“ တီးဖိုးလေး နှင့် ကိုယ်တွေ့ ပရလောက ” (စ -ဆုံး)
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
“ အဲ့ဒီနေ့က မိုးတွေရွာတာ ဒီဇင်ဘာ ၉ရက် အဲလေ…မှားကုန်ပါပြီ … အခုပြောပြချင်တာ ကျွန်တော့်ကိုယ်တွေ့ သရဲအခြောက်ခံရဖူးတဲ့အကြောင်းလေးပါပဲ ၊ စကားပြောချင်တာ လောသွားတာနဲ့ ဘဇိုင်း သီချင်းတွေ ဆိုမိသွားတယ် … ”
ကျွန်တော်က ရန်ကုန်က မြေတိုင်းလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ယောက်ပါ … ၊ ဖြစ်ပုံက … ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ဒီနေ့ ရုံးကချာတိတ်တွေ ထဲက နှစ်ယောက် (…)နယ်က ရွာတစ်ခုကို သွားပြီး မြေတိုင်းပေးရမယ် ဘယ်သူသွားမလည်းဟေ့… ”
ကျွန်တော်တို့ ရုံးက သူဌေးစကားကြောင့် ကျွန်တော်တို့ အားလုံး ထိတ်လန့်သွားပြီး တစ်ရုံးလုံးအပ်ကျသံတောင်
မကြားရလောက်အောင် တိတ်ဆိတ်သွားကြတယ် ။ ဟုတ်တယ်လေ…ဒီလို သီတင်းကျွတ်နီးနေတဲ့ကာလမှာ ဘယ်သူက နယ်သွားချင်မှာလည်းဗျာ ၊ ရုံးခန်းလေးထဲမှာပဲ အေးအေးဆေးဆေးအလုပ်လုပ်ချင်တာပေါ့… ၊ အဲ့ဒီအချိန်မှာပဲ …. ။
“ ဆရာရေ …. တီးဖိုးလေးက သွားချင်တယ်တဲ့ ”
“ ငမ်…. ”
အသံကြားတော့ ကျွန်တော် လန့်သွားတယ် ။ တီးဖိုးလေးဆိုတာ တစ်ခြားသူမှမဟုတ်ပဲ ကျွန်တော့်ကိုပြောနေတာလေ…. ။ တီးဖိုးလေးဆိုလို့ ဘာနာမည်ကြီးလည်းမတွေးလိုက်ပါနဲ့ ကျွန်တော်က ရုံးမှာ အမြဲ ညည်းတတ်လွန်းလို့ … နေ့ခင်း လဖ္ဘက်ရည်သောက်ရင်လည်း လဖ္ဘက်ရည်ဖိုးရှင်းခါနီး အစ်ကိုရှင်းလိုက်နော် ညီရှင်းလိုက်နော်နဲ့ အမြဲလုပ်နေကျမို့ ….. ကပ်စေးနည်းတယ် ‘Tea ဖိုးလေးတောင်’ မရှိတဲ့ကောင်ဆိုပြီး တစ်ရုံးလုံးက ကျွန်တော့်ကို တီးဖိုးလေးလို့ ခေါ်ကြတာဗျ ။ အခု ကျွန်တော်က လိုက်ချင်ပါတယ်ဆိုပြီး ပြောလိုက်တဲ့အသံရှင်က တစ်ခြားသူမှမဟုတ်ပဲ ကျွန်တော့်ရန်သူတော်ကြီး စတီဗင် စိုးကြီး… ။
စတီဗင်စိုးကြီးဆိုတာ သူ့နာမည်အရင်းမဟုတ်ဘူး နာမည်အရင်းက စိုးစံ … ဘိုလိုတွေ အရမ်းမှုတ်လို့ ကျွန်တော်က စတီဗင်ထည့်ပေးလိုက်တာ ။
ရုံးမှာ သူက ကျွန်တော့်ကို ချွန်လိုက် ၊ ကျွန်တော်က သူ့ကို ချွန်လိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ပြောင်သလိုနောက်သလိုနဲ့ တကယ် အရောက်ပို့နေကြတဲ့သူတွေဗျ ။ တလောက စတီဗင်စိုးကြီးရဲ့ ကောင်မလေးကို ကျွန်တော်က ကျွန်တော့် ဘော်ဒါကြီး စတီဗင်စိုးကြီးအကြောင်း နည်းနည်းလေးပြောပြလိုက်တာ ကောင်မလေးက သူ့ကို ဖြတ်သွားတယ်လေ… ။
ကျွန်တော်များများစားစား မချွန်လိုက်ပါဘူး …. ၊ သူ့ကောင်မလေးကို …
“ ဟဲ့ နင့်ဘဲက ဟိုနေ့က ငါ့ကို ယောက်ဖဆိုပြီးလာခေါ်တယ်သိလား ၊ နောက်ပြီးတော့လေ သူအခုတလော နားထောင်တာကလည်း ဟိုလေ…ယုံပါရင်သို့တိုးဝှေ့ဆဲပါ ခိုင်ဆိုလား…ဘာဆိုလားဟယ်.. အဲ့ဒီသီချင်းကိုဟယ်… တစ်နေကုန် Repeat နဲ့ နားထောင်နေတာ ၊ နင်မယုံရင်ငါ့မှာ recording ရှိတယ်… ငါသက်သေပြလို့ရတယ်.. ။ ပြီးတော့ ဒီနေ့လည်း ဖုန်းပြောနေတာတိုးတိုး တိုးတိုးနဲ့ အကြာကြီးပဲ ၊ နင် ကိုယ့်ဘဲကိုယ် သေချာ ထိန်းဦးဟ… ၊ ဒီကောင်ခြေလှမ်းတွေပျက်နေတာ နင်မသိရင် နင်တော့ သွားပြီနော်..ကျန်ရစ်ဖြစ်ဦးမယ်…ကလေးမ ။ ..ဟိုကောင်က ပြေးခုန်းပစ်ချန်ပီယံနော် ၊ ခုန်လာတဲ့ ခြံတွေဆိုတာ နည်းနည်းနောနောလား ” ဆိုပြီး ကျွန်တော် မဆိုသလောက်လေးပဲ ချွန်ခဲ့မိတာရယ်ပါ ။
အခုတော့ စတီဗင်စိုးကြီး ကျွန်တော့်ကို လက်စားချေပြီလေ… ။ ကျွန်တော်လည်း ချက်ချင်းပဲ…
“ ဆရာ..ကျွန်တော်မပြောဘူးနော်… ”
“ ဟေ့ယောင် မင်းက မပြောဘူးဆိုတော့ သွားဆိုရင်ရော မင်းက မသွားချင်တဲ့ သဘောလား ” တဲ့…
သူဌေးက ပြန်ပြောတယ် ။ သေပြီလေ… ဘယ်လိုငြင်းရမှာလည်း…အိမ်က အဘွားလည်းဆုံးပြီးတာ သုံးနှစ်ကြာတဲ့တိုင် ၊ ကျွန်တော့် ပါးစပ်ထဲမှာတင် ဆေးရုံတက်တာ ၊ ဖျားတာ ၊ နာတာအကြိမ် ၂ဝမကတော့ဘူး ၊ အနီးအနားက ဦးလေးဝမ်းကွဲတွေလည်း ခဏခဏ ဆုံးခိုင်းနေရတာများနေပြီ … ။ ဒီတစ်ခါ ဘယ်လိုအကြောင်းပြချက်ပေးရတော့ပါ့မလဲ ။
“ ဟ..ဟ..ဟုတ်…ကျွန်တော်သွားချင်ပါတယ်…ဆရာ ၊ လူမရှိရင်တော့ သွားပေးပါ့မယ်ဗျာ.. အဟင့် ”
ကျွန်တော်ထင်တယ် ၊ ကျွန်တော့်အသံက ရှိုက်သံတစ်ချက်ပါသွားသလားပဲ… ။
ရုံးကလူတွေကလည်း ကျွန်တော့်ကို ချစ်ကြတယ်ဗျ ၊ ကျွန်တော့်စကားအဆုံး တဟေး…ဟေး…တဝါးဝါးနဲ့ သြဘာတွေပေးကြတာများ… ၊ စတီဗင်စိုးကြီးကတော့ အောင်ပွဲရစစ်သူကြီးအပြုံးမျိုးနဲ့ …. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ တောက်…. ငါကွာ… ငါကွာ ”
ခရီးလမ်းတစ်လျှောက် ကျွန်တော် ဒေါသတသီသီဖြစ်နေတာကို ဘေးနားက အတူတူမြေတိုင်းဖို့ သူဌေးထည့်ပေးလိုက်တဲ့ ဂျူနီယာလေး ဇင်သူကို က …
“ ကိုတီးဖိုးလေး… ဘာတွေဖြစ်နေတာလည်းဗျာ ၊ တစ်လမ်းလုံး … ငါကွာ ငါကွာနဲ့…. ၊ စိတ်ကိုလျော့ပါဗျာ.. မြတ်စွာဘုရားက… ”
“ ဟိုကောင် …တိတ်စမ်း… ဒီမှာ တင်းနေတာကွ ၊ တရားတွေလာဟောမနေနဲ့…. ”
ကျွန်တော်ဟောက်လိုက်လို့ ဇင်သူကို မျက်နာလေးညှိုးသွားတယ် ။ အဲ့အချိန်မှ သူ့ကိုကြည့်ပြီး ကျွန်တော်လည်း မပြောချင်ပြောချင်နဲ့ ဖွင့်ပြောလိုက်ရတယ် ။
“ ငါကွာ… ကားခဏ ရပ်တုန်းက အပေါ့သွားဖို့မေ့သွားတာ ၊ အခုလမ်းကျမှ သွားချင်နေတာ..ကားသမားကလည်း ရပ်မပေးလို့ တင်းနေတာကွ… ” လို့ တိုးတိုးလေးကပ်ပြောလိုက်တယ်…. ။
အလိုက်သိတဲ့ ဇင်သူကိုကလည်း သူသောက်ပြီးသား ရေပုလင်း အခွံလေး ကျွန်တော့်ကို ထုတ်ပေးတယ် ။
“ အာ့ အစ်ကိုကလည်း စောစောကပြောတာမဟုတ်ဘူး ၊ အစ်ကို့မျက်နာကြီးနီနေပြီး တင်းနေတယ်ဆိုတော့ ဘာတွေ ဒေါသဖြစ်နေတာလည်းပေါ့… ရော့ရော့အစ်ကို အန္တရယ်ကိုလွယ်မထားနဲ့ ” တဲ့
အချိန်က သန်းခေါင်ထင်တယ်… ။ အဝေးပြေးကားပေါ်မှာ လူတွေအကုန် အိပ်နေကြတယ်… ။ ကျွန်တော်မရဲတရဲနဲ့ ဖြစ်ပါ့မလားဆိုနဲ့ပုံနဲ့ ဇင်သူကို ကို မျက်ခုံးပင့်ပြလိုက်တယ် ။ ဇင်သူကိုကလည်း ဖြစ်ပါတယ် ချချဆိုတဲ့ဟန်နဲ့ ခေါင်းငြိမ့်ပြတယ် ။ သူ့မျက်နာက ယုံကြည်ချက်အပြည့်ပဲ ၊ ကျွန်တော်အားတတ်သွားတယ်… ။ ဖြစ်ချင်ရာဖြစ်ကွာ…ဘယ်သူမှလည်း သိတာမှမဟုတ်ပဲ အကုန်အိပ်နေတာပဲလေဆိုပြီး ကျွန်တော်လည်း ရေသန့်ဗူးလေးကို အောက်ထဲအသာလျှိုလိုက်ပြီး ဘောင်းဘီဇစ်လေးဖွင့် ရွှေပြွန်ကနေ ရေသွန်ချလိုက်တော့တယ် … ။ ထိန်းထားတာကြာပြီဖြစ်လို့ ရေသွန်ယုံတင်မဟုတ်ဘူး.. ၊ တာကျိုးတဲ့ရေလို ရေတွေက တလဟော ကို အရှိနဲ့ ထိုးဆင်းလာကြတာများ ဘယ်လိုမှ ထိန်းမရ…. အဆိုးဆုံးက ကျွန်တော် ထင်မထားတဲ့ အသံကြီး…
“ တောက်တောက်တောက်တောက်တောက်…. ”
ရေသန့်ဗူးထဲကို အရှိန်နဲ့ ရေလောင်းထည့်တဲ့အသံ ၊ ရေသန့်ဗူးက အလွတ်ဆိုတော့ အသံကပိုကျယ်တယ် ။ ပြီးတော့ အဝေးပြေးကားထဲ တိတ်ဆိတ်နေပြီးလူတွေအိပ်မောကျနေတဲ့အချိန်ကြီး ။ အသံက တော်တော်ကျယ်တယ် ။ ကျွန်တော်လည်း မျက်လုံးတွေတော်တော် ပြူးသွားတယ် ။ ရေကာတာကလည်းကျိုးနေပြီ…ရပ်မရ… ။ အသံတွေကလည်း ဆက်တိုက်… ။ တိတ်ဆိတ်နေတဲ့အဝေးပြေးကား တစ်ကားလုံးအတိုင်းသားကြားနေရတော့ အိပ်နေတဲ့သူတွေနိုးနိုးလာပြီး အကြည့်တွေက ကျွန်တော်တို့ခုံဆီရောက်လာကြပါလေရော ။ တစ်ချို့ဆို ဘယ်လောက်ဆိုးလဲဆိုရင်….သူတို့နေရာတွေကတောင် ထကြည့်ကြတယ် ။ ကျွန်တော်လည်း ရှက်တာ လွန်ရော… ၊ ရှက်လွန်းလို့ အားကိုးတကြီးနဲ့ မြှောက်ပေးလိုက်တဲ့ ဆရာကြီး ဇင်သူကို ကို လှမ်းကြည့်လိုက်တော့ သကောင့်သားက အားကိုးရတယ်ဗျ ။ အိပ်ချင်ယောင်တောင် ဆောင်ပြနေလိုက်တာ…. ။ ဘယ်လောက်တောင် ဒေါသထွက်ဖို့ကောင်းသလဲ ကြည့်တော့ ၊ အောက်ကလည်းကိစ္စမပြီးသေး လူတွေကလည်း သိနေကြတော့ ၀ိုင်းကြည့်…. ။ ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ် ငါမမြင်ရရင်ပြီးရောဆိုပြီး ရှက်ရှက်နဲ့ပဲ အံကိုကြိတ် မျက်လုံးကို အသေမှိတ်ထားလိုက်ပြီး ခေါင်းကြီး ငုံ့ထားလိုက်တော့တယ်…. ၊ ဖြစ်သမျှအကြောင်း အကောင်းတဲ့လား….ကွာ……….. ကဲ လာလေရော …. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ဇင်သူကို ရေ ဒါငါတို့မြေပုံအရ ဒီရွာမှာ တစ်ညတော့ အခြေချရမယ်ဟေ့ ၊ မြန်မာထုံးစံအတိုင်း ဘုန်းတော်ကြီးကျောင်းကိုတွေ့အောင်ရှာ ပြီးရင် ဘုန်းဘုန်းကို လျှောက်ပြီး တစ်ညတည်းခွင့်တောင်းရမှာပဲကွာ ”
“ ဟုတ်တယ် အစ်ကိုတီးဖိုးလေး ဟော..ဟိုမှာ အချွန်အတတ်တွေနဲ့ တဆောင်းကြီးခေါင်မိုးမြင်နေရပြီ ဘုန်းကြီးကျောင်းထင်တယ် ”
ဇင်သူကိုပြောလို့ ကျွန်တော် လှမ်းကြည့်လိုက်တော့မှ အမငေး…
“ ငမ်း…ဘုရားဆူး ရန်ကုန်သား… အဲ့ဒါ ရွာသချိ င်္င်းက ဇရပ်ဟ… ၊ နင့်အဖေဘုန်းကြီးကျောင်းက ရွာထဲသွားမှတွေ့မှာ ”
“ ဟာအစ်ကိုကလည်း ဘုန်းကြီးက ကျွန်တော့် အဖေမဟုတ်ပါဘူးဗျာ ”
ကျွန်တော်လည်း သူပြောမှ သတိရပြီး
“ သြော်ဟုတ်သားပဲ ကန်တော့ပါ ဘုန်းဘုန်း ဆိုပြီး ဝစီကံကို ချက်ချင်းတောင်းပန်လိုက်ရသေးတယ် ”
နည်းနည်းလောက်ဆက်သွားတော့ ဘုန်းကြီးကျောင်းကို ရောက်သွားကြတယ် ။ ကျောင်းက ကျယ်တော့ကျယ်တယ်… သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး ၊ ရွာက ဘုန်းကြီးကျောင်းတွေပုံစံမျိုးပါပဲ ။ ကျောင်းက ကျယ်တော့ ရွာမှာ ဘုန်းတော်ကြီးတွေ ကိုရင်လေးတွေ အများကြီးရှိမယ်လို့တော့ ထင်ရတာပဲ ။
“ ဒကာတော်တို့ တစ်နေကုန် ခရီးနှင်လာရတာ ပင်ပန်းရောပေါ့…. ၊ ဒီကျောင်းမှာတော့ ဦးဇင်းတစ်ပါးပဲ ရှိတယ်ကွဲ့ ၊ အရင်က နှစ်ပါးပေါ့.. ဦးဇင်းနဲ့အတူသီတင်းသုံးနဲ့ ကိုယ်တော်က မကြာခင်လပိုင်းထဲကပဲ ဘဝနတ်ထံပျံတော်မူသွားရှာပြီ … ”
ကျွန်တော် ကြက်သီးတွေပါ အလုံးလိုက်ထသွားပြီးတော့
“ ဗျာ…အဲ့လေ….ဘုရား… ဒီကျောင်းကြီးတစ်ခုလုံးမှာ ၊ ဘုန်းဘုန်းတစ်ပါးတည်းရှိတယ်….. ၊ အရင်အတူသီတင်းသုံးတဲ့ကိုယ်တော်က မကြာခင်လပိုင်းတုန်းမှာ ….. ”
“ ဟုတ်တယ်လေ ဒကာ…ဘာဖြစ်လို့လဲ ”
“ ဘုရား..ဘ..ဘ..ဘာ…မှ…မှမဖြစ်ပါဘူးဘုရား… ”
“ အေးအေး ဒါဆိုလည်း နားလိုက်ကြဦး ၊ ဒီနေရာက ကျယ်တယ် ၊ ဒကာတို့လွတ်လွတ်လပ်လပ် နားလို့ရပါတယ် ၊ ဟော..ဟိုမှာ လိုအပ်တဲ့ ခေါင်းအုံးတွေ ၊ စောင်တွေ လိုသလောက်သာ ယူကြကွဲ့ ၊ မိုးတွင်းအကုန်ဆိုပေမယ့် မိုးကပြောမရဘူး… ၊ နွေးနွေးထွေးထွေးနေကြနော့်… ”
“ တင်ပါ့ဘုရား… ”
ကျွန်တော်က အိပ်ဖို့ ခေါင်းအုံးလေးတစ်ခု ၊ အိပ်ယာခင်းစောင်လေးတစ်ခု ၊ ခြုံစောင်လေးတစ်ခု ဆွဲယူတုန်း ရှိသေး… ဇော်သူကို ကလည်း ကျွန်တော်လို့ လိုက်ယူရင်း ခေါင်းအုံးအသစ် ၊ စောင်အသစ်တွေကိုမြင်ပြီး အားရဝမ်းသာနဲ့ ဘုန်းကြီး ကို ထပြောတယ်…
“ ဟာ…ဒီရွာက တော်တော်ချမ်းသာကြတာပဲ ၊ သဒ္ဒါလည်းကောင်းတယ် ၊ ဧည့်သည်တွေလာရင် ကောင်းတာလေးတွေသုံးနိုင်အောင် အကောင်းလေးတွေ ရွေးလှူထားကြတာများ လေးစားစရာပါပဲ ဘုန်းဘုန်းရာ ”
ဘုန်းဘုန်းက မျက်လုံးလေးပြူးပြရင်း အေးအေးချမ်းချမ်းနဲ့ ပြန်ပြောလိုက်တယ် ။
“ မဟုတ်ပါဘူး ဒကာတို့ ဒါတွေက မသာပစ္စည်းတွေပါ ၊ မသာရှင်တွေက ကျောင်းမှာ လာလှူသွားကြတာလေ ” တဲ့…
ဘုန်းကြီးပြောမှ ကျွန်တော်လည်း အိပ်မယ်လုပ်နေရာကနေ လန့်သွားပြီး ဆက်ခနဲ့ ကောက်ထလိုက်ရင်း ယူထားတဲ့ ပစ္စည်းတွေအကုန်ပြန်ထားလိုက်တယ် ။ ခဏလောက်နေတော့ ဘုရားခန်းသွား ဘုရားရှင့်ခိုး ဘုန်းဘုန်းကိုဦးတိုက်ပြီး … ကိုယ့်နေရာလေးကိုယ်ပြန်လာ လွယ်အိပ်လေး ခေါင်းအုံးပြီး အိပ်ဖို့ပြင်လိုက်တော့တယ်… ၊ ဘေးမှာတော့ မသာခေါင်းအုံး ၊ မသာစောင်တွေနဲ့ အသေအချာလေး ကွေးနေတဲ့ အကြောက်အလန့်မရှိလွန်သူကြီးကို ကျွန်တော်ကြည့်ပြီး သက်ပြင်းချလိုက်မိတယ် ၊ အစွန်ဘက်က ရွာဆိုတော့ မီးကမရ… ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်း မှောင်လာပြီ မိုးသံလေးကလည်း တစ်ဖျောက်နှစ်ဖျောက် ကြားနေရပြီမို့ ကျွန်တော်လည်း ကြောက်စိတ်တွေကို ကြိုးစားတိုက်ခိုက်ရင်း သရဏဂုံနဲ့ ၊ သံဗုဒ္ဓေဂါထာတွေကို အခါခါရွတ်ရင်း အိပ်ပျော်သွားခဲ့တယ် ။
အိပ်မက်တွေကတော့သိပ်မကောင်းလှဘူး… ။ ချမ်းလည်းချမ်းတယ်…ရေခဲတိုက်ထဲရောက်နေသလိုပဲ… ။ မိုးသံလေသံတွေနဲ့ ဆူညံနေတယ်… ။ လူက အိပ်ပျော်နေသလိုပဲ အာရုံထဲမှာလည်း အိပ်နေတဲ့ ကျွန်တော့်ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားမိတယ်… ။ ခြေထောက်လာဆွဲမှာကြောက်လို့ ခြောက်ထောက်လေး ကွေးအိပ်ထားပြီးသားဆိုတော့ စိတ်ချပါတယ်… ။ နည်းနည်းကနေ သစ်သားနံရံကြားတွေက တိုးလာတဲ့ လေနေုလေးလေးတွေ မိုးရေပါတဲ့ လေအေးတွေကြောင့် ကျွန်တော် အိပ်နေလျှက် အအေးဒဏ်ကိုကွေးပြီး အံတု…. ။ ဘယ်လိုပဲ အံတုအံတု…လုံးဝမရတော့တဲ့အဆုံးဘေးနားက သူငယ်ချင်း ဇင်သူကိုနားကပ်လိုက်ပြီး နွေးအောင်ကြိုစားမယ် စဉ်းစားပြီး အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ သူခြုံထားတဲ့ စောင်လေးကို ကြိုးစားပြီး လှမ်းဆွဲလိုက်မိတယ် … ။ ဟင်…..စောင်ကြီးက အေးစက်နေတာပဲ… ။ ကျွန်တော် တော်တော်လေး အထိတ်တလန့်ဖြစ်သွားရင်း လန့်နိုးသွားတယ် ။ နိုးသွားပေမယ့် ကျောဘက် က ဇင်သူကိုဘက် မလှည့်ရဲသေးဘူး ။ ဒါ..ဒါ…ငါ စာတွေထဲမှာ ဖတ်ဘူးတဲ့ ..ဘုန်းကြီးကျောင်းက ဘုန်းကြီး တစ္ဆေသဘက်ကြီးများလား ဆိုပြီး လူက ချမ်းနေရာကနေ ဇောချွေးတွေပြန်လာပြီး သေချင်စော်ပါနံလာခဲ့တယ်… ။
ကျွန်တော်ထင်တာလုံးဝမမှားဘူး…. ။ ဘုန်းကြီးသဘက်ကြီးက ကျွန်တော့်သူငယ်ချင်း ဇင်သူကိုကို စားပြီးလို့ …. ကျွန်တော့်ကို သူ့လျှာကြီးထဲ ထည့်လိပ်ဖို့ ပြင်နေတာပဲဖြစ်ရမယ် ။ ဟုတ်တယ်… ကျွန်တော် ကိုင်မိလိုက်တဲ့အရာကို ကျွန်တော်အသိဆုံးပဲ ၊ လုံးဝ အေးစက် စိုစွတ်နေတဲ့ သဘက်ကြီးရဲ့ လျှာကြီး……. ။
လူက သရဲကြောက်တတ်တဲ့အခံကလည်းရှိ ။ အခုလည်းနှဖူးတွေ့ဒူးတွေ့ဆိုတော့ ဘုရားစာလည်း သရဏဂုံတောင် ဘယ်ကစမှန်းစဉ်းစားမရတော့ဘူး ။ ကြောက်တာပဲသိတော့တယ်… ။ ဘယ်လိုမှလှုပ်လည်းမလှုပ်ရဲဘူး ။ ကျွန်တော် လှုပ်ရင် သဘက်ကြီးက စားမှာလေ…. ။
အဲ့ဒီအချိန်မှာပဲ ကျွန်တော် မလှုပ်ပါပဲ ကျွန်တော့် ကျောကို သဘက်ကြီးရဲ့ လျှာက လာထိပါလေရော… ။ ကျွန်တော်သိလိုက်ပြီ သူကျွန်တော့်ကို စားတော့မယ်….. ။ ဘယ်ရမလည်း ကျွန်တော် ချက််ချင်း ကောက်ထိုင်လိုက်ပြီး နောက်ဆုံး ခွန််အားနဲ့ အနောက်က ဘုန်းကြီးတစ္ဆေ သဘက်ကြီးကို ကဆုန်ပေါက် ဆောင့်ကန်လိုက်တယ် ။ ပြီးတော့ အသံပါ၀ါအကုန်သုံးပြီး ငယ်သံပါအောင်ကို အော်ပစ်လိုက်တော့တယ် ….
“ အား!!!!!!!!!!!!!!!!! ကယ်ကြပါဦး ၊ သဘက်ကြီးကျွန်တော့်ကို စားတော့မယ်… ၊ အား…အာ..ကယ်ကြ…ကယ်…ကြ….”
တစ်ဆက်တည်းမှာပဲ ကျွန်တော့် ကန်ချက်နဲ့ အော်သံနဲ့အပြိုင် အမှောင်ထဲမှာ လွင့်သွားတဲ့ အရာတစ်တစ်ခုစီက အသံထွက်လာတာကို ၊ ကျွန်တော် မိုးသံလေသံတွေထဲက ကြားလိုက်ရတယ် … ။ အသံရှင်က
“ အောင်း..မြတ်….လေး….သေပါပြီဗျ…. ၊ အမေရေ… ဟေ့လူ ကိုတီးဖိုးလေး… ၊ ဘာဖြစ်တာလည်းဗျာ.. ကျွန်တော့်ကို ဘာလို့ ဆောင့်ကန်တာလည်းဗျ ။ နာလိုက်တာ….. အော်လိုက်တာလည်း ပြဲနေတာပဲ ညကြီးသန်းခေါင် လန့်လိုက်တာ…. ”
ဇင်သူကို အသံကြားတော့ ကျွန်တော့် အားတတ်သွားရင်း
“ ဟေ့ယောင် မင်း…မင်းး..မသေသေးဘူးနော်… ၊ ငါဝမ်းသာလိုက်တာကွာ ” ဆိုပြီး အမှောင်ထဲမှာပဲ သူ့ကို ပြေးဖက်လိုက်မိတယ် ။ သူကတစ်ကိုယ်လုံးက အေးစက်နေတာပဲ…. ။ ကျွန်တော် တစ်ခုခုကို ချက်ချင်း ပြန်သတိထားမိလိုက်တယ် ။
“ မင်း…မင်း…မင်း..ဟေ့ယောင်.. ၊ ငါ့ကို မကြောက်ဘူးများထင်နေလား.. ၊ မင်းသေပြီးသားပဲ ကိုဇင် မင်း… မင်းကသေပြီးသားပဲ…. ၊ ငါတောင်းပန်ပါတယ်ကွာ..ငါအရမ်းကြောက်နေပြီ ၊ ငါ့ကို မခြောက်ပါနဲ့ကွာ မင်းအတွက်အမျှအတန်းလုပ်ပေးပါ့မယ် ”
ဇင်သူကိုက ကျွန်တော့်ဆီကို တဖြည်းဖြည်း လျှောက်လာပြီး
“ ဟ….ဒီလူ အိပ်မက်ယောင်နေတာလား …. သေချာကြည့်ဦး ကျွန်တော် မသေသေးဘူးဗျ ”
ပြောပြောဆိုဆိုနဲ့ သူ့မျက်နာကိုသူ အောက်ကနေ ဓါတ်မီးပင့်ပြီး ထိုးပြပါလေရော… ။ အဲ့ဒီ့အခါမှ ပိုဆိုးသွားတာ ကျွန်တော်လည်း …. ပြောမရတဲ့အဆုံး ကြောက်ကန်ကန်ပြီး ပြန်ချပြီကွာ …. လို့တွေးလိုက်ရင်း အနီးအနားက ကျွန်တော်စမ်းမိတဲ့ သစ်သားခေါင်းလေးနဲ့ သကောင့်သားခေါင်းကို ရိုက်ချပစ်လိုက်တယ်… ။
“ ဒေါက် … ”
အဲ့ဒီအခါမှ ဒီကောင် လဲကျပြီး ငြိမ်သွားပါလေရော… ။ ကျွန်တော်လည်း ဘုန်းကြီးကျောင်းပေါ်ကနေ ရှိသမျှအားနဲ့ ဆင်းပြေးလာခဲ့တယ် ။ ပြေးမိပြေးရာ ရွာထဲက အိမ်တစ်အိပ်ထဲဝင်ပြေးပြီး အကျိူးအကြောင်းပြောတော့ အိမ်ရှင်တွေလည်း ကြောက်သွားပြီး တစ်ညလုံးကျွန်တော့်ကို ခေါ်ထားပေးကြတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရောင်ခြည်သစ်နဲ့စတဲ့ တော မနက်ခင်းလေးတစ်ခု ။
ညက ကျွန်တောာ် ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး… ။ အချိန်က နေ့လည်တောင်ရောက်နေပြီ.. ။ လူတစ်ချို့ကျွန်တော့်ကို လာနှိုးကြလို့ ကျွန်တော်နိုးလာခဲ့တယ် ။ ပထမဆုံးသတိရလိုက်တာ သူငယ်ချင်း ဇင်သူကို ။ သတိရရချင်း ဘုန်းကြီးကျောင်းကိုပြေးသွားလိုက်တယ် ။ ကျောင်းထဲက ကျွန်တော်တို့အိပ်တဲ့နားမှာ ဇင်သူကိုနဲ့ ဘုန်းကြီးနဲ့ ရွာကလူလေးငါးယောက် ထိုင်နေတာတွေ့လိုက်တယ် ။
ဇင်သူကိုက ကျွန်တော့်ကို မြင်တော့ မျက်စောင်းကြီးထိုးကြည့်နေတယ် ။ ခေါင်းမှာလည်း ပတ်တီးတွေနဲ့ ၊ ကျွန်တော်လည်း ညက အရှိန်ကျန်သေးတော့ သူမျက်စောင်းထိုးမှ တစ်ချက်တွန့်သွားမိသေးတယ် ။ သူက သေပြီးသားမို့လား… ၊ ဘာလို့ ပတ်တီးတွေနဲ့ဖြစ်နေတာလဲ ၊ မနက်မှာလည်းသရဲက လူတွေနဲ့ နေနိုင်တာလား … ။
ကျွန်တော့်အတွးတွေကို ဇင်သူကိုပြောလိုက်တဲ့ စကားက ရပ်လိုက်စေတယ် ။
“ ဟေ့လူ……တီး..ဖိုးး.လေး.. ခင်ဗျားကျုပ်ခေါင်းကို ညက ဘာလို့ရိုက်ခွဲသွားတာလဲ ”
“ အမ်း…ဒီကောင်လူစကားပြောတယ် ”
ကျွန်တော် ကြောင်ပြီးရုတ်တရက်မေးလိုက်မိတာကို ဇင်သူကိုက ဒေါသထွက်သွားပြီး
“ ဟ…လူပေါ့ဟ…လူစကားမပြောလို့ ဘာပြောရမှာလဲ ၊ ခင်ဗျားနော်…သိပ်ကျေနပ်တာမဟုတ်ဘူး ”
“ ဘာ…မင်းက…မသေဘူးလား… ၊ ညက မင်းငါ့ကို သရဲခြောက်တာလေ.. ၊ မင်းကို ဘုန်းကြီးတစ္ဆေသဘက်ကြီးက စားလိုက်လို့ မင်းသေသွားပြီလေ… ၊ ညက ငါတောင် ဘုန်းကြီးတစ္ဆေသဘက်ကြီးလျှာနဲ့ လိပ်တာ ခံရတော့မလို့ ”
ကျွန်တော့်စကားတွေကို လူတွေအားလုံး မျက်လုံးပြူးကြောင်ကြောင်လေးတွေနဲ့ နားထောင်နေကြတယ် ။ အဲ့ဒီ့အချိန်မှာ ဘုန်းကြီးကလည်း ဘုန်းကြီးတစ္ဆေဆိုတဲ့အသံကြားတော့ ၊ သူ့ကိုပြောတယ်ထင်ပြီး ချောင်းဟန့်ပြသေးတယ် ။
“ အဟမ်း ”
ကျွန်တော်လည်းအဲ့ကျမှ စကားမှားပါသွားမှန်းသိပြီး လက်အုပ်လေးချီပြလိုက်ရင်း ဘုန်းဘုန်းကိုဆိုလိုတာ မဟုတ်တဲ့အကြောင်းနဲ့ ညက ကြုံရတာတွေ အကြောင်း ပြောပြလိုက်တယ် ။ ကျွန်တော်ပြောနေတာတွေကို သေချာနားထောင်နေရင်း ဇင်သူကိုက
“ သြော်…ခင်ဗျားကအဲ့လိုထင်သွားတာကို …. ၊ ဒီမယ်…သတ္တိခဲကြီး ညက ခင်ဗျား စမ်းမိတာ သဘက်ကြီးလျှာမဟုတ်ဘူး…ကျုပ်ခြုံထားတဲ့ မသာစောင်ကြီးဗျ… ။ ခေါင်မိုးက မိုးမလုံတော့ မိုးယိုပြီး ခင်ဗျားနဲ့ကျုပ်နဲ့ကြားက စောင်နေရာမှာ ကျနေတာ ။ အဲ့ဒါကို ခင်ဗျားက စမ်းမိပြီးကျုပ်ကိုလည်းဆောင့်ကန်သွားတယ် ။ ကျုပ်က ထပြီးရှင်းပြတော့လည်း ကြောက်ကန်ကန်ပြီး ကျုပ်ခေါင်းကို ထင်းချောင်းနဲ့ အားရပါးရ ထပ်တီးသွားသေးတယ် ။ ပြီးတော့ အော်ပြီးထွက်ပြေးသွားတယ်လေ … ကဲ ဘာပြောဦးမလဲ ”
သူပြောမှ ကျွန်တော်လည်း ကိုယ့်အကြောင်းကိုယ်စဉ်းစားမိရင်း အဖြစ်အပျက်တွေက ဒီလိုလားလို့ တွေးမိလာပြီးတော့ မျက်နာကိုအတတ်နိုင်ဆုံး ဖြဲပြလိုက်ရင်း
“ ညီလေး..ညီလေးကလည်းကိုကြီးက စတဲ့ဟာကို ချိတ်ချိုးရဘူးလေ.. ။ ပြေးကြည့်မှ ဒီညီအစ်ကိုတွေပဲရှိတာကို အဟီး ”
ကျွန်တော် ရယ်ဖြဲဖြဲနဲ့မျက်နာချိုသွေးပြတော့ ဇင်သူကို သိပ်ကျေနပ်ပုံမရသေးဘူး ။ မူနေသေးတယ် ကိုယ်ရည်းစားလည်းမဟုတ်ဘဲ …. နောက်နာရီဝက်လောက်သူကို ချော့လိုက်ရသေးတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ကိုဇင် ရေ…ငါ့အမှားအတွက် ဒီနေ့မင်းတိုင်းရမယ့်နေရာတွေအကုန် ငါပဲတိုင်းလိုက်တော့မယ်ကွာ… ၊ မင်းကနားနားနေနေ နေပါ… ”
“ ဟေ့လူ မျက်နာချိုမသွေးနဲ့ ပြန်ရောက်ရင် ဆရာနဲ့တိုင်မှာ ၊ နောက် ခင်ဗျားနဲ့ ဘယ်မှ မလိုက်တော့ဘူး ”
“ အေးပါညီရာ…တိုင်ပါတိုင်ပါ…ဟီးဟီး…ငါက မင်းခေါင်းဘယ်လောက်မာလဲ စမ်းမယ်ဆိုပြီး နည်းနည်းရိုက်ကြည်တာပါ… ၊ တွေ့ပုကျိ နော်ချစ်ညီလေး အဟီး ”
အညာမို့ထင်တယ် ရာသီဥတုကတော်တော်လေး ပူတယ် ။ တော်သေးတယ် လွယ်အိတ်ထဲ ရိက္ခာအလုံအလောက်ပါလို့ … ။
ကျွန်တော်လည်း နေပူကြီးထဲ လှုပ်ရှားရတာများလာလို့ လွယ်အိပ် ဘေးမှာအသင့်ထည့်လာတဲ့ ဓါတ်ဆားရေလေး တစ်ငုံလောက်သောက်ဖြစ်ခဲ့တယ် ။ ဓါတ်ဆားက ပုံမှန်ထက် ငံနေသလိုပဲ…. ။
ကျွန်တော့်ကို ကြည့်ပြီး ဇင်သူကိုက အံ့သြနေရင်ကနေ တခွီးခွီးရယ်ပါလေရော… ။ ကျွန်တော်လည်း သူ့ကိုလှမ်းပေးလိုက်တယ် ။
“ ညီလေး ဘာတွေ သဘောကျနေတာတုန်းကွ ”
“ ကို တီးဖိုးလေး…ဟား…ကို..ကို..တီးဖိုးလေးသောက်လိုက်တာ ဓါတ်ဆားတွေမဟုတ်ဘူး… ၊ အလာတုန်းက ကိုတီးဖိုးလေး ကားပေါ်မှာ ပေါက်ထားတဲ့ ရှူရှူးပုလင်းကြီး…ဟား… ၊ အဲ့ဒါကြီးအပြင်ရောက်မှ ပစ်မယ်ဆိုပြီး မေ့ထည့်လာတာမို့လား ၊ ဓါတ်ဆားပုလင်းက ကိုတီးဖိုးလေးရဲ့ လွယ်အိတ်ဟိုဘက်ခြမ်းကဟာမို့လား ၊ ဟား..ဟား… ”
ကျွန်တော်လည်း မှားမိတဲ့အဖြစ်ကြောင့် ပါးစပ်ထဲ လက်ထိုးထိုးပြီးကို အန်ချလိုက်မိတယ် ။
“ ဝေါ့….ဝေါ့….ဝေါ့…ထွီ……. ”
အဲ့ဒီနေ့က ကျွန်တော် တစ်နေကုန် ထမင်းမစားနိုင်လောက်တဲ့အထိလို့ပြောရင် ပိုမှန်ပါလိမ့်မယ်…. ။
#END
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 9.10.2018 ( 12 : 39 Pm )
---------------------------------------------------
❌❌❌ ကျွန်တော်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေ / ပုံတွေကို ခွင့်မတောင်းဘဲ ဘယ်နေရာမှာမဆို မိမိသဘောအတိုင်း ပြန်ကူးတင်ခြင်း ၊ စီးပွားဖြစ်အသုံးပြုခြင်း ၊ အသံဇာတ်လမ်းများ ပြုလုပ်ခြင်းမျိုးတွေ လုံးဝ (လုံးဝ) ခွင့်မပြုပါ ။ ❌❌❌
---------------------------------------------------
◾ စာရေးသူကို အခုလို ဇာတ်လမ်းအသစ်အဆန်း ၊ ဇာတ်လမ်းကောင်းတွေ အများကြီး ပိုဖန်တီးနိုင်ဖို့ အကူအညီပေးတဲ့အနေနဲ့ အောက်က စာရေးသူရဲ့ ကိုယ်ပိုင် Youtube Channel လေးကို ဝင်ပြီး Subscribe ပေးခြင်းဖြင့် အားပေးနိုင်ပါတယ် ။
◾ Link ကနေ ဝင်မရရင် Youtube မှာ “ Moe Swe Channel ” ဆိုပြီး ရိုက်ရှာလို့လည်းရပါတယ် ။ အလျှင်းသင့်ခဲ့ရင် ကျွန်တော့် Channel မှာတင်ထားတဲ့ အသံဖိုင်လေးတွေကိုလည်း ဝင်ပြီး ခံစားသွားပါဦးခင်ဗျာ ။
🔻 👇👇👇 *** 🔻 🎧 🔻 *** 👇👇👇 🔻
---------------------------------------------------
#MoeSwe
#myanmarhorrorstories

Post a Comment