အသက်ကြီးတတ်ကြပါစေသတည်း // သုမောင်
(အမှတ် ၃၀၊ နိုဝင်ဘာလ၊ ၁၉၈၃ ခုနှစ်၊ ပေဖူးလွှာ မဂ္ဂဇင်း။)
---
ညကြီးမင်းကြီး
ထပြီးထိုင်နေ
အိပ်ရာတွေလည်း
ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ...
အခန်း ၁
အထက်ပါ တပိုင်းတစကဗျာကို မှတ်မိရုံတမည် ကျွန်တော် ဖော်ပြလိုက်ပါသည်။ ထိုကဗျာ အစအဆုံးကိုကား ကျွန်တော် မေ့နေပါသည်။ ထိုကဗျာ၏ ပိုင်ရှင် စာရေးသူကား ယခု နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော စာရေးဆရာမ ကြည်အေး ဖြစ်ပါသည်။ ဆရာမ ဒေါ်ကြည်အေးသည် ကျွန်တော်တို့ ငယ်စဉ်က (ကဗျာရူး စာရူးထစဉ်) အလွန်နှစ်သက်ခဲ့ရသော ဆရာတဆူ ဖြစ်ခဲ့ဖူးပါသည်။ ထိုနည်းတူစွာ သူငယ်စဉ်က ရေးခဲ့သော “ဘုန်းသက်တိုင်” နှင့် “နွမ်းလျအိမ်ပြန်” ဝတ္ထုနှစ်ပုဒ်ကို အသည်းစွဲခဲ့ရဖူးပါသည်။ ယခုပြောလိုသည်မှာ ထိုဝတ္ထုနှစ်ပုဒ်ကို တပေါင်းတစည်းတည်း ပြန်လည်ထုတ်ရန် ထုတ်ဝေသူတဦးက ကမ်းလှမ်းသောအခါ ဆရာမ ဒေါ်ကြည်အေးက ငြင်းဆန်လိုက်သည်ဟု ကြားသိခဲ့ရကြောင်း ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ထိုဝတ္ထုများသည် သူ ငယ်စဉ်က ရေးသားခဲ့သော ဝတ္ထုများဖြစ်သဖြင့် အရွယ်ကြီးရင့်လာသော အချိန်တွင် ပြန်လည်ဖတ်ရှုသောအခါ ခံတွင်းမတွေ့တော့ကြောင်းဟူသော အကြောင်းပြချက်ကြောင့် ဖြစ်ပါသည် ဟူ၍ ကြားဖူးပါသည်။
“ဘုန်းသက်တိုင်” နှင့် “နွမ်းလျအိမ်ပြန်” နှစ်ပုဒ်တွဲထွက်သော စာအုပ်၏ ဒေါ်ကြည်အေးရေးသော အမှာတွင် ထိုအကြောင်းကို တွေ့ရှိနိုင်ပါသည်။ ထိုအကြောင်းကို ကျွန်တော်က စာပေရှေ့နေလုပ်၍ ပြောပါရစေ။
နောင်အခါမှ သိရသည်မှာ ဆရာမဒေါ်ကြည်အေးက -
“ခု ကျွန်မအသက် လေးဆယ်နား ကပ်နေပြီ။ဒါပေမဲ့ စာဖတ်သူတွေ အားလုံးဟာ လေးဆယ်နား ကပ်နေကြသူတွေချည်းပဲ မဟုတ်ဘူး။ ဆယ့်လေးငါးခြောက်နှစ်အရွယ် အပျိုပေါက် အရွယ်တွေလည်း ရှိပါသေးလား ... ဆိုတဲ့ အသိနဲ့ ဒီစာအုပ်ကို ထုတ်ခွင့် ပေးလိုက်ပါတယ်” ဟူသတည်း။
သြော် လူကြီး လူကြီး ...။
---
အခန်း ၁၊ နောက်ဆက်တွဲ
ကျွန်တော်တို့ငယ်စဉ် ကျွန်တော်တို့အမေ မူလတန်းကျောင်းအုပ်ဆရာမကြီး လုပ်ခဲ့စဉ်က ပညာရေးအရာရှိ၏အမည်မှာ ဒေါ်ခင်ရွှေ ဟူသတတ်။
ယခု ကျွန်တော့အမေသည် အသက်ခြောက်ဆယ့်ငါးနှစ် အရွယ်သို့ ချဉ်းနင်းပြီ ဖြစ်သောကြောင့် ထိုဒေါ်ခင်ရွှေသည် အသက် ၇၀ ကျော်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဒါက ကျွန်တော်၏ ခန့်မှန်းခြေ။
တလောဆီက ကျွန်တော်နှင့်အမေ ထိုဒေါ်ခင်ရွှေအကြောင်းကို စကားလက်ဆုံကျမိကြရာ အမေက အောက်ပါအတိုင်း ပြောလေသည်။
“ဟဲ့သား... ဟိုနေ့က မမရွှေနဲ့ တွေ့တယ်။ တယ်လီဗွီးရှင်းထဲမှာ မင်းသီချင်းဆိုတာတွေ ကြည့်ပြီး အကုန်ကြိုက်တယ်တဲ့ သားရဲ့ ၊ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ မေမေ”
“ဒါပေမဲ့ မင်းရဲ့ ကျင်စွယ်နှုတ်ခမ်းမွေးကြီးကို မကြိုက်ဘူးတဲ့။ အေး အမေလည်း အဲဒါကြီး မကြိုက်ပါဘူး သားရယ်။ မထားချင်စမ်းပါနဲ့”
“အို အမေကလည်း ကျွန်တော်က ထားချင်လို့မှ မဟုတ်တာပဲ။ ရိုက်လက်စ ရုပ်ရှင်ဇာတ်ကားတွေက မပြတ်သေးတော့ ဒီလိုပဲ ထားနေရတာပေါ့”
“အေး တခုတော့ ရှိတယ်။ သူမကြိုက်ပေမဲ့ သူ့မြေးလေးကတော့ အဲဒီလို နှုတ်ခမ်းမွေးနဲ့မှ ကြိုက်တာတဲ့”
ကျွန်တော်သည် လောကကြီးအား သဘောပေါက်စွာ ကြည့်ရှု ရယ်မောလိုက်မိပါသည်။
သို့သော် ကျွန်တော့ထက် ပို၍ အဖိုးတန်သော ရယ်မောခြင်းအမှုကို အမေကပြုလျက် -
“သူက ထပ်ပြောတယ် သားရဲ့။ မမ အခု အသက်ခုနစ်ဆယ့်တနှစ်။ပြောင်းပြန်လှန်လိုက်တော့ တဆယ့်ခုနစ်နှစ်တဲ့”
ကျွန်တော် ပြုံးလိုက်မိပါသည်။
ဟုတ်သားပဲ။
အဘွားနှင့် မြေးတို့၏ ခေတ်သည် တဖြည်းဖြည်း ခြားနားလာနေပါကလား။
သြော် လူကြီး လူကြီး ...။
---
အခန်း ၂
“ခွေးဖြစ်မဲ့ နွားတွေ”
ဟူ၍ မဆဲတတ် ဆဲတတ်နှင့် ဆဲသော ဦးသူတော်ဟူသည့် ကျောင်းအုပ်ဆရာကြီးတယောက်သည် တခါက ပြွန်တန်ဆာမြို့တွင် ရှိခဲ့ဖူးသည် ဟူသတည်း။
စဉ်းစားကြည့်ပါဗျာ။
ခွေးဖြစ်မဲ့ နွားတွေတဲ့။
ဘာဆိုင်လို့လဲ။ ဤမျှလောက် ပြောပြလိုက်လျှင် ထိုဆရာကြီးသည် မည်မျှ ယဉ်ကျေးသိမ်မွေ့ကြောင်း မဆဲတတ်ကြောင်းကို သိလောက်ပြီ ဖြစ်ပေမည်။
သူသည် စည်းကမ်းကြီး၏။ ကျောင်းသူကျောင်းသားများကိုလည်း သူ၏ သားသမီး အရင်းအချာများကဲ့သို့ပင် ရိုက်တန်ရိုက် ဆိုတန်ဆိုဖြင့် ဆုံးမ ပဲ့ပြင်ပေးတတ်လေသည်။ ချစ်လည်း ချစ်လေသည်။ ထို့ကြောင့်လည်း ပြွန်တန်ဆာ တမြို့လုံးရှိ လူငယ်လူရွယ်များက သူ့ကို ချစ်ကြောက် ရိုသေကြလေသည်။ ပြီးတော့ ပြွန်တန်ဆာ တမြို့လုံးတွင် သူ၏ တပည့်များမှာ လက်ညှိုးထိုးမလွဲ ရှိလေသည်။
ထိုအထဲတွင် ယခု စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့်လည်း ပါဝင်လေသည်။
ဆရာ အောင်ပြည့်သည် ထိုစဉ်က တပည့် အောင်ပြည့် ဖြစ်လေသည်။ ချာတိတ်ပေါ့ခင်ဗျာ။
ဆရာ ဦးသူတော်၏ အရိုက်အနှက် အကြိမ်းအမောင်းကိုလည်း ဆရာ အောင်ပြည့်သည် အများပြားဆုံး ခံရသူထဲတွင် ထိပ်ဆုံးက ပါဝင်လေသည်။ သူက ငယ်ငယ်က လူဆိုး။
တနေ့သောအခါတွင် ဆရာကြီး ဦးသူတော်သည် လူကြီးတို့ သဘာဝအတိုင်း တနည်းအားဖြင့် အစိုးရ အမှုထမ်းတို့၏ သဘာဝအတိုင်း ပင်စင်စားဘဝ အငြိမ်းစားဘဝသို့ ရောက်ရရှာလေသည်။
ထိုနံရောအခါ သူ အကြိမ်ကြိမ် ခေါင်းခေါက်ခြင်း ခံရသဖြင့် ဒဿဂီရိကဲ့သို့ ခေါင်းတွင် အဖုပေါင်းများစွာ ရှိနေခဲ့ရသော မောင်အောင်ပြည့်သည် ဆရာ ဦးအောင်ပြည့်ဘဝသို့ ရောက်နေပြီဖြစ်ပေသည်။
“ ဆရာ ... ကျွန်တော် ဆရာနဲ့ တွေ့ခွင့်ရှိပါသလား ခင်ဗျာ”
အထက်ပါစကားသည် ဆရာကြီ ဦးသူတော်က သူ့တပည့်ဟောင်း မောင်အောင်ပြည့်ကို ကျောင်းစာသင်ခန်းအဝမှ နေ၍ ပြောလိုက်သော စကားဖြစ်ပါပေသည်။
ထိုစဉ်ကအကြောင်းကို ပြန်ပြောရမည်ဆိုလျှင် အထက်ပါစကားကို ဆရာ ဦးသူတော် လှမ်းပြောလိုက်စဉ်က _
ဆရာ အောင်ပြည့်သည် ဆရာ ဦးသူတော် သင်ခဲ့သော စာသင်ခန်း (ကိုအောင်ပြည့်ကိုယ်တိုင် မောင်အောင်ပြည့်အဖြစ် ကျောင်းသားဘဝ၌ နေခဲ့သော စာသင်ခန်းပင် ဖြစ်ပါသည်။) တွင် သူကိုယ်တိုင် ဆရာအဖြစ်နှင့် စာသင်နေရသောအချိန် ဖြစ်ပါသည်။
ဆရာ ဦးသူတော်သည် အထက်ပါအတိုင်း ကိုအောင်ပြည့် စာသင်နေသော သူ ဆရာဖြစ်စဉ်က စာသင်ခဲ့သော စာသင်ခန်းမ၏ တံခါးပေါက် အဝမှနေ၍ မရဲတရဲ ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ထိုအခါ ဆရာ အောင်ပြည့်သည် ကြောက်ချစ် ရိုသေစိတ်ဖြင့်ပင် သူ၏ တပည့်များကို သင်ခန်းစာပေးပြီး ဆရာကြီး ဦးသူတော်ထံသို့ ကုပ်ကုပ် ကုပ်ကုပ်ဖြင့်ထွက်၍ တွေ့ဆုံလေသည်။ စာသင်ခန်း အပြင်သို့ရောက်၍ သူ၏ ဆရာကြီးနှင့် တွေ့သောအခါ၌တွင်ကား ...
ကျွန်တော်တို့ ဇာတ်လိုက်ကြီး (စာရေးဆရာ ရုပ်ရှင် သရုပ်ဆောင် အောင်ပြည့်)ကို စာသင်ခန်း အပြင်ဝ၌ စောစောက ‘ဆရာ’ ဟု ခေါ်ခဲ့သော ဆရာကြီး ဦးသူတော်သည် နားရင်း တချက် ပိတ်တီးလျက် ...
“ဟေ့ကောင်...၊ ဟိုတနေ့က ဟိုတရုပ်မ ‘ဘိဝါဆိုင်’ မှာ မင်း အရက်ဝင်သောက်တယ် ကြားတယ်။ နောက်တခါ သောက်တယ်ဆိုတာ ကြားရင် ငါကိုယ်တိုင် မင်းအိမ်လာပြီး ဖနောင့်နဲ့ ပိတ်ကန်မယ်”
ဟု စကားကို ကပေါက်ချိ ကပေါက်ချာ (ပင်ကိုယ်က ရိုးစင်းစွာ စကားမကြွယ်သူမို့) ပြော၍ သုတ်သုတ် ထွက်သွားလေတော့သည်။
သြော် လူကြီး လူကြီး ...။
---
အခန်း ၃၊ ဇာတ်သိမ်း
မှတ်ချက် ...။
တယ်လီဖုန်းသံ ...။
“ဟဲလို ဆရာကြီး ဦးမင်းသုဝဏ် ရှိပါသလားခင်ဗျာ”
“ဟုတ်ကဲ့... ပြောနေပါတယ်”
“သြော်... ဆရာကြီးလား။ ကျွန်တော် မောင်သုမောင်ပါ။ ဟိုတနေ့က ကျွန်တော့ စာအုပ်တအုပ် အပို့ခိုင်းလိုက်တာ ရောက်ရဲ့လားလို့ စိတ်ပူတာနဲ့ လှမ်းဆက်တာပါခင်ဗျာ”
“ဟုတ်ကဲ့။ ရောက်ပါတယ် ကိုသုမောင်”
ကျွန်တော်၏ ရင်အတွင်း၌ အမည်မသိသော ဝေဒနာတခုသည် ဝင်ရောက်လာပြီး လှပ် လှပ် လှပ် လှပ် ... လှပ်လှပ် လှပ်လှပ် ဖြစ်စေခဲ့ရပါတော့သည်။
ကျွန်တော့အဖေ (တနည်းအားဖြင့် ကျွန်တော့ လက်ဦးဆရာ) ၏ ဆရာဖြစ်သော ... ကျွန်တော်နှင့်ဆိုလျှင် အဘိုး ... တနည်းအားဖြင့် ဆရာ့ဆရာဖြစ်သော ဆရာကြီး ဦးမင်းသုဝဏ်သည် ကျွန်တော် ... ဟုတ်ကဲ့ ... ကိုသုမောင်ခင်ဗျာ စသော အသုံးအနှုန်းများကို သုံးနေခြင်းအတွက် စိတ်ထဲတွင် စနိုးစနောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်က
“သြော်... ဆရာကြီးရယ်... ကျွန်တော့လို တပည့် သားမြေးတယောက်ကိုများ ခုလို ဆက်ဆံဖို့ မလိုအပ်ပါဘူး။ ဟေ့ကောင်... သားလေး... သုမောင် စသဖြင့်ဆိုရင် ပြီးရော့ပေါ့”
ဟု ပြောလိုက်သောအခါတွင် ဆရာကြီး မင်းသုဝဏ်က အောက်ပါအတိုင်း ပြန်လည် ပြောကြားပါလေတော့သတည်း။
“သြော်... ကိုသုမောင်ရယ်။ အသက်အရွယ်ဆိုတာထက် စာရေးဆရာဆိုတဲ့ ဂုဏ်ကို လေးစားရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က ကိုသုမောင်ကို ကိုသုမောင်လို့ ခေါ်လိုက်တာပါဗျာ”
ဟု တယုတယ တလေးတစား ပြန်ပြောရှာလေသည်။
သြော် လူကြီး လူကြီး ...။
ထို့ ‘ သြော် လူကြီး လူကြီး ’ ဟူ၍ စိတ်နှင့် ရေရွတ်လိုက်မိစဉ်မှာပင် ကျွန်တော့ဇနီးသည်သည် ကျွန်တော် တယ်လီဖုန်း ပြောနေရာသို့ အူယားဖားယား ပြေးလာလေသည်။
“ကိုကို ကိုကို... ဟိုမှာ သွားကြည့်ပါဦး။ အဖေ့ခေါင်းမှာ သွေးတွေနဲ့”
ကျွန်တော့မိန်းမသည် ကျွန်တော့အဖေကို အဖေဟုပင် ခေါ်သည်။
“ဟင်”
ကျွန်တော်သည် ဆရာကြီး မင်းသုဝဏ်အား တောင်းပန်၍ တယ်လီဖုန်းချလိုက်ပြီး ကျွန်တော့ဖခင်ကြီးထံသို့ ပြေးသွားမိပါသည်။
ကျွန်တော် အလွန်အမင်း စိတ်ပူလိုက်ရသော အဖြစ်ကို ကြုံတွေ့လိုက်ရပါသည်။ ကျွန်တော် အဖေ၏ နောက်စေ့တွင် သွေးစသွေးနများ တွေ့လိုက်ရပါသည်။
ကျွန်တော်လည်း ...
“ဖေဖေ… ဘာဖြစ်တာလဲ”
ဟူ၍ စိတ်ပူလက်ပူ မေးလိုက်သောအခါ အဖေက ...
“ဘာဖြစ်ရမှာလဲကွ။ မင်းရဲ့ သမီးပေါ့။ ငါ ဟိုဘက်လှည့် ကားပြင်နေတုန်း ကားပြင်တဲ့ ခွနဲ့ နောက်စေ့ကို တအား ဆော်လိုက်လို့ ပေါက်သွားတာပေါ့။ ဟား... ဟား... ဟား...”
ဟု အဖေသည် ကျွန်တော့သမီး လက်ဆော့လိုက်သဖြင့် ပေါက်သွားသော သူ့နောက်စေ့ ဒဏ်ရာမှ သွေးစများကို သုတ်၍ ပြုံးရယ် ရွှင်မြူးသော မျက်နှာဖြင့် ကျွန်တော့ကိုပြရင်း ပီတိဖြစ်နေလေသတည်း။
---
သြော် လူကြီး လူကြီး ...။
လူကြီးသည် အသက်ကြီးလာသည်နှင့်အမျှ အခွင့်အရေး ယူတတ်ကြသည်တကား။
ထိုအခွင့်အရေးကား အခြားဟုတ်ပါရိုးလား။
မေတ္တာတရား၊ ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်းနှင့် အားကိုးရာရှာခြင်းတို့ ဖြစ်ပေတော့သည် သတည်း။
သုမောင်
(၁၉ - ၈ - ၈၃)
---
#သုမောင်
#အသက်ကြီးတတ်ကြပါစေသတည်း
#shared_by_louis_augustine
#sbla

Post a Comment