၀င်္ကဘာဘုရားသိုက် ( အပိုင်း ၆)

၀င်္ကဘာဘုရားသိုက် ( အပိုင်း ၆)
( ဖြစ်ရပ်မှန်အခြေပြု)
******


     ညွန့်စိန်နဲ့ လှခင်တို့ မတွေ့တာ ကြာပြီဖြစ်တာကြောင့် ၀မ်းသာအားရ တစ်ဦးလက် တစ်ဦးဆွဲကိုင်လို့ နှုတ်ဆက်နေကြတာ။

     ဆရာတော်နဲ့ ကျန်တဲ့သူတွေကတော့ သူတို့ကို ပြုံးရင်းကြည့်လို့...။

     ခဏကြာတော့မှ သူတို့ နှစ်ယောက်သား ကျောင်းပေါ်မှာဆိုတာ သတိ၀င်မိသွားကြတယ်။ 

     " ကန်တော့်...ကန်တော့ အရှင်ဘုရား..." 

     နှစ်ယောက်သား လက်အုပ်ချီပြီး ပြိုင်တူပြောမိတာ။ ပြီးတော့ ပြိုင်တူဦးချမိကြပြန်ရဲ့။

     ဆရာတော်ကတော့ သူတို့ကို ကြည့်ပြီး အပြုံးမပျက်ပါပဲ။ သူတို့ ဦးခိုက်လို့ ပြီးတော့ ဆရာတော်က...။

     " ကဲ...ဒီက တကာမလေး လှခင်က ဘာများလျှောက်တင်ဖို့ ရောက်လာရတာတုန်း..."

     " တင်ပါဘုရား...တပည့်တော်မတို့ ဒီမယ် ရဟန်းခံရှင်ပြု အလှူလာလုပ်ဖို့အတွက် လာလျှောက်တာပါဘုရား။ တပည့်တော်မရဲ့ သားတွေကော၊ ပြီးတော့ ဒီရွာမှာ ရှိတဲ့ သင်္ကန်းစည်းချင်တဲ့ ကလေးတွေအတွက်ကော အားလုံးပေါင်းပြီး လှူပေးချင်လို့ပါ ဘုရား..."

     " အေး...ဒါကောင်းတဲ့ အလုပ်ပဲ..."

     " တင်ပါ့ဘုရား..."  

     ဆရာတော်က ပြောပြီးတာနဲ့ အာခြောက်သွားတယ်ထင်ပါရဲ့။ ရေနွေးကြမ်းတစ်ခွက်ကို ဘုန်းပေးနေတာကြောင့် စကားသံတို့ တိတ်ဆိတ်သွားတယ်။

     အဲ့ဒီအခိုက် ခပ်လှမ်းလှမ်းမှာ နားစွင့်နေတဲ့ ကပ္ပိယကြီးက အားလုံးရဲ့အနားကို ရောက်လာပြီး လက်အုပ်ချီလိုက်လို့...။

      " အရှင်ဘုရား...တပည့်တော် တစ်လောက် လျှောက်တင်လို့ရမလား ဘုရား..." 

      " အေး...ဘာများလဲ..." 

      " ဟိုလေ ဘုရား။ ဒီက ကိုထူးနဲ့ ညွန့်စိန်တို့ကလည်း သူတို့ရဲ့ သားကို သင်္ကန်းစည်းပေးဖို့ အခုပဲ လာလျှောက်တာဆိုတော့၊ တပည့်တော်တွေးမိတာ သူတို့နဲ့ လှခင်အလှူကို တစ်ခုထဲပေါင်းပြီး လုပ်လိုက်ရင် အလှူက ပိုပြီးစည်ကားသွားမလားလို့ပါဘုရား..." 

    ဆရာတော်ရဲ့ မျက်နှာ ကွက်ခနဲ ဖြစ်သွားရသလို၊ ညွန့်စိန်တို့ လင်မယားရဲ့ မျက်နှာဆီမှာ အရိပ်အယောင်တချို့ ဖြတ်ခနဲ ဖြစ်ပေါ်လို့။

      " ဟဲ့...ကြာရိုး။ နင်နဲ့ မဆိုင်တာကို ဘာလို့များ ၀င်ပါချင်ရပြန်တုန်း။ ဒါက ကာယကံရှင်တွေရဲ့ ကိစ္စ။ သွား...နင့်ဘာသာ ဆွမ်းစားဆောင်မှာ လုပ်စရာရှိတာသွားလုပ်ချေ..."

     " တင်ပါ့ဘုရား..."

      ကပ္ပိယကြီး ထွက်သွားတော့ လှခင်က ၀မ်းသာအားရနဲ့ ညွန့်စိန်တို့ကို ကြည့်လာပြီး...။

      " အစ်မတို့လည်း အလှူလုပ်မယ်။ ဘယ်တော့များလဲ ပြောပြပါဦး..."

     ညွန့်စိန်က ပျက်ယွင်းသွားတဲ့ ဟန်ပန်ကို မသိမသာ ပြန်ထိန်းလိုက်ပြီး...။

    " ဆရာတော့်ဆီ အခုမှ လာလျှောက်တင်တုန်းပါ လှခင်ရယ်။ ရက်ကမ်းတောင် မသတ်ရသေးဘူး..."

     " အို...ဒါဖြင့်လည်း အစ်မရယ်။ ကပ္ပိယကြီးပြောသလိုပဲ ညီမတို့အတူ ပေါင်းလုပ်လိုက်ကြမယ်လေ..."

     " အင်း...ဘယ်လိုလုပ်မလဲဆိုတာတော့ နင့်အကိုနဲ့ အစ်မ အေးဆေး တိုင်ပင် စဉ်းစားကြည့်ပါဦးမယ်..."

     ညွန်စိန့်ရဲ့ မယုတ်မလွန် စကား။
 
    သူ့အကြည့်တို့ကတော့ သားကိုတစ်လှည့် ကိုထူးကိုတစ်လှည့်နဲ့ပေါ့...။  

* * * * * * 

      " ငါ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစား လှခင်ပြောတဲ့ အတိုင်းလုပ်တာက ပိုအဆင်ပြေတယ် ညွန့်စိန်..."

      ကိုထူးရဲ့ စကားက ရွေးချယ်စရာမရှိတဲ့ ပုံစံမျိုး။ 

      " မင်း စဉ်းစားကြည့်လေ၊ တို့ချည်းသက်သက်လုပ်မယ်ဆို အလှူက သိမ်နေမှာ။ သိမ်နေတဲ့အခါကျ ငါတို့က ကိစ္စမရှိဘူး..."

      ကိုထူးက အိမ်ရှေ့မှာ ဆော့နေတဲ့ သားဖြစ်သူကို မေးငေါ့ပြပြီး...။ 

      " မင်း သားက... "

      ကိုထူးပြောတာကို ညွန့်စိန်နားလည်မိပါတယ်။ 

     တကယ်တော့ သားက သင်္ကန်းစည်းချင်တာထက် ချစ်လှတို့လိုမျိုး မောင်ရင်လောင်း၀တ်၊ မြင်းကြီးစီးပြီးတော့ စည်စည်ကားကား အလှူမှာ ပျော်ချင်တာ။   

      အခု သူတစ်ဦးထဲသာသိတဲ့ ဆုံးဖြတ်ချက်အရ လက်ရှိငွေအင်အားနဲ့ဆို သားမျှော်လင့်သလို အလှူမျိုး ဖြစ်လာမှာ မဟုတ်ဘူး။   

      လှခင်တို့ဆီမှာ ပူးပေါင်းမှသာ  သားမျှော်မှန်းသလို စည်ကားတဲ့ အလှူ ဖြစ်နိုင်မှာ။

      သူအနေနဲ့ ဆုံးဖြတ်ချက်ကို ပြင်ပြီး ရွှေဒင်္ဂါးတွေကို ရောင်းချလို့ လုပ်ပေးမယ်ဆိုရင်ကော...။

      လုပ်လို့ရနိုင်ပေမယ့် ဒီအချိန်မှာ အရေးမကြီးသေးဘူးထင်တဲ့ အရာက နောင်တစ်ချိန်မှာ အကြီးမားဆုံး အခက်အခဲကြီးဖြစ်မယ့် အလားအလာ။

      " သိပ်လည်း စဉ်းစားမနေပါနဲ့တော့ မိန်းမရယ်။ ဒီအချိန်မှာ ဒါတွေစဉ်းစားနေလည်း အပိုပဲဖြစ်နေလိမ့်မယ်။ အဓိကတော့ သားရဲ့ ဆန္ဒပြည့်၀ဖို့အတွက်ပဲ ငါတို့ကြည့်ကြတာပေါ့..."

     " အင်း..."   

     အစကတည်းက အလှူအတွက် သိမ်ငယ်မိနေတဲ့ ကိုထူးက တက်တက်ကြွကြွပြောလာပေမယ့် ညွန့်စိန်ဆီက တုန့်ပြန်စကားက ခွန်အားမဲ့နေတယ်။

      " ကဲပါ...ဒီအတိုင်းပဲ စီစဉ်ကြတာပေါ့။ ငါ အခုပဲ လှခက်တို့ဆီသွားတွေ့လိုက်တော့မယ်။ မင်းလည်း စဉ်းစားမနေနဲ့တော့..."

     ကိုထူးက ပြောပြောဆိုဆို ထွက်သွားခဲ့ပြီ။ 

      ညွန့်စိန်ကတော့ စိတ်ထဲ ဘာရယ်မဟုတ် ၀မ်းနည်းသလို ခံစားမိပြီး သားဖြစ်သူကို ငေးရီစိုက်ကြည့်လို့...။

* * * * * *

      အခက်အခဲဆိုတာ လောကနိယာမအရ ကြုံတုန်းခဏ ရင်ဆိုင်ဖို့ ခက်ကြရပေမယ့် ပြီးသွားတော့လည်း အာရုံထဲ ပြန်တွေးရင်တောင် ရေးရေးပဲ ထင်နေတော့တာမျိုး။ 

     အခုလည်း ညွန့်စိန်တို့လင်မယားတွေ လှခင်ရဲ့ အလှူမှာ သားဖြစ်သူကိုပါ ထည့်၀င်ပူးပေါင်းလိုက်ပြီး ကလေးတွေတောင် ဘုန်းကြီးကျောင်းဆီမှာ သင်္ကန်းတောင်း သင်နေခဲ့ကြပြီ။ 

      ဒီ့နည်းတူပဲ ရွာထဲမှာလည်း အလှူရက်ကမ်းသတ်ခြင်းနဲ့အတူ ရွာသူရွာသားတွေနဲ့ ကာလသားပျို၊ သမီးပျိုတို့က အလှူပွဲတိုးဖို့အတွက် ကြိုတင်ပြင်ဆင်နေကြလေပြီ။ 

      ဒါတွေကို မြင်မိပြီး ညွန့်စိန်စိတ်ထဲ ချုပ်တွယ်နေတဲ့ အတွေးတွေတောင် တစ်ချက်တစ်ချက်ပျောက်ပြီး ပျော်မိသလိုလိုဖြစ်လို့။

      တဖြေးဖြေးနဲ့ ရက်တချို့ဖြတ်သန်းပြီးတော့ အလှူအတွက် မဏ္ဍာပ်ထိုးကြပြီ။ 

      ကျေးလက် အလှူဆိုတော့ ဆွေမျိုးရင်းချာတွေများကြတာမို့ အားလုံးက အပင်ပန်းအနစ်နာခံပြီး ဝိုင်း၀န်းလုပ်ကူကြတာ။

     အလှူရက်က နီးလာတာနဲ့အမျှ အလှူအတွက် ထင်းတောတက်သူက တက်၊ မြင်းငှါးသူက ငှါး၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းအတွက် ပြင်ဆင်သူက ပြင်ဆင်ကြရင်း...။

     တစ်ညမှာတော့...။

     မနက်ဖြန်ဆို အလှူအ၀င်နေ့၊ ရှင်လောင်းလှည့်ရှိတာမို့ ကျွေးမွေးဧည့်ခံရေးအတွက် ချက်ပြုတ်ကြသူများနဲ့ မနက်ရှင်လောင်းလှည့်အတွက် ပြင်ဆင်ကြသူများက လက်မလည်အောင် အလုပ်တွေရှုပ်နေကြလို့...။ 

     မဏ္ဍာပ်အတွင်းမှာဆိုလည်း မနက်ဖြန်ပွဲတိုးကြရမှာမို့ ဒိုးပတ်တိုက်တဲ့အဖွဲ့နဲ့ ရှမ်းအိုးစည်အဖွဲ့က သူနိုင်ကိုယ်နိုင် မြိုင်မြိုင်ဆိုင်ဆိုင်။ 

      ကိုထူးကတော့ ဒိုးပတ်ဝိုင်းနားမှာ ရှိနေပြီး ညွန်စိန်ကတော့ မနက်အတွက် ကွမ်းတောင်၊ ပန်းတောင်တွေပြင်ဆင်နေတဲ့ အနားဆီမှာ။ မနက်ဖြန်ကို မောင်ရင်လောင်း ဖြစ်တော့မယ့် သားတော်မောင်ကတော့ အရွယ်စုံကလေးတစ်သိုက်နဲ့အတူ ရှမ်းအိုးစည်နဲ့ ဓားသိုင်းကနေတဲ့အနားမှာ ရှိနေရဲ့။

      " အား...ငါ ဘာလို့ ရုတ်တရက်ကြီး တအားအိပ်ချင်နေရတာလဲ..."  

     ဝါးတစ်ချက်သမ်းမိပြီးနောက် ပြောတဲ့ ညွန့်စိန်ရဲ့ စကား။

     " အလှူရက်နားနီးတော့ အလုပ်တွေများပြီး အိပ်ရေးတွေပျက်၊ ပင်ပန်းလွန်းလို့ ဖြစ်မှာပေါ့...အစ်မညွန့်ရဲ့..."

     ပန်းထိုးကူနေတဲ့ ရွာရဲ့သာရေးနာရေးအမျိုးသမီးခေါင်းဆောင် လှအုန်းကပြောတာ။  

     " အင်း..."

      ညွန့်စိန် ခေါင်းကို ညိတ်မိရင်း သူပြောတာဖြစ်နိုင်တယ်လို့ တွေးမိလိုက်တယ်။ ပြီးတော့ အိပ်ချင်စိတ်ကို ဖယ်ဖျောက်ဖို့ ခေါင်းကို ရမ်းခါမိတာ။

      " ကဲပါ...အစ်မ သိပ်အိပ်ချင်နေတာ ခဏသွားမှေးလိုက်ချေဦး။ ဒီဟာတွေကို ကျွန်မတို့ချည်းနိုင်တယ်။ သွား...သွား..."

      " အင်း...ဒါလေးတော့ လက်စသတ်..." 

      " အမလေး...သတ်မနေစမ်းပါနဲ့။ ကျုပ်တို့ ဆက်လုပ်လိုက်မယ်။ တော်သာ သွားအနားယူချေ..." 

     " ဟုတ်ပါ့...တော်ကြာ အိပ်ရေးမ၀လို့ မနက်ဖြန်မနက် ရှင်လောင်းလှည့်မှ ရှင်လောင်းအမေ မျက်ကွင်းညိုကြီးနဲ့ဆို ကြည့်မကောင်းဘူးနော်..."

      အားလုံးက ဝိုင်းစတော့ ညွန့်စိန် ပြုံးမိတယ်။ အရာရာကို မေ့ပျောက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးရတဲ့ ဒီလိုအပြုံးလေးတွေ မကြာခဏသူပြုံးချင်နေမိသေးတယ်။

      " ကဲပါ...ဘာတွေတွေးနေတာလဲ၊ လက်ထဲကဟာ ဒီကိုပေး၊ တော် သွားမှာဖြင့် သွားတော့..."

      နံဘေးက အစ်မတင်လှပြောမှ ညွန့်စိန်တွေးမိနေရာက သတိ၀င်လာပြီး ထ'လာခဲ့လိုက်တယ်။

     ပြီးတော့...အိပ်ရာဆီသွားမိပြီး ခေါင်းအုံးပေါ် ခေါင်းချလိုက်တော့ ပင်ပန်းနေလို့လားမသိ၊ ချက်ချင်းကိုပဲ အိပ်ပျော်သွားတော့တာ။

* * * * * *

      " အမေ...အမေ..."

      ခေါ်သံကြောင့် ညွန့်စိန် ကြည့်မိတော့ သူ့ကို ပြုံးပြရင်း ကြည့်နေတဲ့ အတိတ်ဘ၀မှာ ကျန်ရစ်တဲ့ သားဖြစ်သူ မောင်ဖုန်း။ 

      " သား...မောင်ဖုန်း...ဘယ်ကဘယ်လို..."

     ညွန့်စိန်ဆီက လှိုက်လှိုက်လှဲလှဲ စကားသံကြောင့် မောင်ဖုန်းက ၀မ်းသာအားရနဲ့ ပြေးဖက်လိုက်တာကြောင့် ညွန့်စိန်စကားတွေလည်း တစ်ပိုင်းတစ်စနဲ့။

    ဒီတစ်ကြိမ် သားဖြစ်သူနဲ့ ပထမဦးဆုံးအကြိမ် နီးနီးကပ်ကပ် ဆုံရတာဆိုတော့ ဒီအခိုက်အတန့်က သူရှိနေတဲ့ လက်ရှိပစ္စုပ္ပန်ဘ၀ကိုတောင် မေ့သွားစေတယ်။

      " အဖေက အမေ့ကို သွားမတွေဖို့ ပြောထားတာ..."

     မိခင်ဖြစ်သူကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း မောင်ဖုန်းက ပြောတာ။ 

     " ဟင်...သူက ဘာလို့ အဲ့ဒီ့လို ပြောတာလဲ..." 

      ညွန့်စိန်က ပြောတော့ မောင်ဖုန်းက မျက်ရည်အဝိုင်းသားနဲ့ သူ့မျက်နှာကို မော့ကြည့်လာပြီး...။ 

    " အဖေက ပြောတယ်။ အမေက ညီလေးကို သင်္ကန်းစည်းပေးပြီးတဲ့ အခါကျရင်  သားတို့ဆီကို အပြီးပြန်လာတော့မှာတဲ့။ အမေက အဖေ့ကို ကတိပေးထားတယ်တဲ့။ အဲ့ဒါ...ဒီကြားထဲ အလှူမလုပ်ရသေးခင် အဖေတို့ သွားလိုက်မိရင် အမေ စိတ်ရှုပ်ထွေးပြီး ပြန်မလာတော့ဘဲ နေလိမ့်မယ်တဲ့။ ဒါကြောင့် အဖေကော သားကော ဒီကြားထဲမှာ သွားမတွေ့ရဘူးလို့ ပြောထားတာ။ အခုတောင် အမေ့ကို သားက တွေ့ချင်လွန်းလာလို့ အဖေမသိအောင် တိတ်တိတ်လေး လာခဲ့တာ။ ပြီးတော့ အမေ့ကို ပြောစရာလည်း ရှိနေသေးလို့..."

      ညွန့်စိန်က မောင်ဖုန်းကို ခွာလိုက်ပြီး မျက်နှာကို စိုက်ကြည့်လို့...။

      " သားက အမေ့ကို ဘာများပြောချင်လို့လဲ..."

     ညွန့်စိန်ရဲ့ စကားအဆုံး  မောင်ဖုန်းရဲ့ မျက်နှာလေးက အိုသွားတယ်။ စကားကိုလည်း ပြောဖို့ တွန့်ဆုတ်နေပုံပဲ။

     " ပြောလေ...သားရဲ့။ မေမေ ဘာလုပ်ပေးရမလဲ..."   

      မောင်ဖုန်းက ညွန့်စိန်ကို မဝံ့မရဲကြည့်လာပြီး...။

      " ဟို...ဟိုလေ...သားလည်း..."

      " အင်း...ပြောသား..."

      မောင်ဖုန်းဆီက စကားက ပြောထွက်ဖို့ ခက်နေတဲ့ အနေအထားမို့ ညွန့်စိန်က တွန်းအားပေးလိုက်တာ။

      " သား...သားလည်း ညီလေးလို သင်္ကန်းစည်းချင်လို့..."  

      " ဟင်..."

      ညွန့်စိန် တဒင်္ဂမေ့မျော သွားသလိုပဲ။ 

      သားမောင်ဖုန်းရဲ့ စကားက သူလုံး၀ ထင်မှတ်မထားတဲ့ စကား။ ပြီးတော့ ဖြည့်ဆည်းပေးဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်။ ကြည့်နေရင်း သားမောင်ဖုန်းအပေါ် သနားစိတ်၊ မိခင်မေတ္တာကြောင့် မလုပ်ပေးနိုင်လို့ ယူကြုံးမရတဲ့ စိတ်တွေက တဖွားဖွားဖြစ်ပေါ်လာရတယ်။ 

      " အမေ...အဖေ သိသွားပြီ။ သား...ပြန် ပြန်တော့မယ်..."

      မောင်ဖုန်းက သူ့အနားကနေ တရွေ့ရွေ့ထွက်ခွာသွားတယ်။

    မသွားခင် သူ့မျက်နှာကို မျှော်လင့်တကြီး စိုက်ကြည့်နေတဲ့ သားမောင်ဖုန်းရဲ့ အကြည့်တွေက သူရင်အစုံကို ၀မ်းနည်းကြေကွဲစေခဲ့ရဲ့။ 

      " ညီလေးလို သင်္ကန်းစည်းချင်တယ်တဲ့။ ဖြစ်မှဖြစ်ရလေ သားရယ်..."

 
* * * * * *     

      " အီး...ဟီး...ဟီး...."

      ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ ငိုသံကျယ်ကြီးကြောင့် အားလုံး ထိတ်လန့်အံ့သြကုန်ကြရတယ်။

      " ဘယ်သူ ဘာဖြစ်တာလဲ မသိဘူး။ ကြည့်ကြစမ်းပါဦး..."

      ညဉ့်နက်သန်းခေါင်ကြီးဆိုတော့ အားလုံး စိုးရိမ်စိတ်ကိုယ်စီနဲ့။

     တအောင့်ကြာတော့ အသံရှင်ကို သူတို့ရှာနိုင်ခဲ့တယ်။ ဘယ်သူလဲဆိုတော့ ညွန့်စိန်လေ။ 

      သူအိပ်နေတဲ့အခန်းထဲမှာ ထိုင်ရင်း ငိုကြွေးနေတာ။ မြင်ရသူတို့ ဘာဖြစ်တာလဲဆိုတဲ့စိတ်နဲ့ စိတ်ပူ စိုးရိမ်မိကြတယ်။  

      ကိုထူးက ပြာပြာသလဲနဲ့ ညွန့်စိန်အနားကို ရောက်လာပြီး...။

       " ညွန့်စိန်...ဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ ပြောစမ်းပါဦး..."

       ညွန့်စိန် ပြန်မဖြေ။ တသိမ့်သိမ့်ရှိုက်ရင်း မျက်ရည်အပြည့်နဲ့ မျက်၀န်းတွေကလည်း ကြောင်စီစီဖြစ်လို့။ 

      " ညွန့်စိန်...ငါမေးနေတယ်လေဟာ။ နင်ဘာဖြစ်တာလဲ။ ဘယ်သူဘာလုပ်လို့လဲ..."

       အားလုံး အထင်ရှိတာက လူအများစုဝေးနေတာဆိုတော့ ညွန့်စိန်အိပ်နေတုန်း တစ်ယောက်ယောက်ကများ  တစ်စုံတစ်ရာပြုသလားပေါ့။ 

      " သား...သား....ငါ့သားလေး..."

      " သားလား...သားရှိတယ်လေ။ သံဃာစင်ပေါ်မှာ ငါနဲ့အတူအိပ်နေတာ..."

      ကိုထူးကပြောတော့ ညွန့်စိန်က အီးခနဲ အသံကျယ်ကြီးနဲ့ ငိုချလိုက်ပြီး...။

      " မဟုတ်ဘူး...သား...သား မောင်ဖုန်း...အီး...ဟီး...ဟီး..."

      " ဟင်...မောင်ဖုန်း..."

     " မောင်ဖုန်းက ဘယ်သူလဲ..." 

      အားလုံး အံ့အားသင့်မိကြပြီး နားမလည်နိုင်ကြပြီမို့ မေးခွန်းတွေက အစီအရီ။  

      " အီး...ဟီး...ဟီး အမေ့သားလေးရယ်...ညီလေးလိုပဲ သင်္ကန်းစည်းချင်ရတယ်တဲ့လား..."

      ညွန့်စိန် ထပ်ပြောတဲ့ စကားကို ကြားပါမှ အားလုံးနားလည်မိသလိုလို ဖြစ်ကြရတယ်။   

      " သူ့ရဲ့ သိုက်မှာကျန်ခဲ့တဲ့သားကို ပြောနေတာ..."

      ဘယ်သူတွေ ဘာပဲပြောပြော ညွန့်စိန်နားထဲဆီကို မရောက်။ အာရုံက သားဖြစ်သူဆီမှာပဲဆိုတော့ အနားက လူတွေကိုလည်း သူမမြင်နိုင်။ 

      " သား...သားလေး။ မောင်ဖုန်း စိတ်...စိတ်မကောင်းမဖြစ်နဲ့နော်။ အမေ...ရှိတယ်။ သားဆီကို အမေ လာခဲ့မယ်..."

      သွေးရူးသွေးတန်းနဲ့ ပြေလျော့နေတဲ့ ဆံပင်တွေကို ထိုးဖွရင်း ညွန့်စိန်ပြောလာတာ။ သူ့ရဲ့ မျက်လုံးတွေကလည်း သူရူးတစ်ယောက်လိုပဲ။

      " ညွန့်စိန်...သတိထားလေဟာ။ မနက်ဖြန် နင့်သားလေး ရှင်လောင်းလှည့်တော့မှာလေ...နင်သတိထားပါဦး..." 

      မလှသောင်းက ၀င်ပြောတော့ ညွန့်စိန် ခေါင်းကို ခါရမ်းလိုက်ပြီး...။  

      " ဟင့်အင်း...ငါ့သား...ငါ့သားဆီ ငါသွားမယ်။ သားရေ အမေလာခဲ့မယ်။ အမေ ကိုယ်တိုင် ငါ့သားကို သင်္ကန်းစည်းပေးမယ်..."

      ပြောပြီးတာနဲ့ ညွန့်စိန် ဝုန်းခနဲ ထပြေးတော့တယ်။ 

      " ဟာ...လုပ်...လုပ်ကြပါဦးဟ..."

      " ညွန့်စိန်ကို တားကြပါဦး..."

      ထင်မှတ်မထားကြတာမို့ ဘယ်သူမှ မတားနိုင်ဘူး။ ချက်ချင်းပဲ အော်သံဟစ်သံတွေဆူညံပွက်လောရိုက်ကုန်ကြတယ်။ ညွန့်စိန်က စွန်ပါချောင်းဘက်ကို ဦးတည် ပြေးတာ။

      " သားရေ...အမေ လာပြီ၊ ငါ့သားဆီ အမေလာပြီ..."

      " ညွန့်စိန်...မသွားနဲ့..."

      ဘယ်သူတွေ ဘယ်လိုပဲ အော်ဟစ်တားပေသော်ငြား ညွန့်စိန်က မြင့်မားလွန်းတဲ့ ချောင်းကမ်းပါးထက်ကနေ ခုန်ချလိုက်လေပြီ။

* * * * * *

     ဝါဂွမ်းတစ်ခုလိုပဲ ညွန့်စိန်ရဲ့ တစ်ကိုယ်လုံး  လေအလျင်မှာ လွင့်ပါးနေတယ်။

    စိတ်က ရုတ်တရက်ကြီး သူဘာဖြစ်တယ်ဆိုတာကို နားမလည်နိုင်သေး။ ဒီအခိုက် အာရုံကို ကပ်ပါး၀င်ရောက်လာတာက နောက်ဆုံးသူမှတ်မိနေတဲ့ သားမောင်ဖုန်းရဲ့ မျှော်လင့်တကြီး မျက်နှာ။

     " သား...ငါ့သားလေး..."

     စိတ်က ထင်ဟပ်ရုံရှိသေး၊ လူက ဖျတ်ခနဲ လွင့်မျောသွားပြီး တစ်နေရာဆီရောက်သွားရတယ်။    

     " ဒါ...ဒါ ၀င်္ကဘာဘုရားပဲ..."

     ညွန့်စိန် တအံ့တသြရေရွတ်လိုက်တာ။

     အခုတော့ ၀င်္ကဘာဘုရားရဲ့ မြင်ကွင်းတို့က ယခင်က မြင်နေရပုံတို့နဲ့ သိသိသာသာကို ကွဲပြားခြားနားနေတယ်။

     ယခင် မြင်ဖူးခဲ့တာက ထုံးသင်္ကန်းတို့ပျက်ပြယ်နေတဲ့ ခြောက်ခြောက်ကပ်ကပ် ၀င်္ကဘာဘုရား။ ယခုတော့ သူမြင်နေရတာက ရွှေရောင်တ၀င်း၀င်းနဲ့ သပ္ပါယ်လွန်းနေတဲ့ ၀င်္ကဘာဘုရား။ အစစ၊ အရာရာခြားနားလွန်းနေလို့။

     ဘုရားအနားမှာ လူတွေကလည်း တိုးလို့မပေါက်နိုင်အောင် စည်ကားနေလိုက်တာ။ တချို့ကဆို ဘုရားဆီမှာ ပန်း၊ ရေချမ်း၊ ဆီမီးတွေကပ်နေကြပြီး တချိုကြတော့ ဘုရားရှိခိုးသူ ရှိခိုး၊ ပုတီးစိပ်သူ စိပ်နဲ့။ 

      ညွန့်စိန်ရဲ့ ခြေထောက်တွေက ဘုရားဘက်ဆီကို အလိုလို လှမ်းနေမိတယ်။

      နံဘေးက သွားလာနေကြတဲ့သူတွေရှိပေမယ့်လည်း သူ့ကို လှည့်ကြည့်တာမျိုးလောက်ပဲရှိပြီး တသီးတသန့် ဘယ်သူမှ ဂရုတစိုက်ထားနေတာမျိုး ရှိမနေဘူး။ 

      ညွန့်စိန် တဖြေးဖြေးနဲ့ ဘုရားအနားကို ရောက်လာခဲ့တယ်။ ဘုရားကို ကြည့်ရင်း ကြည်ညိုသဒ္ဒါစိတ်တို့က ပြည့်လျံယိုဖိတ်လာတာ လက်အုပ်ချီရင်း ဖူးမြှော်လိုက်မိချိန်...။
 
      " မယ်ရှင်...သမီး..."

      " ရှင်..." 

      ခေါ်သံကြောင့် နှုတ်က အလိုလိုထူးမိလိုက်ပြီး လှည့်ကြည့်မိတော့ ရုပ်ရည်တည်ကြည်လွန်းပြီး ၀တ်ဖြူစင်ကြယ်၀တ်ထားတဲ့ အဘိုးတစ်ယောက် သူ့အနားမှာ ရပ်လို့...။ 

      " အဘိုးကို မှတ်မိလား သမီး..."  

      ညွန့်စိန် ခေါင်းကို ခါရမ်းမိလိုက်တယ်။ အဘိုးက ပြုံးလိုက်ပြီး ခေါင်းကို တတွင်တွင်ညိတ်ရင်းက...။

      " အင်း...ဘယ်မှတ်မိပါ့မလဲ။ သမီးအခုပြန်လာတာက မယ်ရှင်အဖြစ်နဲ့ မဟုတ်သေးတော့ လိပ်ပြာမအပ်ရသေးဘူးလေ..."

     အဘိုးပြောတာတွေကို ရုတ်တရက်ကြီး ညွန့်စိန် နားမလည်နိုင်ပြီ။ 

     " ဒါနဲ့...သမီး အခု ဒီကို အချိန်မကျသေးဘဲ ဘာလာလုပ်တာလဲ..."

     အဘိုးပြောမှ လာရင်းအကြောင်းကို ညွန့်စိန် သတိရသွားရပြီး...။

     " ဟို...ဟို...သမီးရဲ့ သားလေး မောင်ဖုန်း..."

     " ဪ...အဘိုး သဘောပေါက်ပြီ။ ငရှင်ညိုတို့ သားအဖကို တွေ့ချင်လို့မှတ်လား..."

     " ဟုတ် ဟုတ်ကဲ့ အဘိုး..."

     " အင်း...ဒါဆိုရင်တော့ တွေ့တော့တွေ့ရမယ်။ ဆုံတော့မဆုံချင်နဲ့ဦး..."

      " ရှင်..."

     အဘိုးစကားကို ညွန့်စိန် တကယ်နားလည်ရခက်သွားရတာ။ အဘိုးက...။

     " ဟုတ်တယ်။ သမီး ဆုံလို့မရသေးဘူး။ ငရှင်ညိုကို ပေးထားတဲ့ သမီးရဲ့ကတိအရဆို သမီးရဲ့ ရှင်ပြု အလှူကိစ္စက မပြီးမြောက်သေးဘူးမလား..."

     အခုမှ အလှူကိစ္စကို ညွန့်စိန်သတိရမိသွားတာမို့ ခေါင်းကို ညိတ်လိုက်ပြီး...။  

      " ဟုတ်ကဲ့ အဘိုး။ မနက်ဖြန်ဆိုရင် ရှင်လောင်းလှည့်မှာပါ..."

      " အင်းလေ...ဒါကြောင့် သမီး လူ့ဘ၀ကို မဖြစ်မနေ ပြန်ရဦးမယ်။ မပြန်ခင် သူတို့ကို မြင်ချင်တယ်ဆိုရင်တော့ အဘိုးပြပေးလို့ရပါတယ်..."

     အဘိုးက ပြောပြီး လက်ကို ဝှေ့ရမ်းလိုက်တယ်။ 

     အံ့သြစရာပါပဲ။ 

     ညွန့်စိန်ရဲ့ မျက်နှာရှေ့ဆီမှာ ရုတ်ခြည်းပေါ်ပေါက်လာတဲ့ မြင်ကွင်းတစ်ခု။ 

      ငရှင်ညိုက သားဖြစ်တဲ့ မောင်ဖုန်းကို ပုဆိုးတစ်ထည်နဲ့ သင်္ကန်း၀တ်သလို လုပ်ပေးနေတာ။ 

     ဖခင် လုပ်ပေးတာကို မောင်ဖုန်းက သဘောအကျကြီးကျပြီး သူ့ကိုယ်သူ အကြိမ်ကြိမ်ပြန်ကြည့်ရင်း ပြုံးလို့ ရွှင်လို့...။  

      ညွန့်စိန် ကြည့်နေရင်း ရင်ထဲမှာ ၀မ်းသာသလို၊ ၀မ်းနည်းသလိုနဲ့ ခံစားရပြီး မျက်ရည်တွေ ရစ်ဝဲလာရတယ်။  

      " ဒီလောက်ဆို ကျေနပ်တော့ သမီး..."

      အဘိုးရဲ့ စကားသံ ထွက်ပေါ်လာတာနဲ့ မြင်ကွင်းက ဖျတ်ခနဲကွယ်သွားတယ်။ 

     " သား...အမေ့သားလေး..."

     ညွန့်စိန် သတိလက်လွတ်ဖြစ်ပြီး လက်နဲ့ လှမ်းဆွဲလိုက်ပေမယ့်လည်း အချည်းနှီးရယ်သာ။

     " ကဲ...သမီး။ ပြန်ဖို့ အချိန်ကျပြီ။ မနက်ဖြန် တရားနာကျရင်တော့ ငရှင်ညိုတို့ သားအဖရောက်လာကြလိမ့်မယ်။ သမီးရဲ့ အလှူက လူ့ဘ၀မှာ ရှာဖွေခဲ့တဲ့ ကိုယ့်ရဲ့ ချွေးနှဲစာကို လှူထားတဲ့ အလှူမို့ သမီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွဲပြီး ထိုက်ထိုက်တန်တန် သာဓုခေါ်ခဲ့ပါလေ။ ကဲ...သွားချေတော့..."

      အဘိုးရဲ့ စကားအဆုံး ညွန့်စိန်ကို တစ်စုံတစ်ရာက အားပြင်းပြင်းနဲ့ တွန်းထုတ်လိုက်သလို ခံစားလိုက်ရတော့တယ်။

ဇာတ်သိမ်းပိုင်း ဆက်ရန်...။

                                      နောင်ရိုး( ဆေးတပ်)

Post a Comment

أحدث أقدم

Comments