မောင်ရေခဲ နှင့် ဝိဥာဉ်နုတ်သည့် လက်စွပ် // ခွန်း
---
ဆရာတပည့်နှစ်ယောက်နေအိမ်မှထွက်လာခဲ့ပြီး မည်သည့်နေရာသွားရမှန်းမသိဖြစ်နေသည်။ အမှန်မှာအထက်အမိန့်ကြောင့် ခရီးထွက်လာခြင်းမဟုတ်။ နေအိမ်တွင်မိခင်၏လွမ်းစရာပုံရိပ်များကို ဖြေဖျောက်စေရန်နေအိမ်နှင့်ဝေးရာသို့ထွက်လာခဲ့ခြင်းဖြစ်သည်။ သားအမိသားအဖသုံးယောက်သာရှိသောအိမ်လေးတွင် မိခင်မရှိတော့သည့်အခါ ခံစားမှုကရင်ထဲလှိုက်၍ ဝမ်းနည်းဖွယ်ရာပင်။ ဖခင်မှာလည်း မိခင်မရှိတော့သည့်အိမ်၌မနေခြင်တော့သဖြင့် ပရိယာယ်များလှသောလူ့ဘောင်မှ သာသနာ့ဘောင်သို့အပြီးဝင်ခဲ့လေ၏။
မိမိသည်ပင်အပုပ်ကောင်ကိုသရုပ်ဆောင်၍ လောက၏ကြိုးဆွဲရာ ကနေရပေဦးမည်။ မိခင်မရှိတော့သည့် သူ့ဘဝ၌ ဘာတွေများထပ်ပြီးတွယ်တာရဦးမည်နည်း။ ရှေ့ဆက်၍သွားလေသူမိခင်အတွင်ရည်စူးကောင်းမှုတစ်ခုသာသူ့အတွက်အခွင့်အရေးရှိတော့သည်။ သို့ကြောင့်ကိုးတောင်ပြည့်စေတီလေးရှိရာတောင်ထိပ်၌ ရက်ရှည်အဓိဌာန်ဝင်နေလိုက်၏။ မောင်ထင်ပေါ်လည်း ဆရာဖြစ်သူဝမ်းနည်းနေသည်ကိုသိ၍ ဘာစကားမွမဆိုဘဲ ဆရာနည်းတူတရားထိုင်လိုက်၏။
မောင်ရေခဲ တရားထိုင်နေသော်လည်း စိတ်ကမတည်ငြိမ်။ မိခင်၏မျက်နှာပုံပန်းသွင်ပြင်နှင့် စကားသံများကိုသာမြင်ယောင်နေမိ၏။
"လူလေး...စိတ်ကိုငြိမ်သက်နေတဲ့ကန်ရေပြင်လိုထား....ဒါတွေဟာအတွေးသက်သက်ဘဲ....လူလေးစိတ်ကိုရအောင်ချုပ်တည်းချေ...."
နားထဲမှဆရာသခင်၏အသံကိုကြားရသောကြောင့် မြင်နေရသောအာရုံများပျောက်ပျက်စေရန် ခေါင်းကိုခါယမ်းလိုက်သည်။
" ဟူး.....မမြင်ရတဲ့သံယောဇဉ်တစ်မျှင်လေးက ဖြတ်ရတာမလွယ်ပါလား...."
ထိုသို့တွေးပြီး အတတ်နိုင်ဆုံးစိတ်ကိုစုစည်းလိုက်သည်။ ပထမရက်များ၌စိတ်ကိုတည်ငြိမ်အောင်ထိန်း၍မရသော်လည်း နောက်ရက်များ၌ မိမိ၏စိတ်ကိုတရားဖြင့်ဖြေဖျောက်ကာ စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိူင်ခဲ့သည်။
နေ့နေ့ညည တရားရှုမှတ်နေသောဆရာဖြစ်သူကိုကြည့်ပြီး မောင်ထင်ပေါ်စိုးရိမ်စိတ်ဖြစ်နေမိသည်။ အစားအသောက်မှီဝဲခြင်းမရှိဘဲ ဆရာဖြစ်သူတရားထိုင်နေသည်မှာ သုံးရက်ပင်ရှိနေပြီမဟုတ်ပါလား။
"ဟူး....ဆရာ့မျက်နှာအတော်လေး ချောင်ကျသွားလိုက်တာ..."
မောင်ထင်ပေါ်က ဆရာဖြစ်သူကိုကြည့်ပြီးသင်ပြင်းမောတချက်ချလိုက်၏။
" မျဖစ္ဘူး...ဒီတိုင်းဆိုဆရာ အားပြတ်သွားလိမ့်မယ်...ဆရာတစ်ခါမှဒီလိုမစားမသောက်ဘဲမနေဖူးဘူး...အင်း...ငါဘယ်လိုလုပ်ရင်ကောင်းမလဲ...."
မောင်ထင်ပေါ်တစ်ယောက် ဘုရားရင်ပြင်ပေါ်ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဆရာဖြစ်သူကိုစိတ်ပူနေ၏။ တန်ဆောင်းထဲ၌တရားရှုမှတ်နေသောမောင်ရေခဲမှာ မလှုပ်မယှက် ငြိမ်သက်နေဆဲပင်။
*****************************
အေးမြချမ်းသာဟူသောရွာလေးတစ်ရွာတွင် ကိုအောင်လှ၏ဇနီးသည်က ကလေးမွေးဖွားနေ၏။ အရပ်လက်သည်ဆရာမနှင့်မွေးသည်ဖြစ်ရာ ပြောင်းပြန်ဖြစ်နေသောခလေးကို အတော်နဲ့မွေး၍မရချေ။
အရပ်လက်သည်လည်း ချွေးဇောပြန်နေချေပြီ။ ညကြီးအချိန်မတော်လည်းဖြစ်နေသောကြောင့် မြို့ဆေးရုံသွားရန်လည်းမလွယ်ချေ။
" မိမော်...ညစ်ထားအေ...ညစ္ထား...အားမလျှော့လိုက်နဲ့....ညည်းကလေးက ပြောင်းပြန်ကြီးထွက်လာတော့ ဖွားရခက်နေတယ်တော့...."
အရပ်လက်သည်မှာမိမော်၏ဗိုက်ကိုပွတ်ဆွဲချပေးလိုက်၊မိန်းမကိုယ်တွင်ပြောင်းပြန်ထွက်နေသောကလေး၏ခြေထောက်ကို အသာကလေးဆွဲထုတ်လိုက်ဖြင့်ပျာယာခတ်နေ၏။
" အီး....အား...အေမေရ...ကယ်ပါဦး... နာလိုက်တာတော်....ကိုအောင်လှရေ...ရှင့်ကြောင့်ဖြစ်ရတာ...အီး...နာလိုက်တာရှင့်...."
မိမော်မှာအပေါ်မှ ချထားပေးသောဆွဲကိုင်စရာကြိုးကို အားကုန်ဆွဲကိုင်လိုက်ပြီး ကလေးကိုမွေးထုတ်နေ၏။ သို့သော်ကလေးမာမွေးရခက်သည်ဟုဆိုရမည်။ အတော်နဲ့ထွက်မလာချေ။
" ဟဲ့မိမော်...နင့်လင်ကိုမကျိန်ဆဲနဲ့အေ့...ကလေးမွေးရခက်တာက လင်ယောကျာ်းအပေါ် မရိုမသေလုပ်မိတာလည်းပါတယ်အေ့....ဟဲ့...အောင်လှ...တော့အောင်လှရေ ညည်းမိန်းမညည်းအပေါ် အပြစ်လုပ်မိတာရှိရင်လည်း ခွင့်လွတ်လိုက်အေ....ဒီမှာသူမွေးရအရမ်းခက်နေတယ်...."
အရပ်လက်သည်၏စကားကြောင့် အောင်လှသည် မိမိအပေါ်ဇနီးသည်လုပ်မိသောအပြစ်များကိုပြန်လည်စဉ်းစားနေ၏။ သို့သော် ဘာတစ်ခုမှမမှတ်မိတော့ချေ။
" ဟဲ့ရေ...ဘာလုပ်နေတာလဲကျုပ်ပြောတာကြားရဲ့လားအေ့..."
" ဪ...ကြား....ကြားပါတယ်အရီးရေ...ကျုပ်...ကျုပ်စဉ်းစားနေတာဗျ..."
" ဪ...နင်ကလည်းတမှောင့်...စဉ်းစားမနေနဲ့အေ့...ဒီကပျော်နေတာမဟုတ်ဘူး...အပြစ်ရှိရှိမရှိရှိအားလုံးကို ခွင့်လွှတ်တယ်လို့ပြောလိုက်....တကတဲတော်..."
အရပ်လက်သည်ကြီးက အားမလိုအားမရပြန်ပြောလိုက်၏။ ထိုအခါမှကိုအောင်လှက
" ဟို...ဟိုလေ...မိန်းမရေ....မင်းငါ့အပေါ်အပြစ်လုပ်ထားတာရှိခဲ့ရင်လည်း အားလုံးကိုငါအပြစ်မယူဘဲ ခွင့်လွတ်တယ်ကွာနော်....မြန်မြန်အားစိုက်ပြီးမွေးလိုက်တော့...."
ကိုအောင်လှကဇနီးဖြစ်သူကြားအောင် အော်ပြောလိုက်၏။ သူတို့၏အိမ်သည်လည်း ရွာထဲကမဟုတ်။ ရွာနဲ့အတော်အလှမ်းဝေးသည့်နေရာတွင်ဖြစ်နေသဖြင့် မည်သူ့ကိုအားကိုးရမှန်းမသိဖြစ်နေ၏။ အိမ်အပြင်ဘက်တွင် ခေါက်တုန့်ခေါက်ပြန့်လျှောက်ရင်း ဇနီးဖြစ်သူအတွက်စိတ်ပူနေလေ၏။
" ထွက်တော့မယ်...ထွက်တော့မယ်မိမော်...ညည်းနဲနဲအားစိုက်လိုက်ပါဦးအေ..."
" အား......."
လက်သည်ကြီး၏စကားကြောင့် မိမော်လည်း ရှိသမျှအားစိုက်ကာအသံနက်ကြီးအော်ပြီး မွေးလိုက်၏။
" ဟင်...."
လက်သည်ကြီးသည်ကလေးအား ကြောကိုပွတ်သပ်ပေး၏။ ခြေထောက်သေးသေးလေးနှစ်ချောင်းကိုကိုင်ပြီးရမ်းခါ၏။ သို့သော်ကလေးမှာ အသက်မရှင်ခဲ့ချေ။
" အရီး....ကျုပ်....ကျုပ်ဘာလေးမွေးလဲဟင်...."
မိမော်ကအသံသဲ့သဲ့ဖြင့်မေးရှာ၏။
အရပ်လက်သည်၏ လက်ထဲမှနီတာရဲလေးကား လူ့လောကနှင့်အဆက်အသွယ်ပြတ်နေချေပြီ။
" မိမော်...သမီး....ညည်းစိတ်အားတင်းထားနော်....ညည်းယောကျာ်းလေးမွေးပေမဲ့ ကြာသွားလို့မွှန်းပြီး သေသွားပြီတော့...."
" ရှင့်!....."
လက်သည်ကြီး၏စကားကြောင့် မိမော်သည် အသက်ရှူရပ်လုမတတ်ဖြစ်သွားပြီး ပါးပြင်ပေါ်သို့မျက်ရည်စများစီးကျလာ၏။
" အရီး...အရီး...ကျုပ်မိန်းမမွေးပြီလားဗျ...ဘာလေးမွေးတာလဲဟင်..."
ကိုအောင်လှက မေးလည်းမေး အထဲသို့လည်းတစ်ခါတည်းဝင်လာခဲ့၏။
အရပ်လက်သည်ကြီးက အောင်လှအား လေးတွဲ့စွာခေါင်းခါယမ်းပြ၏။
" ဟင်....ကျုပ်...ကျုပ်ကလေး...အဖတ်မတင်ဘူးလားအရီး...."
" ဟုတ္တယ်သား...ကလေးကမွေးရခက်လို့ မွှန်းတာတစ်ကြောင်း၊ပြောင်းပြန်မွေးလာတာတစ်ကြောင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတာ...."
" မိန်းမရယ်...ကျုပ်...ကျုပ်တို့သားလေး...."
ကိုအောင်လှက ဇနီးဖြစ်သူအားရင်ခွင်၌ပွေ့ချီပြီး ငိုကြွေးနေ၏။ လင်မယားနှစ်ယောက်လုံးသားငယ်လေးကို နှမြောတသဖြစ်နေကြ၏။
" ငိုနေလို့မပြီးဘူးသားတို့...ဒီကလေးအလောင်းကိုညချင်းတွင်းသွားမြုပ်ပစ်ရဦးမယ်....အဲဒါညည်းတစ်ယောက်ထဲဒီအချိန်သုသာန်ကိုသွားရဲသလား...."
" သြားရဲပါတယ္ဗ်ာ....ကျုပ်သားကိုကျုပ်ကိုယ်တိုင်ကောင်းမွန်စွာမြုပ်နှံပေးမယ်...အရီးကျုပ်မိန်းမအနားစောင့်နေပေးဦးဗျာ...."
သားကိုဆုံးရှူံးလိုက်ရသည့်စိတ်ကြောင့် ကိုအောင်လှကြောက်စိတ်တို့တဒင်္ဂကုန်ဆုံးသွား၏။ သားငယ်၏အလောင်းနှင့်အချင်းတို့ကို ပုဆိုးတစ်ထည်ဖြင့်သေချာထုပ်ပိုးကာ အောက်ထပ်မှပေါက်တူးတစ်လက်ယူပြီး ရွာပြင်သုသာန်ဘက်သို့ဦးတည်လိုက်၏။
ည၏တိတ်ဆိတ်လှသောအချိန်သည်ကား ခြောက်ချားဖွယ်ကောင်းနေ၏။ ကောင်းကင်ပေါ်မှပျောက်တိပျောက်ကျားရှိနေသောကြယ်ကလေးမှအပလမင်းကြီးကားမရှိ။ ကိုအောင်လှလည်းတစ်ဖက်ကကလေးအနှီးထုပ်ကိုကိုင်ပြီး ကျန်တစ်ဖက်ကပေါက်တူးကိုကိုင်ကာ မီးအိမ်အားပေါက်တူးအရိုးမှချိတ်၍ဆွဲလာ၏။
" အူး....ဝူး....ဝူး....."
" အူး...ဝူး...ဝူး...."
သုဿာန်သို့နီးလာသည်နှင့် ဆွဲဆွဲငင်ငင်အူနေသောခွေးတို့၏အသံကိုအတိုင်းသားကြားနေရ၏။ သုဿာန်သည်ကား သစ်ပင်ကြီးငယ်တို့အစီအရီပေါက်ပြီး ပို၍မဲမှောင်နေသယောင်။ သုဿာန်နံဘေးရှိဇရပ်ကြီးသည်ကား အမှောင်အောက်မှ နားရွက်ခြုံကာအိပ်နေသောသဘက်ကြီးအလား ထီးထီးကြီးရှိနေ၏။ အောင်လှကဇရပ်ကိုဖြတ်ကျော်လိုက်ပြီး သုဿာန်မြေထဲသို့ဝင်လိုက်၏။ မြေပုံမို့မို့တို့သည်ကား ဟိုတစ်စုသည်တစ်စု။ ရွာသုဿာန်ဖြစ်၍ အလောင်းကိုဂူမသွင်းကြ။
" ဂီး...ဂီး...ဂီး..."
" ဖလပ်....ဖလပ်....ဖလပ်....."
ကိုအောင်လှ သုဿာန်ထဲသို့ဝင်လာသည်နှင့် ငှက်ဆိုးတစ်ကောင်က သစ်ကိုင်းခြောက်ပေါ်မှထပြန်၏။ မြေပုံမို့မို့များကိုကျော်ခွသွားပြီးနောက် သစ်ပင်ကြီးတစ်ပင်၏ခြေရင်းတွင် အနှီးထုပ်ကလေးကိုချကာ မြေတွင်းသေးသေးလေးကိုတူးဖော်လိုက်၏။ လွန်ခဲ့သော နှစ်များကမြေပုံဟောင်းနေရာဖြစ်၍ထင် တူးဖော်ရသည်မှာသိပ်မခက်လှ။ ကိုအောင်လှတစ်ယောက် မြေတွင်းကိုအသေအချာတူးနေ၏။
" တက်....."
ထိုစဉ် တစ်စုံတစ်ခုကိုပေါက်ပြားနှင့်ပေါက်မိရာ တသံမြည်သွား၏။
" ဘာတုံးဟ...လူခေါင်းရိုးများပေါက်မိတာလား...."
ကိုအောင်လှကထိုသို့တွေးပြီး သစ်ကိုင်းတွင်ချိတ်ထားသောမီးအိမ်ကိုလှမ်းယူပြီး ထိုအရာအားကြည့်လိုက်၏။ ထိုအချိန်မီးရောင်မှိန်မှိန်ကလေးအောက်မှ ဝင်းဝါသွားသောအရာတစ်ခု။
" ဟင်....ဘာလေးပါလိမ့်...."
ကိုအောင်လှကထိုအရာအား ငုံ့ပြီးကောက်ကြည့်လိုက်ရာ ရွှေလက်စွပ်တစ်ကွင်းဖြစ်နေ၏။ ရှေးခေတ်ရွှေစင်သားစစ်စစ်ဖြင့်ပြုလုပ်ထားသောကြောင့် ရွှေသားသည်မီးရောင်အောက်၌ဝင်းအိနေ၏။
" ရွှေအစစ်လား...ဝင်းဝါနေတာဘဲ...အလေးချိန်လည်းအရမ်းစီးတယ်....တကျပ်သားလောက်ရှိလောက်မယ်...."
ကိုအောင်လှကလက်စွပ်အားချိန်ဆကြည့်ကာ တစ်ယောက်ထဲပြောနေ၏။ ထိုလက်စွပ်ကိုကြည့်ပြီး လိုချင်တပ်မက်စိတ်များဖြစ်ပေါ်နေသဖြင့် လက်စွပ်အားအိပ်ကပ်ထဲသို့ထည့်လိုက်ပြီး သစ်ပင်အောက်မှချထားသော သားငယ်အလောင်းကိုယူကာမြေမြုပ်လိုက်၏။ အားလုံးပြီးစီးသွားမှ မိမိ၏နေအိမ်သို့ပြန်လာခဲ့၏။ အိမ်ပြန်ရောက်သော်ခြေလက်သန့်စင်ပြီး လက်သည်ကြီးအား ငွေအချို့ဖြင့်ကန်တော့ကာပြန်လွတ်လိုက်၏။
လက်သည်ပြန်ပြီးသွားသည်နှင့် ကိုအောင်လှသည်အိပ်ပျော်နေသောဇနီးသည်ကိုနိူးလိုက်၏။
" မိန်းမ....မိန်းမ...ထဦး...."
" အင်း....အဲ....ကို...ကိုအောင်လှရှင်ပြန်လာပြီလား...သားလေးကိုသေချာမြုပ်နှံပေးခဲ့ရဲ့လား...."
" သေချာမြုပ်နှံပေးခဲ့ပါတယ်မိန်းမရယ်...မိန်းမကိုပြစရာရှိတယ်....ဒီမှာကြည့်...."
ကိုအောင်လှသည် အိပ်ကပ်ထဲမှလက်စွပ်လေးကိုထုတ်ပြီးဇနီးသည်အားပြ၏။
" ဘာတုံးတော့...ကျုပ်သေချာမမြင်ရဘူး..."
" ဟောဒီလိုဆိုရင်ရောမြင်ရပြီလား...."
ကိုအောင်လှကမီးအိမ်ကိုမြှောက်ပြီး လက်စွပ်ကိုမြင်သာအောင်ပြလိုက်၏။
" ဟော့တော့လက်စွပ်လေးတစ်ကွင်းပါလားအစ်ကိုရ...တော်ဘယ်ကနေယူလာတာတုန်း...."
" သားလေးကိုသွားပို့ရင်းတွေ့ခဲ့တာမိန်းမရ..."
" အေးပါအေ...ဒီလက်စွပ်ကရွှေမကလို့ဘာကြီးဘဲဖြစ်နေဖြစ်နေ ကျုပ်တို့သားလေးကိုအသက်ရှင်အောင်ပြန်မလုပ်ပေးနိူင်ပါဘူးရှင့်...."
မမော်ကထိုသို့ပြောပြီးကလေးကိုသတိရစိတ်ဖြင့်ငိုပြန်၏။ ရွှေလက်စွပ်ကလေးပြလိုက်လျှင်ဇနီးသည် ပျော်သွားမည်ဟုတွေးထားသော ကိုအောင်လှမှာဇနီးသည်ကိုချော့သိပ်နေရ၏။ သို့ကြောင့် လက်စွပ်ကိုသေတ္တာထဲသို့ထည့်သိမ်းလိုက်၏။ ထိုသို့ထည့်ပြီးနောက်ပိုင်း တစ်ခါမျှပင်ထုတ်မကြည့်ခဲ့မိချေ။
တစ်ခုသောညနေ၌ကိုအောင်လှတို့ဇနီးမောင်နှံနှစ်ယောက်ယာတောထဲမှပြန်လာကြ၏။ အိမ်ရောက်သော်အမောဖြေရင်း သားလေးကိုသတိရလာ၏။
" အစ္ကို...သားလေးသာရှိရင်ခုလောက်ဆို ၅လထဲရောက်နေပြီနော်...ဝဝကစ်ကစ်လေးနဲ့အရမ်းချစ်ဖို့ကောင်းမှာ...."
" ဪမိန်းမရယ်...ငါလည်းသားလေးကိုချစ်ပါတယ်ကွာ....ဒါပေမဲ့သားလေးကလူ့လောကထဲကထွက်ခွာသွားခဲ့ပြီလေ...မပြန်လာနိူင်တော့မှန်းသိရက်နဲ့ ဘာကြောင့်စိတ်ဒုက္ခခံနေရတာလဲကွာ...ငါတို့ကအရွယ်ရှိနေပါသေးတယ်...နောက်ထပ်ကလေးယူလို့ရနေပါသေးတယ်ဟာ...."
" အင်းပါအစ်ကိုရယ်...သားလေးကိုသတိရမိလို့ပါတော်...ဪဒါနဲ့အစ်ကိုအဲဒီညက ယူလာတဲ့လက်စွပ်ကရောဘယ်ရောက်သွားတာလဲ..."
မမော်၏အမေးကြောင့်ကိုအောင်လှလည်း ထိုညကယူလာသောလက်စွပ်ကိုသတိရသွားပြီး
" ဟုတ်သားဘဲငါမေ့နေတာ...သေတ္တာထဲမှာထည့်သိမ်းထားတယ် ငါသွားယူလိုက်မယ်....."
ဆိုပြီး အိမ်ထဲဝင်သွားကာ သေတ္တာထဲထည့်သိမ်းထားသောလက်စွပ်ကိုထုတ်ယူလာ၏။ လင်မယားနှစ်ယောက် ထိုလက်စွပ်ကိုသေချာကြည့်ပြီး
" အစ္ကိုလကြ္စပ္က တစ်ခုခုထူးခြားနေသလိုဘဲနော်...အဲဒီညကမှောင်မည်းနေလို့သေချာမမြင်မိဘူး...လက်စွပ်ရဲ့အထဲဖက်မှာ စာလုံးတွေထွင်းထားတာအနုစိပ်ကျလိုက်တာ...ပြီးတော့ဒီလက်စွပ်မှာထည့်ထားတဲ့ကျောက်ကလည်းအဖြူရောင်လေးနဲ့အရမ်းလှတာဘဲ...."
ဇနီးသည်ပြောမှကိုအောင်လှလည်း လက်စွပ်ကိုသေချာကြည့်မိ၏။
" ဟုတ်တယ်နော် လက်စွပ်ကွင်းရဲ့အထဲဖက်မှာ စာလုံးသေးသေးလေးတွေရေးထွင်းထားတယ်....ပြီးတော့ လက်စွပ်မှာပါတဲ့ကျောင်အမျိုးအစားက စိန်ထင်တယ်ကွ..."
" ရှင်ဘယ်လိုသိတာလဲ..."
" ကျုပ်လည်းကြားဖူးသလောက်ခန့်မှန်းမိတာပါ....ဒီရွှေလက်စွပ်ရဲ့ကာလပေါက်စျေးကနည်းမှာမဟုတ်ဘူး...ဒီလက်စွပ်ထဲမှာမြုပ်ထားတဲ့စိန်ပွင့်နဲ့တင် ငွေအတော်ရလောက်တယ်ကွ...မနက်ကျရင်ငါမြို့တက်ပြီး ရွှေဆိုင်တွေမှာသွားပြကြည့်မယ်...စျေးတည့်ရင်ရောင်းခဲ့ပြီး ကောင်းရောင်းကောင်းဝယ်လုပ်ရအောင်....မကောင်းဘူးလားမိန်းမ...."
ကိုအောင်လှက လက်စွပ်ကိုသွားရောင်းမည်ဟုအသံကြားလိုက်သည်နှင့် မမော်သည်စိတ်ထဲဘယ်လိုဖြစ်သွားမှန်းမသိတော့ဘဲ ထိုလက်စွပ်အားရယူပိုင်ဆိုင်ချင်လာ၏။
ပုံမှန်ဆိုလျှင်ထိုလက်စွပ်အား ကာလပေါက်စျေးဖြင့် ရောင်းပြီး လင်မယားနှစ်ယောက် ကောင်းရောင်းကောင်းဝယ်လုပ်ကာအေးအေးချမ်းချမ်းနေသွားမည်ဟုအတွေးရှိပြီးသား။ သို့သော် ယခုကားသူ့စိတ်သည် လက်စွပ်ရောင်းမည့်ယောကျာ်းဖြစ်သူအား စိတ်တိုချင်သလိုလိုဖြစ်နေ၏။
" မှန်းပေးစမ်းလက်စွပ်...ငါစွပ်ကြည့်မယ်...."
မမော်ကထိုသို့ဆိုကာ ယောကျာ်းဖြစ်သူ၏လက်ပေါ်မှလက်စွပ်ကိုလုယူပြီး လက်သန်းကြွယ်၌စွပ်ချလိုက်၏။
" ကြည့်စမ်း ငါ့လက်နဲ့အတော်ဘဲ လွလိုက္တာ စိန်ပွင့်ကြီးကလည်းအရောင်တဖျတ်ဖျတ်နဲ့...."
မမော်ကလက်ကိုအပေါ်မြှောက်ပြီး ဝမ်းသာစွာဆိုနေ၏။
" အေးပါမိန်းမရာ....မင်းလက်နဲ့တော်ပါတယ်...လှလည်းလှတယ်...ဒါပေမဲ့အဲဒီလက်စွပ်ကိုရောင်းပြီး အဲဒီထက်လှတဲ့ဟာဝယ်ပေးမယ်လေ...လက်စွပ်ရောင်းပြီးရင်တော့ရွှေတစ်ဆင်စာလုံးတောင်မင်းအတွက်ဝယ်ပေးနိူင်ပြီ....ပေးပေးငါသိမ်းထားမယ်မနက်ကျမြို့တက်ပြီးသွားရောင်းကြမယ်..."
" မပေးဘူးဒီလက်စွပ်ကိုဘဲငါယူမှာတခြားဘယ်ဟာမှမလိုချင်ဘူး...."
" မိန်းမရယ်...ကလေးကျနေတာဘဲပေးပါကွာ...ငါတို့သန့်ရှင်းရေးလေးလုပ်ထားရအောင် ရောင်းတဲ့အချိန်သူများပိုပြီးလိုချင်သွားအောင်ပေါ့...."
" မပေးဘူးဆိုနေတာကိုဘယ်လိုဖြစ်နေတာလဲ...ဒီလက်စွပ်ကကျွန်မအပိုင်ဘယ်သူမှယူလို့မရဘူး...ဟီးဟီးဟီး.... "
မမော်ကထိုသို့ပြောပြီး အိမ်ထဲဝင်ကာလက်စွပ်ကိုအားရဝမ်းသာစွာကြည့်နေ၏။
ကိုအောင်လှကားဇနီးသည်၏စိတ်ကိုနားမလည်နိုင်တော့ချေ။
ညသန်းခေါင်ယံအချိန်၌ မမော်သည်အိပ်ယာမှနိုးလာခဲ့၏။ နံဘေးတွင်အိပ်နေသောယောကျာ်းဖြစ်သူမှာ ဟောက်သံပင်ထွက်နေ၏။ မမော်မှာဘာကြောင့်ရယ်မသိဝမ်းနည်းသလိုလိုဖြစ်နေ၏။ လက်စွပ်ဝတ်ထားသောလက်ချောင်းမှာ ယားယံသလိုလိုဖြစ်လာသဖြင့် ချွတ်ပစ်ရန်လုပ်၏။ သို့သော်ချွတ်၍မရနိူင်ဘဲဖြစ်နေ၏။
" ယောကျာ်း...ယောကျာ်း..."
ကြက်သီးတဖြန်းဖြန်းထလာသဖြင့် ယောကျာ်းဖြစ်သူကိုနိူးသော်လည်းလည်ပင်းထဲမှာပင်အသံကပျောက်သွား၏။ ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုသည် သူမ၏မြင်ကွင်းထဲသို့ရောက်လာခဲ့၏။
" အား....."
အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် သွေးပျက်ချောက်ခြားပြီး အသက်ထွက်သွားလေ၏။ မိန်းမဖြစ်သူ၏အော်သံကြောင့် ကိုအောင်လှလည်း နိူးလာခဲ့ပြီး မီးအိမ်ကိုမီးညှိလိုက်ရာ သူ့နံဘေးတွင်မျက်လုံးအပြူးသားနဲ့သေနေသောမိန်းမဖြစ်သူကိုတွေ့လိုက်ရ၏။
" မိန်းမ...မိန်းမ...ဘာဖြစ်တာလဲမိန်းမ...."
" ဒက်....ဒက်...ဒက်...."
ထိုစဉ်မိမော်၏လက်ထဲမှလက်စွပ်သည် ကြမ်းပေါ်သို့ကျသွားပြီး လှိမ့်သွား၏။ ကိုအောင်လှမှာမိမော်ကိုနိူးသော်လည်း ပြန်နိူးမလာတော့ချေ။
" နင်ငါ့ကိုခေါ်လာတယ်....ငါတစ်ရွာလုံးကိုသတ်ရမယ်...ဟီးဟီးဟီး...."
ထိုအသံကားလက်စွပ်ဆီမှပေါ်လာခြင်းဖြစ်၏။
" ဟင်....ဘယ်သူလဲ..."
ကိုအောင်လှကမီးအိမ်ကိုကိုင်မြောက်ပြီး အသံရှင်ကိုလိုက်ရှာနေ၏။ သို့သော်လူနှင့်တူသည်ဟူ၍အသက်မဲ့နေသောသူ့မိန်းမနှင့်သူသာရှိ၏။
" လက်စွပ်လေး ဘယ်ရောက်သွားတာလဲ....သူခိုးတွေဝင်ပြီးငါ့မိန်းမဆီကလက်စွပ်ဝင်ယူသွားတာများလား...သူခိုးတွေကိုခုခံရင်း ငါ့မိန်းမသေသွားတာများလား....ဒါဆိုငါကရောဘာလို့မသိရတာလဲ...."
ကိုအောင်လှတစ်ယောက်အတွေးများဖြင့် စိတ်ရှုပ်ထွေးလာ၏။ ထိုစဉ်မီးအိမ်၏အလင်းရောင်အောက်မှလက်စွပ်သည်လက်ခနဲဖြစ်သွားသည်ကို ကိုအောင်လှမြင်လိုက်၏။
" ဟင်...လက်စွပ်လေးပါလား....မိန်းမစွပ်ထားတဲ့လက်စွပ်ကဘာလို့ဒီရောက်နေရတာလဲ..."
ထိုသို့တွေးပြီးလက်စွပ်ကိုကောက်ယူကာ မီးအိမ်၏အလင်းရောင်ကိုအားပြုပြီး လက်စွပ်ကိုစိုက်ကြည့်နေ၏။
" လှလိုက်တဲ့လက်စွပ်လေး...ကြည့်စမ်းဘယ်ပန်းထိမ်ဆရာက ဒီလောက်လှတဲ့လက်စွပ်လေးကို လုပ်ခဲ့တာလဲ..."
ဟုပြောပြီး လက်စွပ်အားမိမိ၏လက်ချောင်း၌စွပ်ချလိုက်၏။
" ဟီး...ဟီး...ဟီး.....ငါနဲ့လိုက်ခဲ့ရမယ်...ဟီးဟီးဟီး...."
အက်ကွဲစူးရှနေသောအသံကအမှောင်ထုထဲမှပေါ်ထွက်လာခဲ့၏။
" ဟင်...ဘယ်သူလဲ...ထွက်ခဲ့စမ်း..."
ကိုအောင်လှကထိုသို့ပြောလိုက်လျှင် အမှောင်ထုထဲမှအလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောနာနာဘာဝတစ်ကောင်သည် မီးရောင်မှိန်မှိန်လေး၏ အလင်းရောင်အောက်မှပေါ်ထွက်လာခဲ့၏။
" အမလေး...ဘာကွီးလဲ...."
" နင်ဘဲငါ့ကိုခေါ်လာခဲ့တာလေ...ဟီးဟီးဟီး....ငါနင့်ကိုသတ်မယ်....သတ်မယ်..."
ဆိုပြီး နာနာဘာဝက လက်အရှည်ကြီးဆန့်ထုတ်ပြီး ကိုအောင်လှ၏လည်ပင်းကိုညှစ်လိုက်၏။
" အား...အစ်....အစ်...."
အော်သံပင်မထွက်နိူင်တော့ဘဲ ဆန့်တငင်ငင်ဖြစ်ပြီးမျက်ဖြူဆိုက်ကာ အသက်ထွက်သွားတော့၏။
" ဟင်းဟင်း...ငါ့ပစ္စည်းကိုဘယ်သူမှမယူရဘူး ဒါငါ့အပိုင်...."
ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးကြီးကထိုသို့ပြောပြီး ထိုအိမ်ထဲမှထွက်သွားတော့၏။ လက်စွပ်မှာလည်း ထိုအိမ်ထဲမှပျောက်ချင်းမလှပျောက်သွားတော့သည်။
သာယာသောနေ့တစ်နေ့၌ထွန်းမောင်သည် ယာခုတ်ဓားတစ်လက်ဖြင့် ယာတောထဲသို့ရောက်လာ၏။ သူလည်းအေးမြချမ်းသာရွာသားတစ်ဦးဖြစ်ပြီး သူ့အကွက်သည် ရွာပြင်ရှိကိုအောင်လှတို့၏တဲနဲ့နီး၏။ ထွန်းမောင်သည်ယာထဲသို့လာတိုင်း ထမင်းကို ကိုအောင်လှတို့အိမ်၌စားနေကျဖြစ်သည်။ ယာတောထဲရှိအလုပ်များလုပ်ကိုင်ပြီးနေ့လယ်စာထမင်းစားနားချိန်၌ ကိုအောင်လှ၏တဲသို့လာခဲ့၏။ အမြဲတမ်းလူရှိနေသောတဲမှာတံခါးပိတ်လျက်သားရှိနေ၏။
" ဒီကောင်ကြီး အလုပ်အတော်ကြိုးစားတာဘဲ...ခုထိလင်မယားနှစ်ယောက်လုံးပြန်မလာကြသေးဘူးထင်..."
ထွန်းမောင်ကထိုသို့ပြောပြီး တဲပေါ်ရှိရေအိုးမှရေကိုအဆာပြေခပ်သောက်လိုက်၏။
" ဒီကောင့်အိမ်မှာ ဘာသားကောင်တွေသေနေတာလဲ နံလိုက္တာ...ထွီး...."
အော်ဂလီဆန်စရာကောင်းလှသော ပုပ်အဲ့အဲ့အနံ့ကြောင့် ထွန်းမောင်တစ်ယောက်မျက်နှာကိုရှုံ့မဲ့လိုက်၏။
" ဒီကောင်ကြီး အပြင်ဘက်သော့လည်းမချိတ်သွားပါလား...."
စေ့ရုံပိတ်ထားသောတံခါးကိုကြည့်ပြီး ထွန်းမောင်စိတ်ထဲဘဝင်မကျသလိုဖြစ်မိ၏။
သို့ကြောင့် တဲအိမ်တံခါးကိုတွန်းဖွင့်ကြည့်လိုက်၏။ သူ့အထင်မှာ အောင်လှတို့လင်မယား ထိုတဲမှပြောင်းသွားကြပြီလားဟူ၍ပင်။ သို့သော်တံခါးမှာအထဲမှ ဂျက်ထိုးထားသဖြင့် ဖွင့်မရ။
" တခါးကအထဲဖက္ကေန ဂ်က္ထိုးထားတာပါလား....အောင်လှ....အောင်လှ....မင်းငါလာမှာစိုးလို့ အထဲကနေဂျက်ထိုးထားတာလားကွဟမ်...ဘာလဲမင်းတို့လင်မယား.ဆော့နေကြတာလား...ဟဲဟဲ...."
ထွန်းမောင်ကပြုံးစိစိဖြင့်စကားဆိုလေ၏။
" အော့... ဝေါ့...ထွီး...နံတာကြာ...ဒီလင်မယားဘာတွေလုပ်ထားကြတာပါလိမ့်..."
ပုပ်အဲ့သောအနံ့ကတဲအတွင်းမှထွက်လာသဖြင့် ထွန်းမောင်အော့အန်မိ၏။
" မဟုတ်မှလွဲရော... ဒီကောင်မယားနှစ်ယောက် ရန်ဖြစ်ပြီး...ဘုရားဘုရား...."
ထွန်းမောင်ကတမျိုးအတွေးပေါက်သွားပြီးတံခါးကိုအားကုန်တွန်းဖွင့်လိုက်၏။ အပုပ်နံ့ကား ပို၍ထြက္လာ၏။ ထွန်းမောင်လည်း နှာခေါင်းကိုလက်ဖြင့်အုပ်လိုက်ပြီးအထဲသို့ဝင်သွား၏။
" ဟင်....အလိုလေး...."
အိမ်ထဲရှိမြင်ကွင်းကြောင့် ထွန်းမောင်တစ်ယောက် သွေးပျက်သွားသည်။ အကြောင်းမှာအောင်လှတို့လင်မယားသည် သေနေပြီးအလောင်းမှာ ပုပ်ပွရိရွဲကာအနံ့များပင်ထွက်နေပြီဖြစ်သောကြောင့်တည်း။ ထိုမြင်ကွင်းကြောင့် ထွန်းမောင်လည်း အိမ်ထဲမှတချိုးတည်းထွက်ပြေးလာပြီး ရွာထဲသို့အားကုန်ပြေးလာလိုက်၏။
သူကြီးဦးမြမောင်တို့လင်မယားသည် အိမ်ရှေ့ကွပ်ပျစ်၌ထိုင်ပြီး သူကြီးကသတင်းစာအဟောင်းတစ်စောင်ကိုဖတ်ရှုနေ၏။ သူကြီးကတော်ကား စကောထဲရှိ ဆန်လုံးအညံ့များကိုရွေးထုတ်နေ၏။
ထိုစဉ်လှမောင်သည် ပုဆိုးပင်မပါတော့ဘဲ ကမူးရူးထိုးဖြင့် သူကြီး၏အိမ်ဝန်းထဲသို့ပြေးလာ၏။
" သူ....သူ....သူကြီး....ဟောဟဲ... ဟောဟဲ...."
" ဟော...ထွန်းမောင်....အမောတကောနဲ့မင်းဘာဖြစ်လာတုန်းအေ...."
" အ...အရီး...ကျုပ်....ကျုပ်ကို....ရေ....ရေတစ်ခွက်အရင်တိုက်ပါဦး....ဟောဟဲ...ဟောဟဲ...."
" အေးအေး...."
သူကြီးကတော်ကရေအိုးစင်မှရေတစ်ခွက်ခပ်ပြီး ကမ်းပေးလိုက်၏။ သူကြီးလည်းသတင်းစာ စာရွက်ကိုလက်ကချလိုက်ပြီး
" ထွန်းမောင်...မင့်ကြည့်ရတာလဲ အေနာက္ကေခြးလိုက္ကိုက်သလိုပါဘဲလား...ကဲပြောဘာဖြစ်လာတာလဲ... "
" အောင်....အောင်လှတို့လင်မယား..."
" အောင်လှတို့လင်မယားဘာဖြစ်လို့တုံးအေ့...."
သူကြီးကတော်ကစိတ်မရှည်စွာပြန်မေးလိုက်၏။
" အောင်လှတို့လင်မယား သေကုန်ပြီအရီးရဲ့...."
" ဟေ...."
" ဘယ်လိုဘယ်လို...."
ထွန်းမောင်၏စကားကြောင့် သူကြီးလင်မယားမျက်လုံးပြူးသွား၏။
" မင်းကိုဘယ်သူပြောတာလဲထွန်းမောင်...."
" ကျုပ်ကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်လာတာသူကြီး....အောင်လှတို့လင်မယားနှစ်ယောက်လုံးသေပြီး အလောင်းတွေတောင်ပုပ်ပွရိရွဲကုန်ပြီ...."
" ဟေ...မင်းပြောတာသေချာလားထွန်းမောင်...."
" ကျုပ်တကယ်ပြောတာသူကြီး...ကျုပ်ထမင်းစားနားချိန် သူတို့တဲမှာသွားစားဖို့သွားတာ လူမရှိတာနဲ့ကျုပ်လည်း သူတို့အထဲမှာရှိနေမလားဆိုပြီး တဲတံခါးကိုဖွင့်ကြည့်တာ မရတာနဲ့တံခါးဖျက်ပြီးဝင်ခဲ့တာ....အောင်လှတို့လင်မယားနှစ်ယောက်လုံး ကြမ်းပေါ်မှာသေနေတာကိုတွေ့ခဲ့တာဘဲ...."
" ဒါဆိုကျန့်ကြာလို့မဖြစ်ဘူး မင်းကရွာသားတွေကိုအကြောင်းကြားလိုက်...ငါမြို့ဂတ်ကိုသတင်းပါးလိုက်မယ်...."
" ဟုတ်သူကြီး...."
ထွန်းမောင်လည်းသူကြီးပြောသည့်အတိုင်းလူစုပြီး အောင်လှ၏တဲအိမ်ရှိရာရွာပြင်သို့လာခဲ့လိုက်၏။ သူကြီးလည်းထိုလူစုထဲတွင်ပါလာ၏။ တဲသို့ရောက်သော် ထွန်းမောင်ပြောသည့်အတိုင်းပင် တဲကြမ်းခင်းပေါ်၌ ပုပ်ပွရိရွဲနေသောအောင်လှတို့လင်မယားကိုတွေ့လိုက်ကြရသည်။
" ဘယ်လိုဖြစ်ကြတာလဲ...ထွန်းမောင်ပြောသလိုတဲအထဲက တံခါးဂျက်ထိုးထားတာဆိုတော့အပြင်လူသတ်တာမဖြစ်နိူင်ဘူး...လင်မယားချင်းရန်ဖြစ်ပြီး လက်လွန်သွားကြတာများလား...."
သူကြီးကသူ၏ထင်မြင်ချက်ကိုပြော၏။
" ဟာသူကြီးကလည်း သူတို့လင်မယားကရန်ဖြစ်ရင်တောင်ဒီလောက်ထိဖြစ်လိမ့်မယ်မထင်ဘူးနော်....ဘာလို့ဆို ကိုအောင်လှ တို့လင်မယားကမိဘတွေသဘောမတူတဲ့ကြားကခိုးပြေးကြပြီး ဟောဒီရွာပြင်မှာသီးခြားလာနေကြတာလေ...."
ဟုရွာသားတစ်ယောက်ကဆိုလေရာ သူကြီးက
" အေး...နင်တို့ပြောတာလည်းဖြစ်နိုင်တာဘဲ...ငါလည်းမစဉ်းစားတတ်တော့ဘူး ဂတ်ကလူတွေလာမှသူတို့ဆုံးဖြတ်လိုက်မယ်...ခုလောလောဆယ်ကာလသားတွေ ဒီမှာဘဲဂတ်ကလူတွေမလာမချင်းစောင့်နေကြဦး...."
ညနေ၄နာရီခန့်၌ဂတ်မှတာဝန်ရှိသူများရောက်ရှိလာပြီး သေမှုသေခင်းများကိုစစ်ဆေးပြီး လုပ်ကြံခံထားရသည့်သဲလွန်စတစ်ခုမှမတွေ့သဖြင့် လင်မယားအချင်းချင်းရန်ဖြစ်ကာ လက်လွန်သွားကြသည်ဟုသာမှတ်ချက်ချပြီး အမှုပိတ်လိုက်၏။
တစ်ခုသောညနေခင်း၌ သူကြီးသမီးမဝင်းအေးသည်ရေအိုးတစ်လုံးပွေ့ပြီး ရွာလယ်ရှိရေတွင်း၌ ရေခပ်ဆင်းလာ၏။ မအေးဝင်းကားအသက်၁၇နှစ်သာရှိသေးသည်။ ရေတွင်းထဲရေငင်ပြီး ရေအိုးရွက်ရန်ပြင်လိုက်စဉ်ရေတွင်း၏ ရေကပြင်မှ တဝင်းဝင်းဖြစ်နေသောအရာကိုတွေ့လိုက်ရသဖြင့် ရေအိုးကိုတွင်းနူတ်ခမ်းပေါ်တင်ထားပြီး ထိုအရာအားကောက်လိုက်၏။
" ဟင်...လက်စွပ်လေးတစ်ကွင်းပါလား...ဘယ်သူ့ဟာပါလိမ့်.... "
မဝင်းအေးကလက်စွပ်ကိုကောက်ပြီး သွားဖြင့်ကိုက်ကြည့်၏။
" ရွှေအစစ်ထင်တယ်...အရောင်လေးဝင်းနေတာဘဲ...လက်စွပ်ထဲထည့်ထားတဲ့ကျောက်ကလည်း လှလိုက်တာအရောင်တဖျတ်ဖျတ်နဲ့... "
ထိုသို့ပြောပြီး ကောင်မလေးက လက်စွပ်အား မိမိ၏လက်ချောင်းသွယ်သွယ်လေး၌စွပ်လိုက်၏။
" ဝိုး....လှလိုက်တာ...."
မဝင်းအေးတစ်ယောက် သူ့လက်ပေါ်မှလက်စွပ်လေးကိုကြည့်ပြီး သဘောအကျကြီးကျနေ၏။ သို့ကြောင့်လက်စွပ်ကိုပြန်မချွတ်တော့ဘဲ လက်၌ဝတ်ထားလိုက်ပြီး ရေအိုးကိုရွက်ကာ အိမ်သို့ပြန်လာခဲ့၏။
မဝင်းအေးသည်လက်စွပ်ကောက်တွေ့လာသည့်အကြောင်းကိုမိဘအားမပြောပြခဲ့ချေ။ လက်စွပ်အားကောက်တွေ့ပြီး အပျော်လွန်နေသဖြင့် ညစာပင်မစားတော့ဘဲ အခန်းထဲဝင်ကာလက်စွပ်ကိုကြည့်ပြီးပျော်နေ၏။
ညသန်းခေါင်ယံအချိန်၌ မဝင်းအေးသည် တခူးခူးဖြင့်အိမ်မောကျနေ၏။ ထိုအချိန် မဝင်းအေး၏လက်ပေါ်မှလက်စွပ်သည် အရောင်ဝင်းသွားပြီး ညည်းသံလိုလိုထွက်ပေါ်လာ၏။
" အင်းဟင်းဟင်း....."
" အေမ...အေမ...နေမကောင်းဘူးလား..."
လူမမာတစ်ယောက်၏ညည်းသံကြောင့် ဝင်းအေးသည်နိူးလာပြီး အမေဖြစ်သူနေမကောင်းဖြစ်နေသည်ထင်သဖြင့် လှမ်းမေးလိုက်၏။ သူမ၏အခန်းနှင့် အမေဖြစ်သူတို့အခန်းမှာကပ်ရက်ဖြစ်နေ၏။
" အင်းဟင်းဟင်း....."
ညည်းသံမှာနောက်တစ်ချက်ထွက်ပေါ်လာပြန်၏။ သို့ကြောင့် မဝင်းအေးမှာခေါင်းရင်းရှိလက်နှိပ်ဓာတ်မီးကိုယူပြီးအခန်းထဲဟိုဟိုသည်သည်ထိုးကြည့်၏။ အရေးထဲဓာတ်မီးမှာ မှိတ်လိုက်ပွင့်လိုက်ဖြစ်နေသဖြင့် အသာပုတ်လိုက်ရသေး၏။ ညည်းသံမှာအခန်းထောင့်ရှိ သူမ၏အဝတ်ဘီရိုနားမှထွက်လာနေသည်ဖြစ်သဖြင့် မအေးဝင်းသည် ဘီရိုနားသို့တဖြည်းဖြည်းတိုးကပ်သွားလိုက်ပြီး ဘီရိုတံခါးကိုအသာဆွဲဖွင့်လိုက်၏။
" အမလေး...အမေ့!...."
အဝတ်ဘီရိုထဲတွင်ဆောင့်ကြောင့်ထိုင်နေသော အလွန်ကြောက်စရာကောင်းလှသည့် နာနာဘာဝတစ်ကောင်ကြောင့် မဝင်းအေးသည် အသံကုန်အော်ဟစ်ပြီး ဖင်ထိုင်ရက်လဲကျသွားတော့၏။ လက်ထဲမှဓာတ်မီးမှာ အခန်းတံခါးပေါက်နားသို့လှိမ့်သွား၏။
တစ်ဖက်ခန်းရှိမိခင်သည် သမီး၏အခန်းမှအော်သံကိုကြားရသောကြောင့်နိူးလာခဲ့၏။
" ကိုမြ...ကိုမြ...ထပါဦး...ရှင့်သမီးဘာဖြစ်တာလဲမသိဘူး... အော်သံကြားလိုက်တယ်...."
" အင်း...အဲ....ဟုတ်လို့လားမိန်းမရာ..."
သူကြီးကတော်ကနိူးလိုက်သောကြောင့်သူကြီးလည်းနိူးလာပြီး ပြန်မေး၏။
" မေးမနေနဲ့ လာထပြီးသွားကြည့်ရအောင်... "
သူကြီးကတော်ကအောက်လင်းမီးအိမ်ကိုယူပြီး သူကြီး၏လက်ကိုဆွဲကာသမီးအခန်းသို့လာခဲ့၏။ မဝင်းအေး၏အခန်းမှာခတ်မထားဘဲ စေ့ရုံသာပိတ်ထားသည်။ သူကြီးကတော်က အခန်းတံခါးကိုညင်သာစွာ တွန်းဖွင့်လိုက်ပြီး
" သမီး...သမီး...ဘာဖြစ်တာလဲ..."
တံခါးအနောက်မှဓာတ်မီးမှာ တံခါးတွန်းဖွင့်လိုက်သောအခါ တခြားတစ်နေရာသို့လှိမ့်သွား၏။
" ဓာတ်မီးလည်း ကြမ်းပြင်မှာလှိမ့်နေလိုပါလား...."
သူကြီးကအခန်းထောင့်ရှိလင်းနေသောဓာတ်မီးကြောင့် ရင်ထဲထိတ်သွား၏။
လင်မယားနှစ်ယောက်အခန်းထဲသို့ဝင်သွားလိုက်ပြီး ကုတင်ပေါ်တွင်သမီးဖြစ်သူကိုရှာလိုက်၏။ သို့သော် မတွေ့။
" သမီးလေး အိပ္မေနပါလား...သမီး....သမီးရေ...."
အခန်းထဲတွင်မှောင်မဲနေသဖြင့်ဘာမျှမမြင်ရ။ အောက်လင်းမီးအိမ်၏အလင်းရောင်ကိုအားပြုပြီး သမီးဖြစ်သူကို အခန်းထဲ၌ရှာကြည့်ရာ အဝတ်ဘီရိုရှေ့ရှိကြမ်းပေါ်၌ စန့်စန့်ကြီးလှဲနေသောသမီးဖြစ်သူကိုတွေ့လိုက်ရ၏။
" အမေလး...သမီးလေး...ဘာလို့ဒီမှာလာအိပ်နေရတာလဲ..."
သူကြီးကတော်ကသမီးအနားသွားပြီး ပွေ့ထူလိုက်၏။
" ဟင်...သမီးလေးမျက်လုံးကပြူးနေတာပါလား...သမီး...သမီးလေး...ကိုမြ...လုပ်ပါဦးသမီးလေးအသက်မရှူတော့ဘူး...သမီး...သမီးလေး....အီးဟီးဟီး...မေ့သမီးလေးရေ...."
သူကြီးကတော်ကသမီးဖြစ်သူ၏အသက်ရှူသံကိုမကြားရတော့သဖြင့် သမီးလေးကိုလှုပ်နိူးနေရှာ၏။ သူကြီးလည်း ဇနီးသည်၏လက်ထဲမှသမီးလေး၏သွေးခုန်နူန်းကိုစမ်းကြည့်ရာသွေးမတိုးတော့သည်ကိုသိလိုက်ရ၏။
" သမီး...သမီးလေး...ကိုယ်ကျိုးနဲပြီထင်ပါရဲ့မိန်းမရေ...ငါ့သမီးလေးသွေးမတိုးတော့ဘူးဟ..."
သူကြီးကထိုသို့ပြောပြီး ငိုနေပြန်၏။ သမီးဖြစ်သူ၏လက်ချောင်းပေါ်ရှိလက်စွပ်ကိုကားလင်မယားနှစ်ယောက်လုံးသတိမထားမိကြချေ။နောက်နေ့နံနက်၌ သူကြီး၏အိမ်၌ သူကြီးသမီးလေး၏အသုဘပွဲကို ကျင်းပ၏။ သူကြီးနှင့်သူကြီးကတော်သည် တစ်ဦးတည်းသောသမီးဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေရှာ၏။
နေ့လယ်တစ်နာရီထိုးချိန်၌မဝင်းအေး၏ရုပ်အလောင်းအား ရွာပြင်သုဿာန်သို့ပို့ဆောင်သဂြိုလ်လိုက်ကြ၏။ မဝင်းအေးကိုမြေမြုပ်သဂြိုလ်နေစဉ် မြုပ်နှံပေးသူကိုတင့်မောင်သည် မဝင်းအေး၏လက်ချောင်းပေါ်ရှိ တဝင်းဝင်းဖြစ်နေသောလက်စွပ်ကိုမြင်လိုက်သဖြင့် တခြားလူများမမြင်အောင်တိတ်တဆိတ်ချွတ်ယူထားလိုက်၏။ ကိုတင့်မောင်ကား တခြားမဟုတ်။ ရွာထဲ၌ကြက်တိုက်၊ဖဲရိုက်၊မူးရူးတတ်သော လောင်းကစားသမားတစ်ယောက်ပင်။
မဝင်းအေး၏အသုဘကိစ္စပြီးမြှောက်ပြီးသည့်နောက် ကိုတင့်မောင်သည်သွက်လက်သောခြေလှမ်းများဖြင့် နေအိမ်သို့ပြန်လာ၏။ အကြောင်းမှာသူကြီးသမီး၏လက်ပေါ်မှချွတ်ယူလာသော လက်စွပ်လေးကိုအသေအချာကြည့်ချင်၍ဖြစ်၏။ အိမ်သို့ရောက်သော်ပုဆိုးခါးပုံစထဲထည့်ထားသော လက်စွပ်ကလေးကိုထုတ်ကြည့်လိုက်၏။
" အားပါးပါး....နည်းတဲ့လက်စွပ်လားကွာ...ကြည့်စမ်း...ရွှေသားစစ်စစ်နှင့်ပြုလုပ်ထားတဲ့အပြင် ကျောက်ကိုလည်းစိန်နဲ့လုပ်ထားတော့ ဘယ်လောက်တောင် တန်ဖိုးရှိလိမ့်မလဲကွာ...ဟီး...ဒီနေ့ငါအတော်ကံကောင်းတာဘဲ...."
ထွန်းတင့်တစ်ယောက် လက်စွပ်ကိုကြည့်ပြီး လောဘဇောတက်ကာမျက်နှာကြီးပြုံးဖြီးနေ၏။
မောင်ရေခဲတို့ဆရာတပည့်လည်း ရက်ရှည်အဓိဋ္ဌာန်ဝင်ပြီးနောက် အထက်အမိန့်ကျလာခဲ့သဖြင့် ဝိဥာဉ်နူတ်သောလက်စွပ်ကိုဖျက်ဆီးပစ်ရန် အေးမြချမ်းသာရွာသို့ရောက်လာခဲ့၏။ ထိုအချိန်ရွာထဲ၌ အသုဘပွဲကျင်းပနေသည်ကိုတွေ့လိုက်ရသဖြင့် အိမ်ထဲသို့ဝင်ပြီး မေးမြန်းကြည့်၏။
" အဘ...ဒီလူဘာရောဂါနဲ့သေတာလဲဗျ.. "
" မသိပါဘူးလူလေးတို့ရာ အဘတို့ရွာမှာ တစ်လအတွင်း ဒီတစ်ယောက်အပါလူလေးယောက်သေပြီကွဲ့...."
" ဟုတ်လားဦးလေး...သူတို့ကကွကိုယ်သေကြောင်းကြံကြတာလား...."
" မသိပါဘူးကြာ...ညညဆိုအားလို့သာတစ်ချက်အော်ပြီး သေသွားကြတာဘဲ...ဒါနဲ့လူလေးတို့ကပုလိပ်ဘက်ကအသွင်ယူထားတဲ့ စုံစမ်းစစ်ဆေးသူတွေလား....ဒီရွာမှာတစ်ခါမှမမြင်ဖူးလို့..."
" မဟုတ္ဘူးအဘ ကျုပ်တို့ကသာမန်ခရီးသွားတာပါ...ကိစ္စတစ်ခုကြောင့် ဒီရွာကိုရောက်လာခဲ့တာ...ဒါနဲ့ကျုပ်တို့ သေလူရဲ့အလောင်းကိုကြည့်လို့ရမလား..."
" ဪအေးအေး ကြည့်ကြည့်ကြလေ..."
အိမ်ရှင်၏ခွင့်ပြုချက်ကိုယူပြီး အခေါင်းထဲထည့်ထားသောအလောင်းကိုကြည့်လိုက်၏။ ထင်သည့်အတိုင်းပင် အလောင်း၏လက်သန်းကြွယ်မှ ဝတ်ထားသောဝိဥာဉ်နူတ်သည့်လက်စွပ်ကိုတွေ့လိုက်ရ၏။ သို့ကြောင့် မောင်ရေခဲကထိုလက်စွပ်အား ယူရန် အိမ်ရှင်အဘကိုမေးလိုက်၏။
" အဘ...ဒီသေဆုံးသူရဲ့လက်ပေါ်မှာ လက်စွပ်တစ်ကွင်းရှိတယ်... အဲဒီလက်စွပ်ဟာ ဒီလူသေဆုံးရခြင်းအကြောင်းနဲ့ သက်ဆိုင်နေလို့ ကျွန်တော်တို့ကိုယူပေးလို့ရမလား..."
" ဟေ....လက်စွပ်ဟုတ်လား....ငါ့သားမွာဘယ္ကလာ လက်စွပ်ရှိရမလဲ..."
ဆိုကာသားဖြစ်သူ၏အလောင်းထံသွားပြီး လက်စွပ်ရှိမရှိကြည့်လိုက်၏။
" ဟေ...ငါ့သားလက်ပေါ်မှာလက်စွပ်တကယ်ရှိနေပါလား...ဒီလကြ္စပ္ကိုငါ့သားဘယ္ကယူလာတာလဲ... "
ဟုပြောပြီး သားဖြစ်သူ၏လက်ပေါ်မှလက်စွပ်ကိုချွတ်ယူပြီးမောင်ရေခဲအားပေးလိုက်၏။
" ဒီလကြ္စပ္က ဝိဥာဉ်နုတ်တဲ့လက်စွပ်ဘဲ အဘ....အဘတို့ရွာမှာပြီးခဲ့တဲ့ရက်တွေကသေခဲ့ကြတဲ့သူတွေကလည်း ဒီလက်စွပ်ကြောင့်ဖြစ်တာ...."
" လူလေးကဘယ်လိုသိတာလဲ...."
" ကျွန်တော်တို့က ခုနှစ်ရက်သားသမီးကို ကယ်တင်စောင့်ရှောက်နေတဲ့လူတွေပါ...ဒါကြောင့်အထက်က အမိန့်ပေးလို့ ဒီလက်စွပ်ကိုဖျက်ဆီးဖို့လာခဲ့ကြတာ...."
မောင်ရေခဲ၏စကားကြောင့် အသုဘတွင်ရောက်လာကြသူများက ထိုဝိဥာဉ်နုတ်သည့်လက်စွပ်အား စိတ်ဝင်စားသွားကြ၏။ မောင်ရေခဲလည်း အမ်ားသူငွါ နားလည်စေရန် ဝိဥာဉ်နုတ်သည့် လက်စွပ်ပိုင်ရှင်အား ခေါ်လိုက်၏။
" လူ့အသက်ကိုသတ်တဲ့ လက်စွပ်ပိုင်ရှင် ငါ့ရှေ့ရောက်လာခဲ့စမ်း....ပုန်းခြင်းကွယ်ခြင်းမရှိစေရ....ငါဆရာရဲ့အမိန့်...."
မောင်ရေခဲက ဩဇာပါသည့်အသံဖြင့် ခေါ်လိုက်ရာ ဧည့်ပရိတ်သတ်ထဲရှိ ယောကျာ်းကြီးတစ်ယောက်သည် ခါးတောင်းကြိုက်ပြီး တဆတ်ဆတ္တုန္ကာ မောင်ရေခဲရှေ့လာထိုင်၏။
" ရောက်လာပြီလား...သင်လားဒီလက်စွပ်ရဲ့ပိုင်ရှင်က...."
" ဟုတ်တယ် အဲဒါငါ့ရဲ့လက်စွပ်ဘဲ...."
" ဒါကိုသင်ဘယ်လိုရလာတာလဲ...."
" ငါ့ကိုဘုရင်မင်းမြတ်ကချီးမြှင့်ခဲ့တာ....တိုက်ပွဲတစ်ခုမှာ ငါဟာရန်သူကိုရွပ်ရွပ်ချွန်ချွန် ချေမှုန်းခဲ့လို့ ဘုရင်မင်းမြတ်က သူကောင်းပြုချီးမြှင့်ခဲ့တာ...."
" ဒါဆို သင့်ရဲ့သက်တမ်းကမနည်းတော့ဘူးဘဲ...ဒါဆိုဘာကြောင့်ဒီလက်စွပ်က ဒီရွာကိုရောက်လာခဲ့တာလဲ...."
" လူတစ်ယောက်က ယူလာခဲ့တာ...ဒီလက်စွပ်ကိုငါမြတ်နိူးတန်ဖိုးထားလွန်းလို့ ငါသေသွားတာတောင် ငါ့မိသားစုကထည့်သွင်းမြုပ်နှံပေးခဲ့တယ်...ဒါကိုလူတစ်ယောက်က လာရောက်တူးယူသွားတာ...."
" ဒီလက်စွပ်မှာရေးထိုးထားတဲ့ စာတွေကရော... "
" အဲဒီစာတွေက ဘုရင်မင်းမြတ်ကိုယ်တိုင် ရေးထိုးပေးတဲ့မော်ကွန်းတင်ဂုဏ်ပြုစာတွေဘဲ...."
ထိုစာမှာရှေးခေတ်စာလုံးများဖြင့်ရေးထိုးထားသောကြောင့် မောင်ရေခဲမဖတ်တတ်ချေ။
" ထားတော့ သင်ကဘာအတွက်လူတွေကိုသတ်နေရတာလဲ...."
" ငါပိုင်တဲ့ပစ္စည်းကိုယူလို့သတ်တာ....ငါ့အရှင်ကလွဲပြီး ငါ့ကိုဘယ်သူမှတားဆီးချုပ်ချယ်ပိုင်ခွင့်မရှိဘူး...."
" သင့်ကိုလူသတ်ခွင့်မပြုတော့ဘူး... ခုကစပြီး ငါဒီလက်စွပ်ကိုအစဖျောက်ဖျက်ဆီးပစ်တော့မှာ.... သင်လည်းအစွဲမထားဘဲ လွတ်ရာကျွတ်ရာသွားပေတော့...."
" မဖျက်ဆီးနဲ့....ဒီလက်စွပ်ကိုမဖျက်ဆီးနဲ့...."
ဟုပြောပြီး ထိုလူကမတ်တပ်ရပ်ကာ မောင်ရေခဲအား လည်ပင်းညှစ်သတ်ရန်လုပ်၏။
မောင်ရေခဲလည်း ဝိဥာဉ်ချွေအင်း တစ်ချပ်ကိုအမြန်ဆွဲကာထိုလူ၏နဖူးအားကပ်လိုက်ရာ အား...ဟူသောအသံအော်ပြီး ပူးကပ်ခံနေရသောသူမှာခွေလဲကျသွား၏။ ဧည့်ပရိတ်သတ်တို့လည်း ရင်တထိတ်ထိတ်ဖြင့် ဖြစ်သွားကြကုန်၏။ မောင်ရေခဲလည်း ရေစင်ကိုထုတ်ယူပြီး ထိုလူအားတောက်ပေးလိုက်ရာ ခဏအကြာ၌ပြန်လည်သတိရသွား၏။
" လူလေး....စောစောကလူဘယ်ရောက်သွားတာလဲ ..."
" မရှိတော့ဘူးအဘ...သူနဲ့သက်ဆိုင်တဲ့နေရာကိုပို့လိုက်ပြီ....ဒီနေ့ကစပြီး အဘတို့ရွာမှာ အနှောင့်ယှက်မရှိတော့ဘူး...."
" ကျေးဇူးတင်လိုက်တာလူလေးရာ...ဒါနဲ့ဒီဝိဥာဉ်နူတ်တဲ့လက်စွပ်ကရော ဘယ္လိုလုပ္မလဲ...."
" ကျွန်တော်ယူသွားပြီး ဆရာသခင်တွေထံအပ်လိုက်မယ်....အားလုံးလည်းဘေးကင်းသွားကြပြီဆိုတော့ ကျွန်တော်တို့ကိုခွင့်ပြုကြပါဦး..."
" ဟုတ်ပါပြီဗျာ...ဒါနဲ့လူလေးတို့နာမည်ကိုသိပါရစေ...."
" နာမည်ဆိုတာ ပညတ်ချက်တစ်ခုပေဘဲမို့ သိလည်းဘာမှအထူးပါဘူးအဘရေ....ကဲအားလုံးဘုရားတရားမမေ့ကြနဲ့ဗျ..."
ထိုသို့ပြောပြီး ရွာသူရွာသားများကိုနူတ်ဆက်ကာ အေးမြချမ်းသာရွာကလေးမှ ထွက်လာခဲ့လိုက်တော့သည်။.....။
( စာမူကြာသွားသည့်အတွက်စာဖတ်သူများကို တောင်းပန်ပါတယ်နော်...အားပေးဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်ရှင့်....စာဖတ်ပရိတ်သတ်များ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေသောဝ်)
---
#ခွန်း
#after_tessa 🐿️

Post a Comment