* မြင်းကပါ အကျဉ်းသား *
မင်းသိင်္ခ
အပိုင်း - နှစ်
ညောင်မုတ်ဆိတ်ပင်ကြီးအောက်က ငမဲကြီး
ဆီတော်နှင့် ကျန်ပင်သင်တို့သည် အရုဏ်မတက်မီပင် ကျောက် ပန်းတောင်းမြို့တံခါးဆီသို့ ရောက်ခဲ့ကြလေ၏။
အရုဏ်မတက်သေးသဖြင့် မြို့တံခါးမှာ မဖွင့်သေးပေ။ မြို့တံခါးအပြင်ဘက်ရှိ လွန်စွာကြီးမားသော ညောင်မုတ်ဆိတ်ပင်ကြီးအောက်တွင် မုန့်ဖြူကြော်များရောင်းသည့်ဆိုင်နှင့် ပဲအမျိုးမျိုးကို ပြုတ်ရောင်းသောဆိုင်များ ရှိကြ၏။ ထိုပဲအမျိုးမျိုးပြုတ်ရောင်း သောဆိုင်များသည် ပဲပြုတ်များကို နှမ်းဆီမွှေးမွှေးကလေးဆမ်း၍ ဆားတစ် ပွင့် နှစ်ပွင့်ဖြူးပေးတတ်၏။
မုန့်ဖြူအကြော် ရောင်းသောဆိုင်များမှာလည်း ၎င်းတို့ရောင်းချသော မုန့်ဖြူအကြော်ကို စားသောက်ရန်အတွက် ရေနွေးကို ပေးလေ၏။ ရေနွေး၌မူ တမာရွက်ခြောက်နှင့် သင်္ဘောရွက်အစိုကို ခတ်ပေး လေ၏။ ထို့ကြောင့် ရေနွေးသောက်ရသူများအဖို့ ဖန်ဖန်တွတ်တွတ်အရသာ နှင့် စိမ်းရွှေရွှေရနံ့ကြောင့် ရေနွေးအဖြူထည်သောက်ရသည်ထက် အဆ ပေါင်းများစွာသောက်၍ ကောင်းလေ၏။
တစ်စုံတစ်ခုကို ဝါး၍မနေရလျှင် လူတို့၏ သွား၌ ပျစ်ချွဲချွဲအရည်များ စိမ့်ထွက်လာတတ်၏။ ထိုအရည်ကို ‘သွားရည်’ ဟု ခေါ်၏။ ထိုသွားရည်များ မကြာခဏ ထွက်လျှင်လူသည် တစ်မျိုးတစ်ဖုံ အနေရအထိုင်ရခက်လာ၏။ ထို့ကြောင့် အဆာပြေရုံသာမက သွားရည်ကိုလည်း မထွက်စေရန်အတွက် လူတို့သည် မုန့်ကိုလည်းကောင်း၊ ပဲကိုလည်းကောင်း အနည်းအကျဉ်းမကြာခဏ စားသောက်ရပေသည်။ ထို့ ကြောင့် မုန့်နှင့်ပဲသည် သွားရည်၏အစာဖြစ်လေတော့၏။
ဤသည်ကိုအကြောင်းပြု၍ အပျင်းပြေသဘော စားသောက်သော အခါများကို ‘မုန့်ပဲသွားရည်စာ' ဟူ၍ တွဲစပ်ပြီး ခေါ်ဝေါ်ကြလေ၏။
ကျောက် ပန်းတောင်းမြို့၏ အပြင်ဘက်တွင်ရှိသော ညောင်မုတ်ဆိတ်ပင်ကြီး အောက် ၌မူ မုန့်ပဲသွားရည်စာဆိုင်များ အများအပြားရှိလေ၏၊ ထိုဆိုင်များနှင့် မလှမ်း မကမ်းလောက်တွင် မြင်းစာ၊ နွားစာရောင်းသော ဆိုင်များလည်းရှိကြ၏။ ထိုဆိုင်များ၌မူ မြင်းချည်တိုင်များလုပ်၍ထားတတ် ၏။
ဆီတော်နှင့်ကျန်ပင် သင်တို့သည် မြင်းစာရောင်းသော ဆိုင်တစ်ဆိုင် ရှေ့တွင် မြင်းများကို ရပ် လိုက်ကြလေ၏။ မြင်းများပေါ်မှ လွှားခနဲလွှားခနဲ ဆင်းလိုက်ကြလေ၏။
ထိုအချိန်၌ မြင်းစာရောင်းသောဆိုင်မှ သူငယ်ကလေးသည် ပြေး၍ ထွက်လာပြီးလျှင် မြင်းဇက်ကြိုးများကို တောင်းယူလိုက်လေ၏။ ဆီတော်နှင့် ကျန်ပင်သင်တို့က သူတို့၏မြင်းဇတ်ကြိုးများကို သူငယ်၏လက်ထဲသို့ အပ် လိုက်လေ၏။ သူငယ်လေးသည် မြင်းများကိုဆွဲသွားပြီးလျှင် ချည်တိုင်၌ ချည် ထားလိုက်၏။ ပြီးလျှင်မြင်းများ၏ တစ်ကိုယ်လုံးမှထွက်နေသော ချွေးများကို အဝတ်ကြမ်းကြီးဖြင့် ပွတ်တိုက်၏။ ထို့နောက်မှ မြင်းများကို အစာကျွေး၏။
ဆီတော်နှင့် ကျန်ပင်သင်တို့သည် ငွေစတစ်စ၊ ကြေးစတစ်စကို မြင်းစာရောင်းသော သူငယ်လေးထံ ပစ်ပေးလိုက်၏။ သူငယ်ကလေးက ကျင်လည်စွာ ဖမ်းယူလိုက်၏။ ထို့နောက်လက်ဝါးကိုဖြန့်ကြည့်ပြီး ငွေစနှင့် ကြေးစကိုမြင်လျှင် “အသပြာ” ဟုပြော၍ ပြုံးလိုက်လေ၏။ ငွေစကို ‘ငွေ’ ဟု ခေါ်၍ ကြေးစကို ‘ကြေး' ဟုခေါ်၏။ ငွေနှင့်ကြေးရော၍ပေးလျှင်မူ ငွေဟုလည်းမခေါ်၊ ကြေးဟုလည်းမခေါ်၊ ‘အသပြာ’ ဟု ခေါ်ရ၏။
ဆီတော်နှင့် ကျန်ပင်သင်သည် ညောင်မုတ်ဆိတ်ကြီးဘက်သို့ လျှောက်သွားကြရင်း သွားရည်စာဆိုင်များကို အကဲခတ်ကြည့်သွားကြ၏၊ ဆိုင်တိုင်းလိုလို၌ လူများပြည့်နေပြီဖြစ်၏။ အသက်လေးဆယ်အရွယ်ဂင်တို တို လူကြီးတစ်ယောက်သည် မုန့်စားနေသောဝိုင်းများသို့ အဖန်ရည်များလိုက်လံထည့်ပေးနေသည်ကို တွေ့ရ၏။ ထိုလူကြီးသည် အဖန်ရည်ထည့်ပေး ရင်း မလှမ်းမကမ်းမှ လျှောက်လာသော မိန်းမငယ်နှစ်ဦးကို တစ်ချက်လှမ်း ၍ကြည့်လိုက်၏။
ထိုကဲ့သို့ ကြည့်လိုက်စဉ် မိန်းမငယ်နှစ်ဦးအနက် အနည်း ငယ်အသားညိုသော မိန်းမငယ်က လက်သီးများကိုဆုပ်၍ လက်မထိပ်ချင်းထိပြလိုက်၏။ ထိုလူကြီးသည် ချက်ချင်းပင်နားရွက်ကို ကိုင်၍ပြလိုက်၏။ ထိုအချိန်၌ ထိုမိန်းမငယ်ကပင် လက်ညှိုးနှင့်လက်ခလယ်ကို ပူး ထားရာမှ ခွဲ၍ပြလိုက်၏။ ထိုလူကြီးသည် မယောင်မလည်နှင့် မိန်းမငယ် နှစ်ဦးထံသို့ လျှောက်လာ၏။ အနီးသို့ရောက်လျှင် အသံခပ်အုပ်အုပ်ဖြင့်
“ဂုတ်ဆီက လွှတ်လိုက်တာလား”ဟု မေးလိုက်လေ၏။
“မဟုတ်ဘူး။ ထိပ်ဆီကလာတာ။ ဘမဲကို ကျွန်တော်မတို့နဲ့အတူ ခေါ်သွားရမယ်လို့ မှာလိုက်တယ်”
ဟု ဆီတော်က ပြန်ဖြေလိုက်လျှင် ထိုဂင်တိုတိုလူသည် အနည်းငယ် တွေ၍ သွားလေ၏။
“ဘယ်ကိုသွားရမယ်ဆိုတာ ပြောတော့ ပြောဖူးတယ်။ မယ်မင်းတို့ နှစ်ဦးကို ထိပ်ကလွှတ်လိုက်တယ်ဆိုတာ ကျုပ်က ဘယ်လိုယုံကြည် ရမှာလဲ။ ကာလက ဆုတ်ကပ်။ အတုအယောင်တွေက ပေါပါဘိသ နဲ့ မယ်တို့ရယ်။ လေးဆယ်ကျော်အရွယ် နှောင်းခါမှ သူတစ်ပါးလိမ် တာခံရရင် ဘယ်ကောင်းမတုံး” ဟု ပြန်၍ပြောကာ ဂင်တိုတိုလူကြီးသည် မိန်းမငယ်နှစ်ဦးကို အကဲခတ်လိုက်လေ၏။
ထိုအခါ ကျန်ပင်သင်က . . ...
“ထိပ်ကလွှတ်လိုက်တာလို့ ပြောရုံအပြင် နောက်ထပ်သက္ကာယပြစရာမရှိဘူး။ မယုံရင်တော့ စမ်းကြည့်ပေါ့” ဟုပြောလိုက်သည့် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဂင်တိုတိုလူကြီးသည် ကျန်ပင်သင်၏ မျက်နှာကို လက်ပြန်ရိုက်ချလိုက်၏။ ကျန်ပင်သင်က မရှောင်ဘဲ ထိုလူကြီး၏နံကြားအား ခုန်၍ ခြေဦးဖြင့်ကန်လိုက်၏။ မိမိ ရရမထိသော်လည်း ထိုလူကြီး ဟန်ချက်ပျက်သွား၏။
ထိုအခါ၌ ဆီတော်က ထိုလူကြီး၏ဒူးခေါက်ခွက်ကို နင်း၍ ဒူးအလွှတ်၌ ကုပ်မှဆွဲ၍လူကြီးအား ကိုင်ပေါက်လိုက်လေ၏။ ထိုလူကြီးလွင့်သွား၏။ သို့သော်အကျ၌ ခြေကား ယားလက်ကားယားမဖြစ်။ ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာကျ၏၊ ကျလျှင် ကျချင်း ထိုလူကြီးက . .
“ထို့အဘိုး တို့အဘွား တမ္ပဒီပသား”
ဟု ပြန်၍ အော်လိုက်လေ၏။ ဆီတော်နှင့်ကျန်ပင်သင်မှာ ဆက်လက်၍ တိုက်ခိုက်ရန်ရွယ်ထား သော လက်များကို ပြန်၍ ရုပ်သိမ်းလိုက်လေ၏။ ထိုအခါဂင်တိုတိုလူကြီးသည် ဆီတော်နှင့် ကျန်ပင်သင်တို့ဆီ ပြန်လျှောက်လာပြီးလျှင်
“သိပ်ကောင်းတဲ့ သက္ကာယပဲ။ ယုံပါပြီ မယ်မင်းတို့ရယ်”ဟု ပြောလိုက်လေ၏။
ထို့နောက် ဆီတော်နှင့်ကျန်ပင်သင်တို့သည် ထောင့်အကျဆုံးဆိုင် ၏ ထောင့်အကျဆုံးစားပွဲတွင်ထိုင်ကာ မုန့်ပွဲများကို မှာယူစားသောက်ကြ ပြီးလျှင် ဂင်တိုတိုလူကြီးအား အနီးသို့ခေါ်ကာ
“ကျွန်မတို့နှစ်ယောက်ရယ်၊ အဘရယ်သုဝဏ္ဏဘုမ္မိကိုသွားရမယ်။ အဲဒီမှာ ဇာတ်မြှုပ်နေပြီး စစ်သတင်းတွေကို ထောက်လှမ်းရမယ်။ ပြီးတော့ ဖြစ်တဲ့နည်းနဲ့ ဦးစီးချုပ်ဆီကို သတင်းပြန်ပို့ပေးရမယ်” ဟု ကျန်ပင်သင်က ခပ်တိုတိုပြောလိုက်လေ၏။
“ဟုတ်ရဲ့လား မယ်မင်းတို့ရယ်၊ ပဉ္စမံသူလျှိုတပ်ရင်းရဲ့ တပ်မှူးချုပ် ကျန်စစ်သားဆီကို ပြန်ပို့ရမှာ မဟုတ်ဘူးလား"
ဟု အဘငမဲက ပြန်၍မေးလိုက်သည်။
“မဟုတ်ဘူး အဘငမဲရဲ့။ ကျွန်တော်မတို့ သုံးယောက်ကို ဦးစီးချုပ် သေနာပတိကြီးကိုယ်တိုင်က သီးခြားခိုင်းလိုက်တာ။ ကျွန်မတို့ သူလျှိုသုံးယောက်လုံး သုဝဏ္ဏဘုမ္မိမှာ ဇာတ်မြှုပ်နေထိုင်ပြီး ဦးစီးချုပ်နဲ့ ပြန်လည်ဆက်သွယ်နိုင်တဲ့အပြင် ဦးစီးချုပ်ကိုယ်တိုင်က ကျွန်မတို့ သုံးယောက်ဆီကို သူလျှိုနည်းနဲ့ ဆက်သွယ်နိုင်တဲ့အထိ လုပ်ရမယ့်လုပ်ငန်းကြီးက လွယ်တဲ့လုပ်ငန်းမဟုတ်ဘူး။ ဒါကြောင့် အဲဒီကိစ္စကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဦးစီးချုပ် ကိုယ်တိုင်ကိုင် ထားတာ။ အဲဒီ စစ်ဆင်ရေးကို ဦးစီးချုပ်က `မယ်မင်းကြီးမအောင် လံထူစစ်ဆင်ရေး’ လို့ နာမည်ပေးထားတယ်။
အဲဒီစစ်ဆင်ရေး အခြေအနေပေါ်ကြည့်ပြီးမှ သုဝဏ္ဏဘုမ္မိကို အပြီးအပိုင်တိုက်ခိုက် စစ်ဆင်ရေးကြီးတစ်ရပ် ဆင်နွှဲရမယ်။ အဲဒီ စစ်ဆင်ရေးကိုတော့ ‘မြေဝါမြေ စစ်ဆင်ရေး” လို့ ဦးစီးချုပ်က အမည်ပေးထားတယ်။ ‘မြေဝါမြေ စစ်ဆင်ရေး’ ဟာ ‘မယ်မင်းကြီးမ စစ်ဆင်ရေး” အပေါ် လုံးဝမှီခိုနေတယ်။ မယ်မင်းကြီးမ စစ်ဆင်ရေးအောင်မြင်မှ မြေဝါ မြေ စစ်ဆင်ရေးကို ဆင်နွှဲနိုင်မယ် မဟုတ်လား”
ဟု ဆီတော်က ပြောလိုက်လေ၏။ ထိုအခါ ငမဲက . . . .
“အခု မယ်မင်းတို့ပြောတာတွေကို အမှန်တွေပါလို့ သက္ကာယပြနိုင် သလား"
ဟု မေးလိုက်ရာ ဆီတော်က
“ဒီမယ် အဘအဲဒီကိစ္စက တိုးတိုးတိတ်တိတ်လုပ်ရတဲ့ကိစ္စဖြစ် တယ်။ ဒါကြောင့် ကျွန်တော်မတို့အနေနဲ့ သက်သေလည်းမပြနိုင် ဘူး။ သက္ကာယလည်း မပြနိုင်ဘူး”
ဟု ပြန်၍ ပြောလိုက်လေ၏။
တစ်စုံတစ်ခုသော အကြောင်းအရာအတွက် ယုံကြည်စေရန်တစ်ပါးသူအား ထောက်ခံပြောဆိုခိုင်းခြင်းကို သက်သေဟုခေါ်၏။
မိမိကိုယ်တိုင်ထောက်ခံပြောဆိုခြင်းကို သက္ကာယဟုခေါ်၏။
ထို့ကြောင့် ဆီတော်ကမိမိကိုယ်တိုင်အနေဖြင့်လည်း ဒီထက်ပြောရန်မရှိ၊ အခြားသောထောက်ခံသူလည်း ပြရန်မရှိသောကြောင့် သက်သေရော၊ သက္ကာယပါ ပြရန်မရှိဟုပြောဆိုလိုက်ခြင်းဖြစ်၏။ ထိုအခါငမဲသည် လက်ဝါးနှစ်ဖက်ကို တွင်တွင်ကြီး ပွတ်လိုက်လေ၏။ ထို့နောက် မိန်းမငယ်နှစ်ဦး၏ မျက်နှာကို စေ့စေ့ကြည့် လိုက်ပြီးလျှင် ငမဲက . . .
"ဒီမယ် မယ်မင်းတို့။ ကျယ်လောင်စေချင်ရင်တော့ ‘ဗုံ' ကိုတီးရ တယ်။ ‘ဗုံ” ဆိုတာက အနည်းဆုံး အရှည်နှစ်တောင်ရှိရမယ်။ 'ပတ်' ဆိုတာကတော့ အရှည်တစ်တောင်ထက်မကျော်ရဘူး။ အခုမယ် မင်းတို့စကားက 'ဗုံ လည်းမကျ၊ ‘ပတ်” လည်းမမည်၊ ‘ဗုံ’ မဟုတ်၊ “ပတ်မဟုတ်ပါလား”
ဟု ပြောလိုက်ရာ ကျန်ပင်သင်က . . .
“ဒီမယ် အဘမဲ . . ကျွန်တော်မတို့ စကားကိုယုံရင် လိုက်ခဲ့ပါ၊ မယုံရင်လည်း မလိုက်ရုံရှိတော့တာပေါ့။ ရေလမ်းခရီးမှာ လှေဟာ သွားလို့မရအောင် သောင်ပေါ်တင်ချင်တင်နေ၊ မတင်ဘဲ ရေထဲကျ ချင်လည်း ကျနေ အဲဒါက ကောင်းတယ်။ အခုဟာကတော့ အဘမဲ စကားက “သောင်မတင်ရေမကျ' ဖြစ်နေတယ်" ဟု ပြောလိုက်လေ၏။
ထိုအခါ ငမဲက . . . .
“မယ်မင်းတို့ ခေတ်ကာလ မိန်းကလေးတွေဟာ စကားပြောရင် 'ပုတီးစိခြောက်ခွက်' (ပလီစီခြောက်ချက်) ပြောတက်ပါဘိတောင်း” ဟု ပြောလိုက်လေ၏။
ခြောက်ဆိုသည်မှာ ပက်ကြားအက်သောမြေကို ခေါ်၏။ ထိုပတ် ကြားအက်အတွင်းသို့ ပုတီးစေ့ကျနေလျှင် မျက်စိဖြင့် မြင်နိုင်သော်လည်း ကောက်ယူ၍မရနိုင်ပေ။ ဤအဖြစ်မျိုးကို “ပုတီးစေ့ခြောက်ခွက်’ ဟု ပြောလေ့ ရှိကြ၏။ ထို့အတူပင် နားဖြင့်ကြားရသော်လည်း ယုံကြည်ရန် ခက်ခဲသော စကားကို ‘ပုတီးစေ့ခြောက်ခွက်’ ဟု ပြော၏။ ကာလကြာလာသောအခါ ‘ပလီစီခြောက်ချက်’ ဟု ပြောင်းလဲသွားလေတော့၏။ ထိုအခါ ဆီတော်က. .
“အဘမဲနဲ့ စကားပြောရတာ တောင်စဉ်ခုနစ်ထပ်မှာ ရေရှာရသလို ပဲ။ တောင်စဉ်သာကုန်သွားမယ်။ ရေက ရမှာမဟုတ်ဘူး။ အဲဒီလို ‘တောင်စဉ်ရေမရ’ စကားတွေနဲ့ ကျွန်တော်မတို့ အချိန်မဖြုန်းနိုင် ဘူး။ လိုက်မလား၊ မလိုက်ဘူးလား။ တစ်ခွန်းတည်းဖြေ”
ထိုအခါ ငမဲသည် လက်နှစ်ဖက်ကို တွင်တွင်ကြီးပွတ်ပြန်၏။
“မဲ မလိုက်လို့တော့ ဘယ်ဖြစ်မလဲ မယ်မင်းတို့ရယ်။ လိုက်ရမှာ ပေါ့”
ဟု ငမဲကပြော၍ မခိုးမခန့် ပြုံးလိုက်လေ၏။ အကယ်၍ မိမိအနေဖြင့် မလိုက်ဘူးဟု ငြင်းလိုက်သည်နှင့် မိမိ၏နံကြားအတွင်းသို့ ဓားများဝင်ရောက်မည်ကို ငမဲသည် ကောင်းစွာသိနေ၏။ အလွန်မတန်အရေးကြီးသော လျှို့ဝှက်ချက်ကို ဖွင့်ပြောခဲ့ပြီးမှ မိမိတို့နှင့် အတူ မလိုက်ပါသူအား ဤသူလျှိုမ မိန်းမချောလေးနှစ်ဦးသည် အရှင်အတိုင်းထားခဲ့လိမ့်မည် မဟုတ်ပေ။ သူတို့သည် အပြီးအပိုင်နှုတ်ပိတ်သွားမည် သာဖြစ်၏။ ဤအချက်ကိုသိသော ငမဲက “မလိုက်လို့ ဘယ်ဖြစ်မလဲ” ဟု ပြောကာ မခိုးမခန့် ပြုံးလိုက်ခြင်းဖြစ်၏၊
ထို့နောက် ၎င်းတို့သုံးဦးသည် မြို့တံခါးဖွင့်သည်နှင့် မြို့တွင်းသို့ ဝင်ကြလေ၏။ မြို့တွင်းသို့ရောက်လျှင် ဘမဲစီးရန်အတွက် မြင်းတစ်ကောင် ကို ရှာဖွေဝယ်ယူကြလေ၏။
ထို့နောက် ၎င်းတို့သုံးဦးသည် ကျောက်ပန်းတောင်းမြို့ မှ ထွက်ခွာ လာခဲ့ကြလေ၏။ မြို့ အပြင်သို့ရောက်သည်နှင့် သုံးဦးသား မြင်းသုံးစီးကို ကဆုန်စိုင်း၍ သွားကြလေတော့၏။
အနာဂတ် တမ္ပဒီပတိုင်းပြည်နှင့် ထိုတိုင်းပြည်တွင် မှီတင်းနေထိုင် ကြကုန်သော လူသားတို့၏ကံကြမ္မာကို ပြောင်းလဲဖြစ်စေမည့် ဤလူသား သုံးဦး (သို့မဟုတ်) ပြည့်လက်ရုံးသုံးဦး (သို့မဟုတ်) သူလျှိုသုံးဦး ကဆုန် စိုင်း၍စီးသွားသော မြင်းခွာသံများသည် အနာဂတ်သုဝဏ္ဏဘုမ္မိ၏ ကံကြမ္မာ ကို ယိုင်စေ၏လော…ယိုင်၏လော။
* * * * *
ဥဿာပဲခူးသို့ အဝင်
သူလျှိုသုံးဦးသည် မြင်းများဖြင့် ခရီးထွက်လာခဲ့ကြရာ မြေ၏အ ရောင်မှာ လွန်စွာနီမြန်းသောကြောင့် မဇ္ဈိမတိုင်းသားတို့က ယာခင်းလုပ် တိုင်ရန် အထူးသင့်လျော်သော မလာမြေမျိုးဟူ၍ ချီးမွမ်းထောပနပြုရ သည့် မြေနီရာအရပ်သို့ ဆိုက်ရောက်ခဲ့ကြလေ၏။ ထိုအရပ်ကား မြေနီရာ အရပ်အဖြစ်လည်းကောင်း၊ မနီလာ ဟူ၍လည်းကောင်း လူသိများကြသော် လည်း တမ္ပဒီပသားတို့ကမူ ဤအရပ်ကို “မိတ္ထီလာ” ဟူ၍ခေါ်ဝေါ်ကြ၏။
ရေတွင်းများ၏ ဘောင်များတွင် အသုံးပြုသောအုတ်များကို ဤ အရပ်မှရရှိ၏။ အုတ်ဖုတ်သောသူများ အုတ်ဖုတ်လုပ်ငန်းများကို တွင်တွင် ကျယ်ကျယ် လုပ်ကိုင်သော အုတ်ကုန်သည်ကြီး (အုတ်သူကြီးများ) နေထိုင် ကြလေ၏။
ထိုအရပ်တွင် သာယာလှပသော ရေကန်တစ်ကန်လည်းရှိ၏၊ ထိုရေကန်အနီးတစ်ဝိုက်တွင် နေထိုင်ကြသူတို့ကား အနံ့အရသာနှင့် ပြည့်စုံ သော အသီးအနှံတို့ကို စားသောက်ကြရ၏။ နူးညံ့သောအဝတ်အထည်များ ကို ဝတ်ဆင်ကြရ၏။ ရေကြည်ကို သောက်ကြရ၏။ ထို့ကြောင့် ထိုအရပ် တွင် နေထိုင်သူတို့ကား စိတ်ချမ်းမြေ့ကြရကုန်၏။ စိတ်ချမ်းမြေ့ရသော ကြောင့် မျက်နှာများလည်း ကြည်လင်ကြကုန်၏။ အစဉ်သဖြင့် မိမိအိမ်သို့ လာရောက် တည်းခိုသည့် ဧည့်သည်တို့ကို စောင့်မျှော်လျက် ရှိကြကုန်၏။ ဧည့်သည်လာလျှင် ကျွေးမွေးရန်မအတွက် ဆန်သည်လည်းကောင်း၊ ဆီသည် လည်းကောင်း၊ အသီးအနှံသည်လည်းကောင်း အဆင်သင့်ရှိကြကုန်၏။
ဆီတော်၊ ကျန်ပင်သင်နှင့် ငမဲတို့သည် မိတ္ထီလာမြို့တွင်းသို့ ရောက် ရှိနေကြပြီဖြစ်၏။ ငမဲသည် ၎င်းတို့စီးနင်းလာသော မြင်းသုံးကောင်ကို အုတ် သူကြီးအနီးထံတွင် ရောင်းချပစ်လိုက်ပြီဖြစ်၏။ ထိုရောင်းချ၍ရသော ငွေ ဖြင့် လေး၊ မြား၊ သားလှီးဓားမှအစ ထမ်းပိုးဆိုင်းထမ်း၊ ခေါင်းရွက်ဗျက် စသည်တို့ကို ဝယ်ခြမ်းပြီးဖြစ်၏။
၎င်းအရပ်မှထွက်သောအခါ ၎င်းတို့သုံးဦးသည် မုဆိုးသားအဖ အဖြစ် ရုပ်ဖျက်ကာ ထွက်လာနိုင်ခဲ့ကြပြီဖြစ်၏။ ငမဲသည် မိတ္ထီလာအနီး တစ်ဝိုက်ရှိ တောစပ်နှင့် ခင်တန်းတစ်ဝိုက်တွင် အမဲလိုက်လေ၏။ ရရှိသော သားကောင်များကို ဖျက်၍ ဆီတော်နှင့်ကျန်ပင်သင်တို့သည် ဗျက်များဖြင့် ရွက်ကာ တစ်ရွာဝင် တစ်ရွာထွက် သားစိမ်းသည်လေးများအဖြစ် ရောင်းချ ရင်း ခရီးတစ်ခုကို တရွေ့ရွေ့ဆက်ခဲ့ကြလေ၏။
၎င်းတို့သည် တရွေ့ရွေ့ထွက်လာခဲ့ကြရာ သာယာ၍ စည်ပင်လှပ သော ‘သာစည်’ ဆိုသည့်အရပ်သို့ ရောက်ခဲ့ကြလေ၏။ ထိုမှတစ်ဖန် လွန်စွာ လှပရှည်လျားသော ရေကန်ကြီးနံဘေးမှ ဖြတ်ကာ တောင်ဘက်စူးစူးသို့ ခရီးဆက်ခဲ့ကြ၏။
စမ်းချောင်းများ၊ တောင်ပူစာများတွင် ငှက်ပျောပင်များ ပေါက် ရောက်သည့်အပြင် မြေလည်းလွန်စွာအရောင်အသွေး ဆန်းသောကျောက်ဆန်းများထွက်သဖြင့် ရောက်ရှိလာသူတို့အဖို့ စိတ်နှလုံးပျော်မွေ့၍ 'ပျော်ဖွယ်ကသိပြီးသော အရပ်သို့ ဆိုက်ရောက်ခဲ့ကြလေ၏၊
မုဆိုးသားအဖသုံးဦးသည် ဤအတိုင်းခရီးထွက်ခဲ့ကြရာ ဥဿာပဲခူး ထုဆိုသည့် လွန်စွာသိုက်မြိုက်လှသော ပြည်ကြီးတစ်ပြည်၏ မြို့တံခါးအနီး သို့ ရောက်ခဲ့ကြလေ၏။
ထိုထိုင်းပြည်သူ ထိုင်းပြည်သားတို့သည် ငွေကြေးအသပြာ ဖူလုံကြ ၏။ အဝတ်သစ် အစားသစ်များကို ဝတ်ဆင်ကြ၏။ ပွဲလမ်းသဘင်ကို မွေ့ လျော်ကြ၏။ ငမဲသည် ဆီတော်နှင့် ကျန်ပင်သင်တို့အား မြို့ အပြင်ရှိ ကုက္ကို ပင်ကြီး တစ်ပင်အောက်၌ထားခဲ့ပြီး ၎င်းကမူ မြို့တွင်းသို့ဝင်၍ မြို့၏အ ကြောင်းကို နားလည်ရန် ကြည့်ရှုလေ့လာ၏။ မြို့သူမြို့သားအချင်းချင်း ပြောဆိုသောစကားများကို လေ့လာမှတ်သား၏။
မြင်မြင်သမျှကို ကြည့်၏။ ကြားကြားသမျှကို မှတ်၏။ မြင်သမျှကို ကြည့်၍ ရှေ့တွင်မည်သို့မည်သည်ကို ချင့်ချိန်ရ၏။ ဥဿာပဲခူးတိုင်း ပြည်သူ မိန်းမများသည် မဇ္ဈိမမှလာသော အဝတ်အထည်များကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်ကြသည်ကိုမြင်ရ၏။ ဤအကြောင်းကိုထောက်လျှင် မဇ္ဈိမအထည် ကုန်သည် တိုင်းတပါးသားတို့သည် ၎င်းတို့နေထိုင်ရာအရပ်မှ အထည်အ ဝတ်များ ရောင်းဝယ်ဖောက်ကားရန် ဥဿာပဲခူးဆီသို့ ကူးလာကြပေလိမ့် မည်။ ထိုကူးလာသူတို့သည် ဤတိုင်းပြည်၌ စားရန်၊ နေရန် အနေချောင် ပါက မူလနေထိုင်ရာအရပ်သို့ မပြန်တော့ဘဲ ဥဿာပဲခူး၌ပင် သေတစ်ပန် သက်တစ်ဆုံး နေထိုင်သွားကြပေလိမ့်မည်။ ထိုအခါ၌ မဇ္ဈိမမှတူးလာသူတို့ သည် ဤပြည်၌ ကူးလာဟူသော လူမျိုးတစ်မျိုးအဖြစ် တွင်ကျယ်စွာ နေထိုင် ကြပေလိမ့်မည်။ ထိုကူးလာလူမျိုးများသည် ကာလကြာသော် “ကုလား” လူမျိုး ဟူ၍ ပင် ခေါ်ဝေါ်ကြပေလိမ့်မည်။ ဤသို့ မြင်မြင်သမျှထိုကြည့်၍ နောင်ဖြစ် ရွံ့ကို ခန့်မှန်းခြင်းအလုပ်ကား ‘နိမိတ်' ဟူ၍ ခေါ်၏။
ဥဿာပဲခူးသားတစ်ဦးသည် ဈေးဝယ်ရန်အလို့ငှာခြင်းတောင်းကို ကိုင်၍ ဈေးသို့ထွက်လာ၏။ ဈေးအနီးတွင် ၎င်းနှင့်သိကျွမ်းသူတစ်ဦးက ၎င်းအားတွေ့မြင်သောအခါ . . .
“ဘယ်လိုလဲ ကိုရင်ရဲ့။ နေ့တိုင်း ကိုယ်တိုင်ဈေးဝယ်ထွက်ရလားမိန်းမကို မခိုင်းတော့ဘူးလား" ဟု မေးလိုက်၏။
ထိုအခါ ဈေးခြင်းတောင်းကိုင်လာသူက
“ကျုပ်က ဥဿာပဲခူးသားအစစ်ဗျ။ အဲဒီတော့ မိန်းမကြောက်ရ တယ်။ ကျုပ်တို့ ဥဿပဲခူးဆိုတာ အရင်က သမုဒ္ဒရာကြီးမဟုတ် လားဗျ။ အဲဒီမှာက ရေပေါ် ပေါ်နေတဲ့ကျွန်းကလေးဆိုလို့ စကော ကလေးတစ်ချပ်စာလောက်ရှိတာဗျ။ ဟင်္သာအဖို၊ အမနှစ် ကောင် ပျံပြီးလာကြတာ။ အဲဒီကျွန်းကလေးက ကျဉ်းလွန်းအား ကြီးလို့ နှစ်ကောင်စလုံးခြေချဖို့ မရနိုင်ဘူးဗျ။ အဲဒီတော့ ဟင်္သာ အဖိုက အရင်နားရတယ်။ ပြီးတော့မှ ဟင်္သာအမက ဟင်္သာအဖို ရဲ့ ကျောပေါ်မှာတက်ပြီး နားရတယ်။ အဲဒီကတည်းက စပြီး ဥ ဿာပဲခူးသားတွေဟာ ဓာတ်သက်ပါလာပြီး မိန်းမကိုကြောက်ရ တော့တာပဲဗျို့”
ဟု ပြန်လည်ပြောဆိုကာ ရယ်မောလေ၏။ ငမဲသည် ဤအကြောင်းအရာကို သေချာစွာမှတ်၏။ ဤအကြောင်း အရာသည် ဥဿာပဲခူးတို့၏ အတိတ်ထုံးကို ဖော်ပြနေ၏။ ထိုသူနှစ်ဦးပြော သကဲ့သို့ ယောက်ျားသည် မိန်းမကိုကြောက်ရသည် ဆိုသောစကားသည် မမှန်ဘဲရှိစေဦးတော့။ ထိုသူတို့သည် အခြားသောအရပ်သားများကဲ့သို့ မိန်းမ များကို ချောင်ထိုး၍ ထားမည်မဟုတ်။ အရေးပေး၍ ရှေ့တန်းတင်ကြမည် မှာ ၎င်းတို့၏ ဓလေ့ထုံးတမ်းဖြစ်မည်ဟု ငမဲက နားလည်သွား၏။
ထို့ကြောင့် မြင်မြင်သမျှ နိမိတ်ဖြစ်၍ ကြားကြားသမျှသည် အတိတ်ဖြစ်၏။
ထို့အပြင် ဥဿာပဲခူးသားသည် တမ္ပဒီပဘက်ဆီမှ ကုန်သည်များ သခင်တထက် ပိုမိုများပြားစွာ ဝင်ရောက်နေကြောင်းကို နေရာတော်တော် များများ၌ အကြိမ်အတော်များများ ပြောဆိုနေကြသည်ကို ငမဲသည် ကြား ရ၏။
ဥဿာပဲခူးသားတို့သည် တမ္ပဒီပမှ ကုန်သည်များ လမ်းပွင့်ခြင်းကို ကြိုဆိုသော်လည်း စစ်တိုက်ရန်အတွက် စစ်လမ်းပွင့်မည်ကိုမူ ထိတ်လန့်နေ ပုံရ၏။ ဥဿာပဲခူးသားတစ်ဦးက အခြားဥဿာပဲခူးသားနှစ်ဦးအား .
“အခုတလော တမ္ပဒီပဘက်က လူအဝင်အထွက်များနေတယ်။ ငါ တော့ စစ်ဖြစ်မှာ သိပ်ပြီးစိုးရိမ်တယ်”
ဟု ပြောလိုက်ရာ နားထောင်သူ နှစ်ဦးအနက်တစ်ဦးက “စစ်ဖြစ်တော့လည်းတိုက်ရုံပေါ့ကွာ။ ယောက်ျား ဓားသွေး၊ မိန်းမ သားမွေးတဲ့ကွ၊ တို့သေသွားရင် တို့သားသမီးတွေ ပေါ်လာမှာပေါ့ ကွာ”
ဟုပြောလိုက်ရာ ပထမလူက ...
“ဒီလို အလွယ်မပြောနဲ့ကွ။ တို့တိုင်းပြည်မှာက စစ်တိုက်ဖို့ဆင်တပ် ဆိုတာ မည်မည်ရရမရှိဘူး။ ရထားတပ်တို့၊ မြင်းတပ်တို့ဆိုတာတော အားကိုးလောက်လို့လား။ စစ်ကို ကွပ်ကဲနိုင်တဲ့ စစ်သူရဲကောင်း ဆိုတာကော ဘယ်နှယောက်ရှိလို့လဲ။ တမ္ဗဒီပက ဘုရင်အနော် ရထာဟာ သူကိုယ်တိုင်လည်း စစ်ကိုကောင်းကောင်းကွပ်ကဲပြီး တိုက်နိုင်တယ်။ သူ့လက်အောက်မှာ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး၊ ဗျတ္ထဆိုတဲ့ စစ်သူရဲကောင်းတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ဘူး။ တကယ်တိုက်ရရင် ထမင်းအိုး တစ်လုံး ချက်အတွင်းမှာတင် ငါတို့တိုင်းပြည် ကျသွားနိုင်တယ်” ဟုပြောလိုက်လေ၏။
သူလျှိုငမဲသည် ထိုစကားကို မှတ်သားပြီး ပဲခူး၏စစ်အင်အားကို ချင့်တွက်၍ နားလည်နိုင်၏။ ဤသို့သော အများစုပြောဆိုနေသည့် စကား မျိုးကို “စနည်း” ဟု ခေါ်၏။
ထို့ပြင် လူကြီးတို့ပြောသောစကားများကို ထိုကလေးငယ်တို့က ကြားလျှင် ၎င်းတို့နည်း၊ ၎င်းတို့ဘာသာ အဓိပ္ပာယ်ကောက်၍ အချင်းချင်း ပြောဆိုရာကအစ တွင်ကျယ်လာသော စကားတို့သည်လည်းရှိ၏။ ထိုစကားတို့မှာ ဘုရင်အနော်ရထာသည် နံနက်တွင် လာသည်ဖြစ်စေ၊ သို့မဟုတ် ညတွင် လာသည်ဖြစ်စေ၊ ဥဿာပဲခူးကို နိုင်လိမ့်မည်မှာသေချာ၏။ နိုင်လျှင် အခြားစိန်ရွှေရတနာများသာမက ဥဿာပဲခူးကိုနိုင်မည်။ ဘုရင်၏ သမီ တော် 'မဏိစန္ဒာ'ကိုပင် သိမ်းပိုက်ယူငင်သွားပေလိမ့်မည်ဟု ကလေးတွေး တွေးကာ အောက်ပါအတိုင်း ရွတ်ဆိုနေကြလေ၏။
“မနက်ပဲလာလာ၊ ညပဲလာလာ “မဏိစန္ဒာ” ကတော့ ပါမှာပဲ။ပါမယ့်အတူတူ ရန်မမူနဲ့။ အမြန်ယူပို့ပေး”
ဤသို့ ကလေးများရွတ်ဆိုနေသော စကားများကို ငမဲသည် မှတ်သား၏။
ကလေးသည် လူကြီး၏ အသည်းနှလုံးဟာဒယများဖြစ်၏။ ကလေး ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသောစကားတို့သည် ကလေး၏ ဟာဒယနှလုံး မှ ထွက်ပေါ်လာသော စကားလုံးများဖြစ်၏။ ထို့ကြောင့် ကလေးများပါးစပ် မှ ထွက်လာသောစကားများသည် လူကြီးများ၏ဟာဒယ နှလုံးများမှ ထွက် ပေါ်လာသော အနှစ်အချုပ်စကားများဟု ခေါ်ဆိုနိုင်၏။
ထိုစကားများသည် မဖြစ်သေးသည်ကို ကြိုတင်၍ ထွက်ပေါ်လာသောစကားများ ဖြစ်တတ်ပေ ၏။ ထိုမဖြစ်သေးသောအရာမျာသည်လည်း ကောင်းသောအရာများထက် ဆိုးသောအရာများသည်သာ ဖြစ်လာတတ်သည်ဖြစ်ရာ ထိုမကောင်းသော အဖြစ်အပျက်များကို မည်သူတစ်စုံတစ်ယောက်မှ တမ်းတကြလိမ့်မည် မဟုတ်။ ထိုသို့ မတမ်းတခြင်းကို “မတဘောင်’ ဟု အလွယ်ခေါ်၏။ ကြာ သော် ရှေ့မှ ”မ"ကိုဖြုတ်၍ 'တဘောင်' ဟု တွင်လေ၏။
ငမဲသည် နိမိတ်၊ အကြား၊ အတိတ်၊ အများပြောသည့် စနည်း၊ ကလေး ပြောသည့် တဘောင်များကို ကြည့်ရှုမှတ်သားပြီးလျှင် ဥဿာပဲခူး ၏ ပစ္စခတ်အခြေအနေနှင့် အနာဂါတ်အခြေအနေများကို ကောင်းစွာတွတ် ချက်နိုင်ပြီဖြစ်၏။
ထို့နောက် ၎င်းအလိုရှိသောပစ္စည်း အချို့ကိုဝယ်ယူ၍ မြို့အပြင် သို့ ခဲ့လေတော့၏။ မြို့အပြင်သို့ရောက်လျှင် ကုက္ကိုပင်ကြီးအောက်၌စောင့်နေသော ဆီတော်နှင့် ကျန်ပင်သင်တို့အား တွေ့ရလေတော့၏။ ဆီတော်က ငမဲအား
“ဘမဲ .. စနည်းထူးသလား" ဟုမေးလေ၏။ ထိုအခါ ငမဲက . . .
“ထူးပြီလားကွယ်။ ဥဿာပဲခူးက ငါတို့တမ္ပဒီပက စစ်လာတိုက်မှာ ကို အတော်ပဲကြောက်လန့်နေကြတယ်။ ကြောက်မယ်ဆိုရင်လည်း ကြောက်စရာပဲကိုး။ ဒင်းတို့မှာ စစ်အင်အားမှ ကောင်းကောင်းမရှိ ရှာပဲ။ အဲဒီတော့ စစ်ဖြစ်တဲ့ထိ ခေါင်းမာနိုင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ ဘုရင် အနော်ရထာစစ်ချီတော်မူမယ်ဆိုတာနဲ့ ဥဿာပဲခူးဘုရင် ဟာ ‘ကျွန်တော်မျိုးကို စစ်မပြုပါနဲ့။ ကျွန်တော်မျိုးဟာ ခင်ဗျားကို အန္တရာယ်ပေးမယ့်လူ မဟုတ်ပါဘူး။ မယုံရင် ကျွန်တော်မျိုး အင်မ တန်ချစ်တဲ့ ကျွန်တော်မျိုးရဲ့ သမီတော်ကို မယားအဖြစ်ယူထားပါ။ ကျွန်တော်ဟာ ခင်ဗျားကို အန္တရာယ်ပေးလာရင် ကျွန်တော်မျိုး သမီးတော်ကို သတ်ပစ်လိုက်” ဆိုတဲ့သဘောနဲ့ တို့ရဲ့ စစ်ဦးစီးချုပ် အတွက် သူ့ရဲ့သမီးကို ဆက်သလိုက်မှာပဲ” ဟု ပြောလိုက်လေ၏။
“အဲဒီလို ဆက်သလိုက်ရင် စစ်မတိုက်ရတော့ဘူးလား” ဆီတော်က မေးလိုက်လေ၏။
“သမီးရလို့ စစ်မတိုက်တာမဟုတ်ဘူး။ စစ်တိုက်ဖို့ မလိုလောက် အောင် ယုံကြည်သွားရလို့ စစ်မတိုက်ရတာ မယ်မင်းကလေးရဲ့”
ဟု ငမဲက ပြန်ပြလေ၏။ ထိုအခါ ကျန်ပင်သင်က ...
“ဘုရင့်သမီးတော်ဆိုတာလည်း အင်အားရှိတဲ့နိုင်ငံရဲ့သမီးတော်ဖြစ် မှ ကောင်းတာပါ။ အင်းအားမရှိတဲ့နိုင်ငံရဲ့ သမီးတော်ဖြစ်ရတာ ဟာ စစ်မတိုက်ဖို့ အပေါင်တင်ထားရတဲ့ အပေါင်ပစ္စည်း၊ ဒါမှ မဟုတ် နှစ်နိုင်ငံငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ချုပ်ဆိုထားရတဲ့ ငြိမ်းချမ်းရေးစာချုပ်ကလေးတစ်စောင်လောက်ပဲ တန်ဖိုးရှိတော့တယ်၊ တကယ်ကတော့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးပေးနိုင်တာမ ဟုတ်ဘူး။ အချယ်အလှယ်ခံဘဝပဲ ဖြစ်တယ်” ဟု ပြောလိုက်ရာ ငမဲက
"မှန်ပေသပေ့ မယ်မင်းရယ်။ မယ်မင်းတို့ကတော့ အချယ်အလှယ် ခံမဟုတ်ဘူး။ ကံကြမ္မာကို ဖန်တီးမယ့်သူတွေပဲ ဖြစ်တယ်” ဟုပြောလိုက်ရာ ဆီတော်နှင့် ကျန်ပင်သင်တို့သည် ငမဲ၏စကားကို လွန်စွာသဘောကျသွားလေတော့၏။ ထို့ကြောင့် အသံလွင်လွင်ကလေး များဖြင့် ရယ်မောလိုက်ကြလေတော့၏။
၎င်းတို့၏ ရယ်မောသံများ၏ နောက်ကွယ်တွင် ဥဿာပဲခူးတိုင်း ပြည်သို့ တမ္ပဒီပစစ်သည်တော်တို့၏ ရွာသွန်းချမည့် မြားမိုးသည် ဖြိုင်ဖိြုင်၏လော... ဖိြုင်ဖိြုင်လော. . ။
* * *
၃ဆက်ပါမည်

Post a Comment