ကိုယ်လည်းမင်းလိုပါပဲညီလေးရယ်

ကိုယ်လည်းမင်းလိုပါပဲညီလေးရယ် // Error (စည်သူ)

---


(2019က ရေးခဲ့တဲ့စာပါ။အတိတ်ကရေးခဲ့တဲ့စာ ဖြစ်ပေမယ့် လက်ရှိအနေအထားအရ အနာဂတ်အတွက် ရည်ရွယ်ပါတယ်)

ကိုယ်လည်းမင်းလိုပါပဲညီလေးရယ်
____________________________

လူငယ်တွေ ကြိုးစားပါ၊ရိုးသားပါ၊စာဖတ်လို့
ပြောရင် သိပ်ရယ်ချင်တာပဲ။
ဟုတ်တယ်ညီလေး အဲ့ဒိစကားတွေက 
ရယ်စရာသိပ်ကောင်းတယ်။
မင်းတို့ကိုယ်တို့ လူငယ်တွေအတွက် 
လက်ရှိအခြေအနေ၊လက်ရှိခေတ်၊လက်ရှိစနစ်ဟာ 
အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်
အော်ဆဲပစ်ချင်စရာ ကောင်းတယ်။

ကြိုးစားရင် ကြိုးစားသလောက် 
မအောင်မြင်ဘူး။ရိုးသားတော့ ကျရှုံးရတယ်။
စာဖတ်ပါဆိုရအောင်လည်း စာဖတ်တဲ့ 
အလေ့အကျင့်ကို စနစ်တကျ
မွေးမြူပေးခဲ့ခြင်းမရှိဘူး။

ပြီးရင် တို့လူငယ်တွေကို 
အပြစ်တွေပုံချချင်သေးတယ်။
လူငယ်တွေက ရိုင်းတယ်။သရုပ်ပျက်တယ်။
ဂါရဝမရှိဘူး။ရိုးရာယဉ်ကျေးမှုကို မထိန်းဘူး။
နောက်မျိုးဆက်တွေ ညံ့ညံ့လာတယ်စသဖြင့် 
တို့လူငယ်တွေကို အပြစ်ပုံချချင်ကြတယ်။
ဘယ်လောက်ချဉ်စရာကောင်းလိုက်သလဲ။
ပေတေပြီးသာ အရွဲ့တိုက်ပစ်ချင်တော့တယ်။

ဒါနဲ့ ကိုယ်တို့လူကြီးဖြစ်လာတဲ့အခါကျရင်ရော 
လူငယ်တွေကို အပြစ်တွေ ပုံချကြဦးမှာလား။
ကိုယ်တို့ လူကြီးဖြစ်လာရင် ဒီအပြစ်တွေ 
ဘယ်သူ့ကိုပုံချမလဲ။သွားလေသူတွေကို 
ပုံချရမလား။ဒါမှမဟုတ် မနူးမနပ်
လူငယ်လေးတွေကိုပဲ လမ်းဟောင်းကြီးအတိုင်း
အပြစ်ပုံချမလား။ဒါဆိုရင်တော့ သွားလေသူတွေကို 
နည်းနည်းတော့ပြန်ဖားရမယ်ကွ။
"ရှေ့မျိုးဆက်တွေကတော်တယ်။
မင်းတို့ကသာ ညံ့တာလို့လေ။”

ထားလိုက်တော့ညီလေး။ရှေ့မျိုးဆက်တွေအပေါ် 
အမြင်မကြည်မှုတွေ၊အမုန်းတရားတွေ၊
အလိုမကျမှုတွေ၊မကျေနပ်မှုတွေနဲ့သာ ရှင်သန်ရမယ်ဆိုရင် ကိုယ်တို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။
သူတို့စွပ်စွဲသလို ကိုယ်တို့ ညံ့ပြီးရင်းညံ့လာကြမှာ။

ဒီတော့ အဲ့ဒါတွေမေ့ထားလိုက်တော့။
လက်ရှိအခြေအနေကိုသာ အရှိတရားလို့ 
မင်းလက်ခံလိုက်တော့။
သူများနိုင်ငံတွေမှာ ထမင်းတစ်နပ်စားဖို့ သိပ်လွယ်
တယ်။နေစရာအတွက်သိပ်လွယ်တယ်။စီးစရာ 
ယာဉ်ကအစ သိပ်လွယ်တယ်။
အလုပ်အကိုင်ရဖို့လည်း သိပ်လွယ်တယ်။
တို့ဆီမှာတော့ခက်တယ်။

ခက်သည်ဖြစ်စေ လွယ်သည်ဖြစ်စေ ကိုယ်တို့ 
ထမင်းတော့စားရမယ်မဟုတ်လား။မှီတင်းနေထိုင်ဖို့ 
ကျောတစ်ခင်းစာ အရိပ်အာဝါသတော့ လိုအပ်တယ်
မဟုတ်လား။ခက်တယ်ဆိုလည်း မဖြစ်မနေ 
မင်းရယူရမှာပဲ။အရွဲ့တိုက်ပြီး
ရေသောက်ဗိုက်မှောက်မှာလား။
လမ်းပေါ်ထွက်အိပ်မှာလား။

ကိုယ် ဆရာမြသန်းတင့်ရေးတဲ့ "ဓားတောင်ကို 
ကျော်၍ မီးပင်လယ်ဖြတ်မည်”ဆိုတဲ့ ဝတ္ထု 
ဖတ်ဖူးတယ်။ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ 
သင်္ဘောပျက်လို့ သောင်တင်နေတဲ့ 
လူလေးယောက်အကြောင်းပေါ့။
အဲ့ဒိမှာ အစိုးရမရှိဘူး။ခေတ်စနစ်မရှိဘူး။
အစာနဲ့ရေ မရှိသလောက်ရှားတယ်။
မီးလည်းမရှိဘူး။တကယ့်ကမ္ဘာဦးကို
ရောက်နေသလိုပဲ။

သူတို့မှာ ရှိတာဆိုလို့ အသက်ပဲရှိတယ်။
လောကဓံရဲ့ဆိုးချက်က လည်စင်းပြီး
အသေခံပစ်ချင်စရာပဲ။
ဒါပေမယ့် သံချောင်းဆိုတဲ့ လူငယ်တစ်ယောက် 
ဦးဆောင်ပြီး ရအောင်ရှင်သန်သွားတယ်။
အသက်မသေသေးသ၍ အခြေအနေ ဘယ်လောက်ပဲဆိုးဆိုး ရုန်းကန်ခွင့်ရှိတယ်။မျှော်လင့်ခွင့်ရှိတယ်။
ယုံကြည်ခွင့်ရှိတယ်။တို့အခြေအနေက 
သူတို့လောက်မဆိုးသေးပါဘူး။

ခေတ်စနစ်ဆိုတာ ရေစုန်ရေဆန်လိုပါပဲ။
ခေတ်ကောင်းစနစ်ကောင်းကတော့ ရေစုန်မှာ 
ရွက်လွှင့်နေရသလိုပေါ့ကွာ။သက်သာတယ်။
တို့ကတော့ တို့ရည်မှန်းချက်အတွက်
ရေဆန်ကို ဖြတ်ရလိမ့်မယ်။
ရေစုန်မျှောလိုက်ဖို့ တို့မှာအခွင့်အရေးမရှိဘူး။
အသက်တွေကြီးလာတာနဲ့အမျှ အချိန်တွေကုန်လာတာနဲ့အမျှ တို့ရည်မှန်းချက်ဟာ
ဝေးပြီးရင်း ဝေးလာတော့မှာ။
ဒါနဲ့ စကားမစပ် မင်းမှာ ရည်မှန်းချက်ရှိလား။

ရှိတယ်ဆိုရင် မင်းဟာ မင်းရဲ့ရည်မှန်းချက်
လမ်းကြောင်းပေါ်မှာ ရှိရဲ့လား။
ဥပမာကွာ။မင်းက ပိုက်ဆံချမ်းသာချင်တယ်လို့
ပြောမယ်။ဒါမင်းရည်မှန်းချက်ဆိုပါစို့။
ကိုယ်ကပြန်မေးမယ်။
ဘယ်လောက်ချမ်းသာချင်တာလဲ။
ဘယ်လုပ်ပြီးချမ်းသာချင်တာလဲ။
ဘယ်တော့ချမ်းသာချင်တာလဲ။

"ဘယ်လောက်ချမ်းသာချင်တာလဲ”မေးတော့
"ရသလောက်ပေါ့”လို့ဖြေမလား။
"ဘာလုပ်ပြီးချမ်းသာချင်တာလဲ”မေးတော့
"တစ်နည်းနည်းနဲ့ပေါ့”လို့ဖြေမလား။
"ဘယ်တော့လောက်ချမ်းသာချင်တာလဲ”မေးတော့ 
"တစ်နေ့နေ့ပေါ့”လို့ ဖြေမလား။

အဲ့လိုဖြေမယ်ဆိုရင် မင်းအဖြေတွေက
မတိကျဘူး။
မရေရာဘူး။မပီပြင်ဘူး။
မင်းရည်မှန်းချက်ဆိုတာလည်း 
ရည်မှန်းချက်လို့ အမည်မရဘဲ 
စိတ်ကူးယဉ်သလို ယောင်ဝါးဝါးဖြစ်နေမှာပဲ။

ကိုယ်တို့ဖြစ်သင့်တာလေးတွေ အရင်ဆုံးဖြည့်ဆည်း
ကြည့်ရအောင်ကွာ။နိုင်ငံအတွက် ၊လူမျိုးအတွက် 
လို့ စကားအကြီးကြီးတွေ မပြောသေးဘူး။
မင်းတစ်ကိုယ်စာအတွက်၊
ကိုယ့်တစ်ကိုယ်စာအတွက် 
ကိုယ်တို့ ဘယ်လောက်တော့ 
အလုပ်လုပ်သင့်တယ်ဆိုတာ ကိုယ်တို့
တွေးကြည့်ကြမယ်။

မင်းအခုထိ မိဘဆီက လက်ဝါးဖြန့်ပြီး
တောင်းသုံးနေတုန်းပဲလား။
တောင်းနေသေးတယ်ဆိုရင် ဘယ်အချိန်ထိ
တောင်းသုံးဦးမှာလဲ။
မင်း ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ပြီလား။
ကိုယ့်အဝတ်အစား ကိုယ်ဝယ်ဝတ်နိုငိယ်ပြီလား။
ကိုယ့်ကျောတစ်ခင်းအတွက် နေစရာ 
ဖန်တီးနိုင်ပြီလား။

ဟုတ်ပြီကွာ။အခုက အဆင်သင့်မဖြစ်သေးလို့ 
မိဘကို မှီခိုနေရတုန်းပဲဆိုရင် 
ဘယ်အချိန်ကျရင် ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်မလဲ။
ဒါတိုင်းပြည်အတွက် လူမျိုးအတွက်မဟုတ်ဘူးနော်။
မင်းအတွက်ပဲ။တိရိစ္ဆာန်တွေတောင် ကိုယ့်အစာ 
ကိုယ်ရှာစားတယ်။လွတ်လပ်တဲ့ တိရိစ္ဆာန်တွေက
တော့ ကိုယ့်အစာ ကိုယ်ရှာစားကြတာပဲ။
အိမ်မွေးတိရိစ္ဆာန်တွေတော့ မပါဘူးပေါ့။ 

ကျနော်က ပညာရှာနေတုန်းမို့လို့၊
ကျနော်တူးတဲ့ရေတွင်းက ရေမထွက်သေးလို့ 
မိဘဆီက ရေတောင်းသောက်နေရတာပါဆိုရင် 
မင်းရေတွင်းက ရေဘယ်တော့ထွက်မလဲ။
ရေတွင်းမတူးဘဲထိုင်နေရင်တော့ 
တစ်သက်လုံး ရေတောင်းသောက်နေရမှာ။

ညီလေး။ကိုယ်တို့ဆီမှာ လမ်းပျောက်နေတဲ့ 
လူငယ်တွေသိပ်များတယ်။မိဘပိုက်ဆံလက်ဖြန့်
တောင်းပြီး လက်ဖက်ရည်ဆိုင်တွေမှာ၊ 
ဘီယာဆိုင်တွေမှာ ဂေါ်ချင်တဲ့လူငယ်တွေ 
သိပ်များတယ်။စောက်လုပ်မရှိဘဲ မိန်းမယူချင်နေတဲ့ လူငယ်တွေလည်း သိပ်များတယ်။

မင်းကို ကိုယ်အပြစ်မတင်ဘူးနော်။ဒီအချိန်မှာ 
အဆင်သင့်မဖြစ်သေးလို့ မိဘထံမှာ စားဝတ်နေရေးမှီခိုနေရသေးတယ်ဆိုရင် 
တတ်နိုင်သလောက် ခပ်မြန်မြန်လေး
ဝန်ထုပ်ဝန်ပိုးဘဝကနေ ရုန်းထွက်ပါ။
မှီခိုနေရတဲ့ဘဝကနေ ရုန်းထွက်ပါ။
ခေတ်ကြီးက ဘာပဲဖြစ်နေဖြစ်နေ 
မင်းတစ်ကိုယ်စာ စားဝတ်နေရေးတော့ 
မင်းကိုမင်း တာဝန်ယူသင့်တယ်။မင်းက
အရွယ်ရောက်နေတယ်ဆိုရင်ပေါ့။

ကိုယ့်ဝမ်းကိုယ်ကျောင်းတယ်ဆိုတာ 
လူသာမန်အဆင့်ပဲရှိတယ်။
လူလားမြောက်ရင်တော့ လူသာမန်အောက် 
မလျော့စေနဲ့ပေါ့။နောက်မို့ဆိုရင် လူ့သိက္ခာဆိုတဲ့စကားရပ်ဟာ မင်းအတွက် မထိုက်တန်ဘဲ နေလိမ့်မယ်။

ခင်ဗျားကြီးကရော ဘယ်လောက် အောင်မြင်နေလို့ 
စောက်ကြီးစောက်ကျယ်လာပြောနေတာလဲလို့ 
ညီလေးပြန်မေးမယ်ဆိုရင် ကိုယ့်မှာ ဖြေစရာစကား 
အဆင်သင့်ရှိတယ်။
ဒီစကားက ကြီးကြီးကျယ်ကျယ်မဟုတ်ဘူး။
ကိုယ်လည်း လူသာမန်အဆင့်ထက် 
၁တောင်မပိုဘူး။
ဒါသာမန်စကားတွေ။လူက လူလောက်တော့ 
စွမ်းရမယ်။လူတစ်ယောက်က လူ့အောက်
လျော့ရင် မိသားစုနာတယ်။
တိုင်းပြည်နာတယ်။အဲ့ဒိလူတန်းစားကို
ဆန်ကုန်မြေလေးလို့ခေါ်တယ်။
ညီလေးက ဆန်ကုန်မြေလေးဖြစ်နေဆဲဆိုရင် 
အဲ့ဒိအဆင့်ကနေ အမြန်ရုန်းထွက်ပါ။
အဲ့ဒါဘယ်သူ့အတွက်မှ မဟုတ်ဘူး။
မင်းအတွက်သီးသန့်။

#Error(Sithu)
22.1.2019

---


#errorစည်သူ
#ကိုယ်လည်းမင်းလိုပါပဲညီလေးရယ်

#shared_by_louis_augustine
#sbla

Post a Comment

Previous Post Next Post

Comments