၀င်္ကဘာဘုရားသိုက် ( အပိုင်း ၅)

၀င်္ကဘာဘုရားသိုက် ( အပိုင်း ၅)
( ဖြစ်ရပ်မှန်အခြေပြု)
******


     ဒီ့နောက်ပိုင်းမှာတော့ သားဖြစ်သူကို သင်္ကန်းစည်းပေးမယ့်ဆိုတဲ့ ကိစ္စနဲ့ပက်သက်ပြီး ညွန့်စိန် ဆက်လုပ်ဖို့ လုံး၀မတွေးတော့ဘူး။

     ကျန်ရှိနေတဲ့ လယ်ကို အငှါးချ၊ စျေးဗန်းကို ခေါင်းပေါ်ရွက်လို့ သားနဲ့ ဒုက္ခိတလင်သားကို လုပ်ကျွေးပြုစုနေရတဲ့ ဘ၀မှာ ညွန့်စိန်တို့ ပျော်နေတတ်အောင် ကြိုးစားနေခဲ့ပြီ။

      ဒီကြားထဲမှာ အတိတ်ဘ၀ဆီက လင်သားဖြစ်သူ ငရှင်ညိုတို့ အိပ်မက်ပေးလာရင်လည်း လူ့ဘ၀မှာ ပျော်သလောက် ထပ်နေဖို့ တောင်းဆိုမယ်လို့ စဉ်းစားထားပေမယ့်လည်း ထူးဆန်းတာက သူ့အိပ်မက်ဆီကို ငရှင်ညိုတို့ ရောက်မလာခဲ့ဘူး။

      ဒီတော့ ညွန့်စိန်အနေနဲ့ သူလုပ်နိုင်တဲ့ အတိုင်းအတာအရ စိတ်ပူပန်စေရတဲ့ အကြောင်းအရာတိုင်းကို မေ့ပစ်လိုက်တော့တာ။

      ပြီးတော့ ပြောင်းလဲသွားတဲ့ ရည်ရွယ်ချက်အရ သားဖြစ်သူကို ကျောင်းပညာတတ်စေရန်အရေးဆီ ရှေးရှုလို့၊ တစ်ဖက်ကလည်း ဒုက္ခရောက်နေတဲ့ ခင်ပွန်းဖြစ်သူ ကိုထူးအပေါ် ဂရုတစိုက်ပြုစုပေးရင်း...။

* * * * * *

      " သမီး...ဒီလောက်အခက်အခဲတွေ ကြုံနေရတာ အမေတို့ပိုင်နေသေးတဲ့ လယ်တွေ ရောင်းပြီး သမီးကို ကူညီပါရစေလားကွယ်..." 

      " ဟုတ်တယ် သမီး။ အဖေနဲ့ အမေက အသက်ကြီးလာပြီဆိုတော့ လယ်တွေကို လုပ်လည်းမလုပ်နိုင်တော့ဘူး။ စိတ်လည်းမ၀င်စားမိတော့ဘူး။ တို့လင်မယားအတွက်တော့ ဘုရားရိပ်၊ တရားရိပ်ခိုရင်း နောက်ဆုံးအချိန်မှာ အေးအေးလူလူ ခေါင်းချနိုင်ဖို့ ခြံလေးကျန်နေရင်ကိုပဲ လုံလောက်ပါပြီ..."

      အခက်အခဲတွေကြားက ရုန်းကန်နေရတဲ့ ညွန့်စိန်ကို လက်ပိုက်ကြည့်ပြီး မနေသာတော့တဲ့ မိဘနှစ်ပါးက ပေးလာတဲ့ အကူအညီ။

      ညွန့်စိန် ခေါင်းကို တွင်တွင်ရမ်းပြီး ငြင်းဆန်မိတယ်။ မိခင်ဖခင်တို့က အသက်အရွယ်အားဖြင့် ၇၅ နှစ် ၀န်းကျင်ဆီကို ချဉ်းနင်းခဲ့ပြီလေ။

      ပြီးတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက မိဘနှစ်ပါးက လုပ်အားတွေ ဆုတ်ယုတ်လာခဲ့တာမို့ လယ်တွေကို ရောင်းတန်ရောင်း၊ ငှါးတန်ငှါးရင်း ဘ၀ကို ဆက်လက်ရပ်တည်နေတာ ညွန့်စိန်အသိပဲ။

     ဒီတော့ မိဘနှစ်ပါး အိုစာမင်းစာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ အားကိုးရာဖြစ်တဲ့ လယ်တွေကို ညွန့်စိန် ဘယ်ယူရက်ပါ့မလဲ။

      တစ်ဖက်က ကိုထူးရဲ့ အသိုင်းအဝိုင်းကတော့ ကိုထူးဆိုးသွမ်းချိန်ကတည်းက ဆွေပြတ်မျိုးပြတ်ဖြတ်ခဲ့တာ ယနေ့အချိန်အထိ။

     တကယ်လို့ သူတို့အနေနဲ့ ဆွေပြတ်မျိုးပြတ်မဖြတ်ခဲ့ရင်လည်း ဖခင်ဖြစ်သူ ဆုံးပါးပြီးကတည်းက ကျလာတဲ့ စီးပွားတွေကြောင့် ကူညီပေးနိုင်ဖို့ အဆခြအနေမရှိ။

     တကယ်ကူညီပေးနိုင်တယ်ထားဦး။ ညွန့်စိန်က ဘယ်သူ့ဆီက အကူအညီကိုမှ ယူဖို့ အစီအစဉ်မရှိတာ။

     " သမီးအတွက် မလိုပါဘူး အဖေရယ်။ သမီးမှာလည်း လယ်တချို့ ရှိနေသေးတာပဲ။ ဒီအတိုင်းလည်း သမီးအဆင်ပြေပါတယ်..."

     " မဟုတ်တာပဲ သမီးရယ်။ သမီးလေးခက်ခဲနေတာကို အဖေအမေတို့ ဒီအတိုင်း ကြည့်မနေရက်ဘူး..."  

     " ဒါတော့ ဒါပေါ့ အဖေရယ်။ ဒါပေမယ့် အခုနေမှာ သမီးက အသက်အရွယ်ရှိသေးတယ်။ ရုန်းကန် ရှာဖွေဖို့ အချိန်အများကြီး ကျန်ပါသေးတယ်။ ဒါကြေုင့် မယူတာပါ။ လယ်တွေကို အဖေနဲ့ အမေအတွက် မီးရေး၊ ထင်းရေး၊ ကျန်းမာရေးအတွက်ပဲ ထားလိုက်ပါ အဖေရယ်..."

      မိဘနှစ်ပါးဆီက ဂရုဏာလွှမ်းတဲ့ အကြည့်တွေက ညွန့်စိန် ဆီမှာ။

     " ပြီးတော့...သမီး အခုနေခက်ခဲနေတယ်ဆိုတာကလည်း အရမ်းကာရောကြီးမဟုတ်ပါဘူး။ အနည်းအကျဉ်းပါ။ လယ်ငှါးခရယ် သမီးစျေးရောင်းတာရယ်က လုံလောက်ပါတယ်..."

      " အင်းပါ...သမီးအဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပါပဲ..."

      ဦးမြတင့်က ပြောပြီး ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့ သမီးဖြစ်သူ၊ မိဘအပေါ် တွေးသိတတ်လွန်းတဲ့ သမီးဖြစ်သူကို ဆက်လက်မကြည့်ရက်တော့ပြီမို့ ထ'ထွက်သွားတယ်။ 

      " အင်း...ငါ့သမီးလေးတော့ အတော်ပင်ပန်းရှာမှာပဲ..." 

      မိခင်ဖြစ်သူက ပြောပြီး ခေါင်းကို ပွတ်ပေးတော့ ညွန့်စိန် ဘာရယ်မဟုတ်၊ ရင်ခွင်ထဲဆီကို တိုး၀င်လိုက်မိတော့တာ။ 

* * * * * * *

      အချိန်ကာလတချို့ကို ဖြတ်သန်းလာခဲ့ပြီးပါပြီ။ 

     ငါးနှစ်တာဆိုတဲ့ ကာလအတွင်း ညွန့်စိန်ရဲ့ အားကျိုးမာန်တက် ရုန်းကန်ကြိုးစားမှုတွေက အချည်းနှီးမဖြစ်ခဲ့။ 

     ကြိုးစားမှုနဲ့အတူ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် အခက်အခဲတချို့ကို အထိုက်အလျောက် ကျော်လွှားနိုင်ခဲ့ပြီး မိသားစုလေး ချောင်ချောင်လည်လည်ဖြစ်နေခဲ့ပါပြီ။

    တစ်ဖက်က ကိုထူးကလည်း လေဖြတ်တဲ့ရောဂါကနေ ရုန်းထနိုင်ခဲ့ပြီး ပါးတစ်ခြမ်းရွဲ့သွားရခြင်းမှအပ လူကောင်းတစ်ယောက်နီးနီး ဖြစ်နေခဲ့ပါပြီ။

      ဒီအချိန် သားဖြစ်သူ မောင်ထွန်းဦး ကတော့ လေးတန်းကျောင်းသားကြီး အဖြစ်နဲ့ အတန်းတင်စာမေးပွဲကြီးကိုတောင် အောင်အောင်မြင်မြင်နဲ့ ဖြေဆိုနိုင်ခဲ့တယ်လေ။ 

      " အမေ...သား ကိုရင်၀တ်ချင်တယ်..."

     ကျောင်းသူ၊ ကျောင်းသားတွေ အတန်းတင်စာမေးပွဲပြီးတဲ့အချိန်၊ နွေဦးကာလဆိုတာဟာ ကျေးလက်တွေမှာ ရဟန်းခံ၊ ရှင်ပြုအလှူပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့ကာလ။ 

     ရွာတောင်ပိုင်းမှာ အလှူတစ်ခုရှိတယ်။ အဲ့ဒီ့အလှူမှာ မောင်ထွန်းဦးရဲ့ အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ ချစ်လှတို့ ရှင်လောင်းအဖြစ်ပါ၀င်ခဲ့တယ်လေ။ ဒါကို မောင်ထွန်းဦး မြင်ပြီး အမေဖြစ်သူကို ပူဆာနေတာ။ 

     သားဖြစ်သူရဲ့ စကားကို ကြားကြားချင်း ညွန့်စိန်နားထဲမှာ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရတယ်။   

     " ဘယ်...ဘယ်လိုသား။ အမေ့ကို ပြန်ပြောစမ်းပါဦး..."

     " သား...ချစ်လှတို့ ကိုရင်၀တ်သလိုမျိုး ၀တ်ချင်လို့ အမေရ။ သူတို့တတွေ မြင်းကြီးစီးပြီး ရှင်လောင်းလှည့်တာကို သားတော့ သိပ်အားကျတာပဲ..."

      သားဖြစ်သူက အားရ၀မ်းသာနဲ့ ပြောပြနေပေမယ့် ညွန့်စိန်ကတော့ နား၀င်တစ်ချက်၊ မ၀င်တစ်ချက်နဲ့ ကျောက်ရုပ်တစ်ရုပ်အလား။ 

     သူ့အကြားအာရုံဆီမှာ ပဲ့တင်ထပ်နေတာက ငရှင်ညိုဆီမှာ သူပေးထားခဲ့ဖူးတဲ့ ကတိစကားရယ်။ 

     " အမေ...သားပြောပြတာကို ကြားကော ကြားရဲ့လားလို့..."

      မောင်ထွန်းဦးက အမေဖြစ်သူရဲ့ ရင်တွင်းအပူကို မသိ။ လက်မောင်းကို လှုပ်ကိုင်ရမ်းရင်း ပြောလာတာ။ 

     " ဪ...အင်း...အင်း...အမေကြားပါတယ်..."

      " ဒါဆို အမေ သားကို သူတို့လိုမျိုး ကိုရင်၀တ်ပေးမယ်မလား..."

      " အင်း...အင်း..."

     " ဟေး...ပျော်လိုက်တာ..."

      သားဖြစ်သူ စိတ်ချမ်းသာအောင်လို့ အလိုက်အထိုက်ဖြေလိုက်မိတာ။

      ဒါကို အမှန်တကယ်ထင်ပြီး ပျော်ရွှင်ပြေးထွက်သွားတဲ့ သားဖြစ်သူရဲ့ ကျောပြင်ကို ညွန့်စိန် ငေးကြည့်မိရင်း စိတ်ထဲမှာ ဒွိဟတွေ လွန်ဆွဲလို့။

      ပါးပြင်ထက်ဆီမှာလည်း မျက်ရည်တို့က အလိုလိုကျဆင်းနေတော့တာရယ်။    

* * * * * *

      " အဖေ...အမေက သားကို ချစ်လှတို့လိုမျိုး မောင်ရင်လောင်း ၀တ်ပေးမှာတဲ့..."

      ညဘက် ထမင်းဝိုင်းမှာ ဖခင်ဖြစ်သူကို ကြွားဝါနေတဲ့ မောင်ထွန်းဦး။ 

      " ဟေ...ဟုတ်သလား..."

      သားဖြစ်သူရဲ့ စကားကို အံ့အားသင့်နေရင်း ကိုထူးက မေးတာ။ ညွန့်စိန် ပြန်ဖြေဖို့ အဖြေမရှိခင် သားဖြစ်သူကပဲ ဆက်လက်ပြီး...။

     " ဟုတ်တယ်လို့ အဖေကလည်း။ မနက်က အမေပြောတာ။ အဲ့ဒီ့အခါကျရင် သားက ချစ်လှစီးသလို မြင်းအညိုကြီးတော့ မစီးချင်ဘူး။ အောင်မှတ်စီးတဲ့ မြင်းအဖြူကိုပဲ စီးမှာ..."

      " အဟား...ဒါဖြင့်ရင်တော့ ငါ့သားက အားလုံးထဲမှာ ဆရာကြီးဖြစ်နေမှာပဲ..."

     " ဒါပေါ့ အဖေရ...သားက အစကတည်းက ဆရာကြီးပဲကို...ဟီး...ဟီး..."

     စကားတွေ အပေးအယူ တည့်နေတဲ့ သားအဖနှစ်ယောက်ကို ကြည့်ရင်း ညွန့်စိန်ရင်ထဲ ဘယ်လိုမှ မခံစားနိုင်အောင်ကို ဆိုနင့်လာရတာ။ 

    ဒီအဖြစ်အပျက်ကို သားအဖနှစ်ယောက် မရိပ်မိအောင် ထမင်းဝိုင်းက ထ'ဖို့ ကြိုးစားလိုက်တော့ ကိုထူးက...။

     " မိန်းမ အစားနည်းလှချည်လား။ မျက်နှာကလည်း မကောင်းဘူး။ ဘာလဲ နေမကောင်းလို့လား..."

     " အင်း..."

      အလျဉ်းသင့်သလို ဖြေလိုက်ပြီး ပန်းကန်ကိုယူလို့ မီးဖိုခန်းဆီကို ညွန့်စိန် ခပ်သုတ်သုတ် လှမ်းထွက်ခဲ့လိုက်တယ်။ 

      မီးဖိုထဲရောက်လေတော့ ပန်းကန်ကိုချပြီး ငုတ်တုတ် ထိုင်ချလို့ အသံမထွက်အောင် ကြိတ်ငိုနေမိတော့တာ။

* * * * * *   

     ညမှောင်မှောင်အလယ် လယ်မရွာကြီးတစ်ရွာလုံး အိပ်မောကျ မှေးစက်လို့...။

     " မိန်းမ...အိပ်မပျော်ဘူးလား..."

     အိပ်ရာထဲ သက်မောတွေနဲ့ လူးလွန့်နေတဲ့ ညွန့်စိန်ကို တစ်ရေးနိုးလာတဲ့ ကိုထူးက မေးတာ။

     " အင်း..." 

     " ဘာဖြစ်လို့လဲ သားကို သင်္ကန်းစည်းပေးဖို့ ငွေကြေးခက်နေလို့လား..."

     " မဟုတ်ပါဘူး။ ငွေက အဆင်ပြေပါတယ်..."

     ညွန့်စိန် စကားက ဒီလောက်သာ။ စိတ်ထဲကတော့ ကိုထူးကို ပြောပြသင့်၊ မပြောပြသင့် ချင့်ချိန်မိနေတာ။ ကိုထူးက...။

     " ဒါဖြင့်...ရည်ရွယ်ထားသလို အလှူကြီး မပေးနိုင်လို့များလား..."

      " အဲ့ဒီ့လိုလည်း မဟုတ်ပါဘူး။ ညွန့်စိန် စိတ်ထဲတစ်မျိုးဖြစ်နေလို့ပါ..."

      ညွန့်စိန် လိမ်လိုက်မိတယ်။ ကိုထူးက သူ့စကားကို ယုံကြည်သွားပုံရပြီး...။

     " အင်း...ဒါဖြင့်လည်း မနက်ကျ တင်မြင့်တို့နဲ့ မြို့ကို လိုက်သွားရဦးမှာမို့ အကိုအိပ်တော့မယ်။ မိန်းမလည်း အိပ်ပျော်အောင် အိပ်လိုက်တော့နော်..."

    

     ကိုထူးက ပြောပြီး တစ်ဖက်ဆီလှည့်သွားတယ်။

     ညွန့်စိန်ကတော့ အိပ်မရနိုင်ခဲ့။ ခင်ပွန်းသည်ရဲ့ ကျောပြင်ကို ငေးရီကြည့်ရင်း အတွေးတို့က လေအလျင်လို ဟိုရောက်၊ ဒီရောက်နဲ့...။

     " အောက်...အီး...အီး အွတ်..."

     အချိန်တွေ ဘယ်လောက်တောင် ကြာသွားရတယ်မသိဘူး။ လင်းကြက်တွန်သံ ကြားရပါမှ ညွန့်စိန်သတိ၀င်လာရတော့တယ်။ 

      " သားက ငါ့စကားကို အတည်ကြီး မျှော်လင့်နေတာ။ သူ့သူငယ်ချင်းတွေကိုလည်း ကိုရင်၀တ်မယ်ဆိုတာ လျှောက်ပြောထားလောက်ပြီ။ တကယ်လို့သာ မလုပ်ပေးခဲ့ရင် သားလေး အတော့်ကို စိတ်ထိခိုက်သွားရှာမှာ..."

     သားမျက်နှာဆီကို ငေးကြည့်ရင်း ညွန်စိန် စိတ်ထဲက ရေရွတ်နေတဲ့စကားတွေ။  

     " မလုပ်ပေးချင်လို့ ငွေကြေးအကြောင်းပြပြန်ရင်လည်း ကိုထူးက သူတစ်ချိန်က မိုက်ခဲ့လို့ အခု သားတောင်းဆိုတာကို မလုပ်ပေးနိုင်တာဆိုပြီး ခံစားရလိမ့်မယ်။ အကြောင်းမှန်ကို ပြောပြလိုက်ပြန်ရင်လည်း သူက နဂိုကမှ ရှင်ညိုတို့ သားအဖတွေကို မုန်းနေတာဆိုတော့...ဟင်း..." 

      ညွန့်စိန်အတွက် အတွေးတိုင်းက ဘေးကျပ်နံကျပ်။ သူဘယ်လို ရှောင်လွှဲရမယ်ဆိုတာကို အခုထိ အဖြေက တွေ့မလာ။ ဒီအတိုင်းသာဆို သူ့အတ္တကို ရှေ့တန်းတင်မထားပါရင် လုပ်စရာက သူ့အတွက် တစ်ခုထဲရယ်သာ။ 

      " အို...ဘာပဲဖြစ်ဖြစ်လေ။ လူဆိုတာ သေမျိုးချည်းပါပဲ။ ဒီခါ မသေလည်း နောင်ကျ သေရမှာပဲ ဥစ္စာ။ ငါ မသေခင် သားရဲ့ ဆန္ဒကို ဖြည့်ဆည်းခွင့်ရတာက ကောင်းတဲ့ အခွင့်အရေးပဲလေ..." 

      ညွန့်စိန် စိတ်ကို ဆုံးဖြတ်နိုင်ခဲ့ပြီ။ ရွေးချယ်စရာမရှိတဲ့ တစ်လမ်းထဲသော လမ်းကို သူလျှောက်ဖို့ ရဲရင့်ခဲ့လေပြီ။

     ညွန့်စိန် အိပ်ရာဆီက အသာအယာ ထ'လိုက်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ ငါးနှစ်က သူဖွက်ထားခဲ့တဲ့ ရွှေဒင်္ဂါးသုံးပြားရှိရာဆီ...။

      " ဒါတွေကို ရောင်းရင်တော့ သားအတွက် အလှူကြီးတစ်ခုတော့ ကောင်းကောင်းလုပ်ပေးနိုင်မှာပဲ..."

      လက်ထဲက ရွှေဒင်္ဂါးသုံးပြားကို ကြည့်ပြီး ညွန့်စိန်ရေရွတ်မိတာ။

     ဒီအခိုက် သူ့အာရုံဆီကို ထပ်မံပြီး ၀င်ရောက်လာတဲ့ အတွေးတစ်ခု။

      တကယ်လို့သာ သူသေလွန်ခဲ့ပြီး လားရာအရပ်ဆီကို ပြန်ခဲ့ပါရင်။ နောက်ပိုင်းဆီမှာ ကျန်ရစ်ခဲ့တဲ့ သားနဲ့ ခင်ပွန်းတို့အပေါ် သေချာပေါက် ကျရောက်လာမယ့့် အခက်အခဲ။

      " ကိုထူးကလည်း ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ ငါသာ မရှိတော့ရင် သားလေးရဲ့ ပညာရေး၊ သူ့အဖေရဲ့ ကျန်းမာရေးနဲ့ အစစ၊ အရာရာ သူတို့ ဒုက္ခရောက်ကြရတော့မှာ..."

      ညွန့်စိန် ခေါင်းကို ခါးခါးသီးသီးနဲ့ ရမ်းခါလိုက်မိတယ်။ အတွေးထဲမှာနဲ့တင်ကို သားအဖနှစ်ယောက်အတွက် အတော်လေး ရင်မောစရာကောင်းနေရတာ။ ရှင်းလင်းကာစ ဖြစ်နေတဲ့ စိတ်တွေက မချင့်မရဲဖြစ်ရပြန်လေရဲ့။

      နည်းလမ်း။ ဖြေရှင်းစရာ နည်းလမ်းကို လိုက်လံစဉ်းစားပြန်တော့ ကြာကြာ မစဉ်းစားရ၊ အာရုံမှာ သူ့လက်ထဲက ရွှေဒင်္ဂါးသုံးပြားက ထင်းခနဲ။ 
  
      " ဟုတ်တယ်။ ဒါကို သူတို့သားအဖအတွက် ထားရစ်ပြီး သားအတွက် အလှူကို ငါစုဆောင်းထားတဲ့ ချွေးနှဲစာနဲ့ ထိုက်သင့်သလောက် ကြည့်ပြီး စီစဉ်လိုက်မယ်..."   

      ရေရွတ်စကားနဲ့အတူ ညွန့်စိန်ရဲ့ မျက်နှာထက်ဆီမှာ ရှုပ်ထွေးနောက်ကျိနေရတဲ့ စိတ်အာရုံတို့က ရှင်းခနဲ။ လှစ်ဟဖြစ်ပေါ်လာတဲ့ နှုတ်ခမ်းဆီက ကျေနပ်စွာ ပြုံးမိတဲ့ အပြုံးတစ်ခု...။

* * * * * * 

      မနက်ခင်းအချိန်...။

      သူရိယနေ၀န်းကြီး ထန်းတဖျားခန့် အမြင့်မှာ ရောက်ရှိသခိုက်။ ရွာဦးကျောင်းဆီကို ၀င်ရောက်လာတဲ့ ညွန့်စိန်တို့ မိသားစု သုံးဦး။

     ကိုထူးက သားဖြစ်သူကို လက်ကိုဆွဲပြီး ညွန့်စိန်ကတော့ လက်ဆီမှာ ဆွမ်းချိုင့်တစ်ချိုင့်ကို ဆွဲကိုင်လို့...။

     သူတို့ လာရင်းအကြောင်းက ဆရာတော်ဆီကို ရှင်ပြုအလှူအကျဉ်းချုံး ပြုလုပ်မယ့်ကိစ္စကို  လျှောက်တင်ရင်း သားဖြစ်သူကို သင်္ကန်းတောင်းသင်ပေးဖို့ လာအပ်နှံတာ။  

      ကျောင်းတိုက်ပေါ်ကို ရောက်တော့ ဆရာတော်ကို အခန့်သင့်ပဲ ဖူးတွေ့ရတယ်။ 

      " အေး...တကာကိုထူးတို့ လာကြလဟဲ့..."

      သက်တော်ကြီးရင့်ပြီဆိုပေမယ့် ဆရာတော်ရဲ့ အသံသြဇာက မာချာနေဆဲ။ 

      မိသားစုလိုက် ဆရာတော်ကို ဆွမ်းချိုင့်ကပ် ၀တ်ပြုပြီးလေတော့...။

      " တကာတို့ဆီမယ် လာရင်းတော့ ရှိဦးမယ် ထင်တယ်..."

      " တင်ပါ့ဘုရား...တပည့်တော်တို့ သားလေးကို ရှင်ပြုအလှူ အကျဉ်းချုံးလေး ပြုလုပ်ပေးချင်လို့ပါဘုရား..."  

      ကိုထူးရဲ့ လျှောက်တင် စကားက သိမ်ငယ်မှုတို့ အနည်းငယ်ပါ၀င်နေသယောင်။ မချင့်မရဲဖြင့်။

     ဆရာတော်က မောင်ထွန်းဦးဆီ တစ်ချက်ကြည့်လိုက်ပြီး...။

      " ကလေးက ဘယ်နှစ်နှစ်တုန်း..."

      " ၁၁ နှစ်ပြည့်ပြီး ၁၂ နှစ်ထဲမှာပါ အရှင်ဘုရား..."

      " အင်း...ကောင်းတယ်၊ ကောင်းတယ်။ အရွယ်ကတော့ သင့်တင့်ပါတယ်။ ဒါပေမယ့် တကာတို့ကို ဘုန်းကြီး မိန့်လိုတာတော့ရှိတယ်..."

      " တင်ပါ့ဘုရား..."   

      " ကောင်းမှုကုသိုလ် ပြုတယ် ဆိုတာမှာ သေးတယ်၊ ငယ်တယ်ဆိုပြီး သတ်မှတ်တာထက် ကိုယ်ပြုမယ့် ကောင်းမှုအပေါ် ထားရှိရတဲ့ စိတ်စေတသိတ်က စင်ကြယ်နေဖို့ကိုပဲ လိုအပ်တယ်။ စိတ်ထားတတ်ရင် ညောင်စေ့လေးလောက်လှူလည်း ညောင်ပင်ကြီးလောက် ကုသိုလ်ယူနိုင်ရဲ့၊ စိတ်ထားမတတ်ရင်တော့ ညောင်ပင်ကြီးလောက် လှူလည်း ညောင်စေ့လေးလောက်သာ ရတတ်တယ်ဆိုတာ မမေ့စေချင်ဘူး။ ဒါကို ဘာကြောင့်ပြောရသလဲဆိုတာကိုတော့ တကာကြီး ရိပ်မိနိုင်မယ်ထင်ပါရဲ့..."

      ဆရာတော်က အခုနက သိမ်ငယ်သလိုဖြစ်သွားတဲ့ သူ့ရဲ့  စိတ်ကို ရည်ရွယ်ပြောတယ်ဆိုတာ ကိုထူးနားလည်လိုက်မိတယ်။  

      " ဒီက တကာမကြီး ညွန့်စိန်ကကော ဘာများ လျှောက်တင်စရာ ရှိသေးလဲ..."

      " မရှိပါဘူး ဘုရား..."

      " အင်း...မရှိဘူးဆိုပေမယ့်လည်း ဘုန်းကြီး မိန့်မှာတာကိုတော့ တကာမကြီး မှတ်ယူသွားချေဦးပေါ့..."

      " အမိန့်ရှိပါဘုရား..."

      " ကံ ဆိုတာမျိုးဟာ ရှိလာပြီဆိုရင် ကောင်းတာလုပ်ရင် ကောင်းသလို၊ မကောင်းတာလုပ်ရင် မကောင်းသလို၊ တစ်ချိန်ချိန်မှာတော့ ပြန်လည်ပြီး တုန့်ပြန်ပေးဆပ်ရတတ်တဲ့ သဘောရှိလေတယ်။ ကံဆိုတာဟာ တုန့်ပြန်လာရင် ဘုရားရှင်တောင်မှပဲ ရှောင်လွှဲလို့မရတတ်ဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တကာမကြီးအခုကြုံနေရတဲ့ အရေးမှာ ကံရှိရင် ဖြစ်မယ်။ ကံမရှိရင် ပျက်မယ်လို့ပဲ အလွယ်တကူမှတ်ထားချေပေါ့..."

      " တင်ပါဘုရား...တပည့်တော်မ မှတ်သားပါ့မယ် ဘုရား..."

     ညွန့်စိန်ရဲ့ စိတ်တွင်းအဟုန်ကို ကိုထူးတို့ မရိပ်မိအောင် ဆရာတော်က သွယ်ဝိုက်ပြီး မိန့်မှာလေတာ။ ဒီမိန့်ကြားစကားကြောင့်ပဲ ညွန့်စိန်စိတ်ထဲ ရဲရင့်သွားရသလို ခံစားမိလိုက်ရဲ့။

      " ဆရာတော် ဘုရား၊ မြို့က ဧည့်သည်တွေက တွေ့ခွင့်တောင်းနေပါတယ် ဘုရား..." 

     ကျောင်းရဲ့ ကပ္ပိယကြီးက ကျောင်းပေါ်ကို တက်လာပြီး လျှောက်တင်တာ။ 

      " အေး...ကပ္ပိယကြီး ကျောင်းပေါ်လွှတ်လိုက်လေကွယ်..."

      ကပ္ပိယကြီး ပြန်ဆင်းသွားပြီးနောက် ကျောင်းပေါ်ကို လှူဖွယ်၀တ္ထုတချို့ကို ကိုင်ပြီးတက်လာတဲ့ ဧည့်သည်များ...။

      " ဟင်...ညီမလေး လှခင်..."

     ညွန့်စိန်ရဲ့ ၀မ်းသာအယ်လဲ ရေရွတ်စကား။

     ဧည့်သည်တို့ကား အခြားသူမဟုတ်၊ ညွန့်စိန်နဲ့ ၀မ်းကွဲ ညီမတော်စပ်သူ လှခင်တို့မိသားစုရယ်သာ။  

ဆက်ရန်။

                                      နောင်ရိုး(ဆေးတပ်)

Post a Comment

أحدث أقدم

Comments