မျက်စိရောဂါအတွက် တိုင်းရင်းဆေး

မျက်စိရောဂါအတွက် တိုင်းရင်းဆေး


 အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မျက်စိပေကလတ်ပေကလတ် ဖြစ်နေသည်။ လက်ကိုင်ဖုန်းတွင် ပါလာသော ဂိမ်းကစားနည်းများကို နေ့စဉ်ငါးနာရီထက်  ပိုပြီးကစားရာမှ မျက်စိအဖွင့်၊ အပိတ်ကို ထိန်းချုပ်သော အာရုံကြောများ အားနည်းလာပြီး ပေကလတ်ပေကလတ် ဖြစ်နေခြင်းဖြစ်သည်။ အသက်ငယ်ရွယ်သော ကလေးများကို ဂိမ်းကစားရာတွင် တစ်နာရီအလွန်ဆုံး၊ တစ်နာရီခွဲထက် မပိုအောင် ကန့်သတ်ပေးသင့်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်ရသော ကလေးများ များလာရခြင်းမှာ ဂိမ်းက စားနည်းများပါသည့် ဟန်းဖုန်းများပါလာပြီး ပိုများလာသည်။

 ယနေ့ခေတ်မီတိုးတက်လာသော ဆက်သွယ်ရေးနည်းပညာများကြောင့် ကွန်ပျူတာအသုံးပြုသူ၊ ဖုန်းဖြင့် အင်တာနက်သုံးစွဲသူ၊ အထူးဖြင့် ကလေး၊ လူပြီးအရွယ်စုံ ဖေ့စ်ဘုတ်သုံးစွဲမှု များပြားလာပြီး နေရာတိုင်းတွင် ကိုယ်ပိုင်လက်ကိုင်ဖုန်းမျက်နှာပြင် လက်ဖြင့်ပွတ်ကာ မျက်စိအာရုံစူးစိုက်နေသူများကို တွေ့ မြင်နေရသည်။


ရုံးများ၌ စာရင်းအင်းများပြုလုပ်ရာတွင်  ရိုးရိုးစာရင်းကိုင်များထက် ကွန်ပျူတာ စားရင်းကိုင်များကို ပို၍အသုံးပြုလာသည်ကို တွေ့ရသည်။ စီမံခန့်ခွဲသူ စီအီးအိုနှင့် မန်နေဂျာများတွင် ခရီးဆောင် ကွန်ပျူတာ၊ လက်တော့များကို အသုံးပြုလာကြသည်။ ထိုသို့ ကွန်ပျူတာ သုံးစွဲသူများသည် တစ်နာရီအသုံးပြုပြီးလျှင် ဆယ်မိနစ်ခန့် မျက်စိကို အနားပေးရမည်။ အနီးကြည့်ရာမှ အဝေးရှိ စိမ်းစိုသော နေရာကို ကြည့်ရမည်ဟု ဗဟုသုတအနေဖြင့် သိထားကြသော်လည်း အလုပ်တွင် အာရုံဝင်စားမိသွားသောအခါ မရပ်နားနိုင်သဖြင့် လိုက်နာမှု အားနည်းသည်ကို တွေ့ရသည်။

 ရှေးလူကြီးများ၏ “မျက်စိအဆုံး၊ နားအရှုံး” ဟူသော စကားမှာ အမှန်ပင်ဖြစ်သည်။ မျက်စိကို ပေါ့ ပေါ့တန်တန် သဘောထား၍ အမြင်အာရုံ ချို့ယွင်းလာမှ ခွဲစိတ်ကုသရသူများရှိသည်။ ခွဲစိတ်ကုသမှု တိုင်း အောင်မြင်သည်မဟုတ်ပါ။ စာရေးသူ၏ မိတ်ဆွေတစ်ဦးသည်  ခွဲစိတ်ကုသမည်ကိုကြောက်၍ ရက်ရွှေ့၊ လ ရွှေ့လုပ်နေခဲ့ရာ အမေရိကားမှ အထူးကုဆရာဝန်ကြီးများ လာရောက်ခွဲစိတ် ကုသမှုနှင့်ကြုံခဲ့ သော်လည်း မျက်စိကွယ်ခဲ့ရသည်။

 “မျက်စိမှာ ရည်(ရေ)၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာခါး” ဟူသော ရှေးမြန်မာလူကြီးများ ဆိုရိုးစကား ရှိသည်။ နံနက်အိပ်ရာထ မျက်နှာသစ်ပြှီးလျှင် ရေကို လက်ခုပ်တစ်ဖက်ဖြင့် ခံယူပြီး မျက်လုံး အိမ်တွင် ကပ်၍ ရေဝင်အောင် ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ခြင်းကို မျက်စိဆေးသည်ဟု ခေါ်သည်။ မျက် လုံးတစ်ဖက်လျှင် သုံးကြိမ်ခန့် ဆေးပေးလျှင် မျက်စိတွင်းမှ အပူ၊ အခိုး၊ အငွေ့ များထွက်သွားသည်။ အမြင် ကြည်လင်စေသည်။

 မျက်စိအာရုံမှာ မျက်ကြည်လွှာ၏ နောက်တွင် မှန်ဘီလူးနှင့်တူသော အသားနုလုံးဖြင့် ဖွဲ့စည်းထား သည်။ လူ၏ ကိုယ်တွင်းမှ တရှိန်ရှိန်ထွက်နေသော အခိုး၊ အငွေ့များသည် ရေချိုးခန်းအတွင်းရှိ မှန်တွင် ရေ ငွေ့များရိုက်လျှင် မှုန်သွားသကဲ့သို့ အခိုး၊ အငွေ့များဖြင့် မှုန်မှုန်မှိုင်းနေလျှင် အမြင်အာရုံ မကြည်လင်နိုင် ပေ။ မီးခိုးငွေ့များ၊ ဖုန်များ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီအငွေ့များသည် ပြင်ပမှ အမြဲဝင်လျက်ရှိသည်။ မျက်စိ  ရေ ဆေးခြင်းကို အပြင်မှ ပြန်လာသည့် အခါတိုင်း ပြုလုပ်သင့်သည်။

 အညာဒေသတွင် နေထိုင်သူများမှာ မျက်ခမ်းစပ်ရောဂါအလွန်ပေါသည်။ ထိုရောဂါမှ ကာကွယ် သည့် အနေဖြင့် ပြုလုပ်သည့် ဆေးနည်းတိုနည်းလမ်းမှာ ဆီးဖြူသီးကို ထုထောင်းပြီး ညဘက်တွင် ရေစိမ် ထားသည်။ နံနက် အိပ်ယာထတွင်  ထိုစိမ်ရေမှ အကြည်ကို ယူပြီး မျက်စိကိုဆေးပေးလျှင် မျက်စိအတွင်းမှ အခိုးများထွက်သွားပြီး မျက်စိကြည့်ကောင်းသည်။ တိမ်ဖြစ်ခြင်းမှလည်း ကာကယ်သည်။

 မျက်စိကိုက်လျှင် မျက်နှာကို ရေခွက်ထဲတွင် ရေထည့်၍ မျက်စိကို ရေမြုပ်အောင်ပြုလုပ်ပြီး အဖွင့်၊ အပိတ်ပြုလုပ်ပေးရသည်။ မျက်ရိုးကိုက်လျှင် ကွမ်းရွက်ကို ကျပ်စေ့ဝိုင်းခန့်ထည့်ပြီး မျက်စိထောင့်တွင် ကပ် ပေးထားလျှင်  သက်သာသည်။ ကွမ်းရွက်ကို မျက်စိအရွယ် ဖောက်ပြီး တစ်ရွက်လုံးကပ်၍ ညအိပ်ပြီး နံနက် ထချိန်မှ ခွာသူလည်းရှိသည်။

 စာကြည့်၊ ကွန်ပျူတာကြည့်၍ မျက်စိညောင်းလျှင် ပြေစေသော အလွယ်နည်းမှာ ငှက်ပျောရွက် စိမ်းကို မျက်လုံးအိမ်နှင့်ရွယ်တူစက်ဝိုင်းပုံညှပ်ပြီး မျက်စိနှစ်လုံးပေါ်တွင် ဖုံးအုပ်ထားသော နည်းဖြစ်သည်။ နာရီဝင်ခန့် ဖုံးအုပ်ထားပြီး အနားယူလျှင် မျက်စိညောင်းကိုက်ခြင်းမှ ကာကွယ်နိုင်သော လွယ်ကူသည့်နည်း ဖြစ်သည်။

မျက်စိအတွက် “စက္ခုပါလ” ဆေးနည်းကောင်း

 ဤဆေးသည် လူသိများ၊ အသုံးများသော တိုင်းရင်းဆေး တစ်မျိုးဖြစ်သည်။ မျက်စိကြည်ဆေး တိမ် စသော မျက်စိရောဂါများ ကာကွယ်ဆေး၊ မျက်မှန်ဒီဂရီကျစေသောဆေးအဖြစ် အသုံးများသည်။ မျက် စိအတွက်သာမက ညောင်းကိုက်ရောဂါ၊ ဒူလာနှင့် အညောင်းအထိုင်များသူများ၊ ဝမ်းချုပ်သူများ အတွက် ဆေးစွမ်းကောင်းဖြစ်သည်။ ရေရှည်၊ နှစ်ရှည် စွဲ၍ သောက်သော်လည်း ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဟု သုတေသနပြု လက်ခံထားသော ဆေးစွမ်းကောင်းဖြစ်သည်။

ဆေးအမှတ် (၁၂) စက္ခုပါလဆေး

၁။ ကရဝေးရွက် ၂ - ပဲသား
၂။ ဖာလာငယ် ၂ - ပဲသား
၃။ လက်ချား ၂ - ပဲသား
၄။ ချေးသီး ၄ - ပဲသား
၅။ ပန်းနု ၄ - ပဲသား
၆။ ရှိန်းခို ၄ - ပဲသား
၇။ ဇာတိပ်ဖိုလျသီး ၄ - ပဲသား
၈။ လေးညှင်းပွင့် ၄ - ပဲသား
၉။ ကလောဆံ ၄ - ပဲသား
၁၀။ စမုန်ဖြူ ၄ - ပဲသား
၁၁။ စမုန်နီ ၄ - ပဲသား
၁၂။ စမုန်ညို ၄ - ပဲသား
၁၃။ စမုန်ဖွဲ ၄ - ပဲသား
၁၄။ စမုန်စပါး ၄ - ပဲသား
၁၅။ ဘုမ္မရာဇာ ၁ ကျပ်သား
၁၆။ ကန့်ချုပ်နီ ၁ ကျပ်သား
၁၇။ ပိတ်ချင်းသီး ၁ ကျပ်သား
၁၈။ ဆေးပုလဲ ၁ ကျပ်သား
၁၉။ မဏိသြဃ ၁ ကျပ်သား
၂၀။ စမုန်နက် ၁ ကျပ်သား
၂၁။ ပွေးကိုင်း ၁၅ ကျပ်သား
၂၂။ ဆားလှော် ၁၅ ကျပ်သား
      (တွင်းထွက်ဆား)
၂၃။ ဆူးကောက်နက် ၂၀ ကျပ်သား

(စုစုပေါင်း ဆေးအလေးချိန် ၅၉ ကျပ် ၂ ပဲသား)

လတ်ဆတ်သော ဆေး၏ အရောင် (ညိုဝါ)
လတ်ဆတ်သော ဆေး၏ အနံ့ ( ပွေးကိုင်းအနံ့လွှမ်း)
လတ်ဆတ်သော ဆေး၏ အရသာ ( အေး၊ ခါး၊ ငန်၊ စပ်)

ဓာတုဝိပါက (ဒေသနာ) ဆေးပညာအရ သီတ ဝါယော အာကာသ။ အပူငြိမ်းစေ၏။ အဇ္စျတ္တပထဝီ ပျက်စေ၏။ ဗဟိဒ္ဓအာပေါ ပျက်စေ၍ အာကာသ အနည်းငယ်ရစေ၏။ အနာ(၆)ပါး၊ အနာ (၈)ပါး ဆေးပညာတွင် ကက္ခဠနနှင့် ဝိတ္ထ မ္ဘိတနာများဖြစ်သည့် မျက်စိနှင့် ပတ်သက်သော ရောဂါများတွင် ညဆေး (ညအိပ်ယာဝင် သောက်သောဆေး) အဖြစ် အဓိက သုံးစွဲနိုင်သည်။

ဆေးဝါး၏ အကျိုးသွားနှင့် အသုံးပြုရမည့် ရေလဲပစ္စည်းများမှာ-

၁။ မျက်စိဝေခြင်း၊ မှုန်ခြင်း၊ တိမ်သလ္လာစွဲခြင်း တို့ကို နေ့စဉ် ရေအေးနှင့် လည်းကောင်း။

၂။ ခြေအေး၍ ဝမ်းချုပ်သော မီးယပ်၊ ဒူလာ၊ ထုံကျဉ်၊ ညောင်းကိုက်သော ရောဂါတို့တွင် ရေအေးနှင့် လည်း ကောင်း။

၃။ မီးယပ်ကွက်၊ ဒူလာကွက်၊ နှင်းခူ၊ သွေးသားမသန့်သော ရောဂါအမျိုးမျိုးနှင့် ခေါင်းအုံ၊ ဇက်လေး ရောဂါ တို့ကို ညစဉ် ရေအေးနှင့် မှန်မှန်သုံးစွဲပါ။

သောက်သုံးရမည့် ဆေးတစ်ခွက်စာ ပမာဏ
 လူကြီး… ၂ - ပဲသား (၂ ဂရမ်) ဆေးပြား Tablet (၄)ပြား
 ကလေး… ၁ - ပဲသား (၁ ဂရမ်) ဆေးပြား Tablet (၂)ပြား

သောက်ရမည့် အကြိမ်နှင့် ရက်

 တိုင်းရင်းဆေးပညာရှင်၏ ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်ပါသည်။

ဆေးဝါး၏ အခြားအာနိသင်

 လိပ်ခေါင်းရောဂါ(Haemorrhoids) ကို ကုသရာတွင် ထိရောက်မှုရှိကြောင်းသိရသည်။
(တိုင်းရင်းဆေးပညာ ဦးစီးဌာန ဌာနသုံး တိုင်းရင်းဆေးနည်းများနှင့် သမားစဉ်ဆေးဖုံများ။ ၂၀၁၆ ခုနစ်၊ ဇူလိုင်လထုတ်စာအုပ်မှ)

မျက်စိကွင်းဆေးများ

 ရှေးမြန်မာများသည် မျက်စိကြည်စေရန် အတွက်လည်းကောင်း၊ မျက်စိနီရဲလျှင်၊ မျက်စိနာလျှင် အနာသက်သာစေရန်အတွက်လည်းကောင်း မန်ကျည်းခေါက် (မန်ကျည်းပင်၏ အခေါက်) ကို ခွာယူပြီး ခြောက်သွေ့အောင် နေလှန်းပြီး ကျောက်ပြင်တွင် သွေး၍ မျက်စိကွင်းကြသည်။ မန်ကျည်းပနီခေါက်က ပို၍ ဆေးအာနိသင် ကောင်းသည်ဟု ဆိုကြသည်။ မျက်စိဒဏ်ဖြစ်လျှင် ထိခိုက်မိ၍ ဒဏ်တိမ်ဖြစ်လျှင် မန်ကျည်း ပနီခေါက်ကို ရေရှည်စွဲ၍ မျက်စိကွင်းပေးလျှင် ပျောက်ကင်းနိုင်သည်ဟု ဆိုကြသည်။

 မျက်စိကွင်းဆေးအဖြစ် အခြားသုံးစွဲကောင်းသော ဆေးမြစ်မှာ “ကျားမနိုင်နွယ်မြစ်” ဖြစ်သည်။ ကျောက်ကြိုကျောက်ကြားတွင် ပေါက်သော နွယ်ပင်ကြီးမျိုးဖြစ်သည်။ ပိုင်းဖြတ်လိုက်လျှင် ထိပ်ပိုင်းတွင် ကျားခြေရာသဏ္ဍာန် တွေ့ရသောကြောင့် ကျားခြေရာမြစ်ဟု လည်းခေါ်သည်။ အပူနာ၊ အဖု အပိန့်များကို လိမ်းလျှင် အေးပြီး အဖုမှာ အကျိတ်မှာ ကျုံ့ဝင်ပြီး သေးပြီး ပျောက်ကင်းသွားနိုင်သည်။ မျက်စိကွင်းလျှင် အေးပြီးနီရဲနေသော မျက်စိကို ပြန်ဖြူစေနိုင်သည်။ မျက်ရိုးကိုက်ခြင်း၊ မျက်မှန်ဒီဂရီတိုးခြင်း များအတွက် လည်း မျက်စိကွင်းဆေးအဖြစ် အသုံးပြုနိုင်သည်။ ကျားမနိုင်နွယ်မြစ်ကို ပြင်ဦးလွင် (မေမြို့) နှင့် အနီးတစ် ဝိုက် တောကြီးများတွင် တွေ့ရသည်။ မန္တလေးမြို့အထွက် ပြင်ဦးလွင်အတက်လမ်းအနီး အုန်းချောရွာ ရွှေ စာရံဘုရားပွဲတွင် ဆေးမြစ်များရောင်းချရာတွင် ရရှိနိုင်သည်။ အစွမ်းထက်သော နွယ်ပင်ဆေးမြစ်ဖြစ်သည်။

ကြည်လွင်မြင့် (မုဒြာ)

Credit.

ပြန်လည်မျှဝေသည်

Post a Comment

Previous Post Next Post

Comments