပုံကြီးချဲ့ ခံစားဖို့ထက်
မြန်မြန်မေ့ပစ်ဖို့ပဲ ကြိုးစားမိလာတယ် ။
အဝတ်အစား အပြင်အဆင်
အနေအထိုင်ပဲဖြစ်ဖြစ်
လူအထင်ကြီးခံရဖို့ထက်
ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့ပဲ
ပိုရွေးချယ်ဖြစ်လာတယ် ။
ပွဲလမ်းသဘင်တွေ သိပ်မသွားဖြစ်တော့ဘူး။
ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာလေးမှာပဲ
အေးအေးဆေးဆေး ပိုနေချင်လာတယ် ။
လိုချင်တာတစ်ခုလောက်ရပြီးရင်
ဒုက္ခတွေ တစ်လှေကြီးလာတတ်သေးကြောင်း
ပိုသိလာတယ် ။
သိပ်ချစ်ပါတယ် ပြောပြီး
အနေတန်းသွားတဲ့ ဆက်ဆံရေးတွေကိုလည်း
ပို မြင်တတ်လာတယ် ။
လူချင်းသာ အမျိုးတော်ပြီး
ပိုက်ဆံချင်း သူစိမ်းလိုနေတဲ့ ဆွေမျိုးတွေ ၊
ရှေ့မှာသာ ကောင်းပြပြီး
နောက်ကွယ်ကျ ဒုက္ခ ပေးတတ်တဲ့
သူငယ်ချင်း တစ်ချို့ တစ်လေတွေကိုလည်း
ခွဲခြား နားလည်လာတယ် ။
ကိုယ့်ရှေ့ အကြွားအဝါတွေ တွေ့ရင်
လူမှုရေးအဖြစ်တောင်
စကားထောက် မပေးချင်တော့သလို
ကိုယ်ကိုယ်တိုင် မကြွားမဝါမိအောင်လည်း
အရင်တုန်းကထက် ပိုသတိထားဖြစ်လာတယ် ။
ဟန်ဆောင်ပန်ဆောင် မလှူချင်တော့ဘူး ။
မနိုင်ဝန်တွေဆိုလည်း မထမ်းချင်တော့ဘူး ။
ရှင်းရှင်းပြောရရင်
မငယ်တော့တဲ့အခါ
ဘယ်သူ့အတွက် နဲ့ မှ
ကိုယ့်ဘဝကို မပူလောင်ချင်တော့ဘူး ။
#crd_to_owner

Post a Comment