💚မောင့်အကြွေပန်း💚
💕အပိုင်း ၁💕
"သား မနက်ဖြန် ခရီးထွက်ရမယ် အမေ"
အိမ်ရှေ့ ကားထိုးရပ်လိုက်သည့်နှင့် ကားပေါ်မှ ဆင်းလာပြီး ဂျူတီကုတ်ကို ဆိုဖာပေါ် တင်ကာ ပြောလိုက်သူက မင်းတခေတ် ဖြစ်သည်။
အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်သာ ရှိသေးသော ဒေါက်တာမင်းတခေတ်သည် ပရဟိတလုပ်ငန်းတိုင်းကို အားတက်သရော လုပ်တတ်သူတစ်ဦး ဖြစ်သည်။ ဆိုဖာနောက်မှီကို ခပ်လျော့လျော့ မှီရင် ပြောလာသော သား ဖြစ်သူကို ဒေါ်မြသက် သက်မနွေးနွေးရှိုက်ကာ ကြည့်လိုက်ပြီး
"ဘယ်ကိုလဲ သား၊ ဘယ်နှစ်ရက်ကြာမှာလဲ"
မေးလာသူက မင်းတခေတ်ဆိုသော သူ၏ မာတာမိခင် ကျေးဇူးရှင် ဖြစ်သည်။ တခေတ် မေမေကို ကြည့်ကာ ပြုံးလိုက်ပြီး
"မကွေးဘက်က အရမ်းခေါင်တဲ့ တောရွာလေးတွေဆီကိုပါ မေမေ၊ ကျန်းမာရေး ဟောပြောပွဲလေးတွေ လုပ်ချင်တာရယ် ပြီးတော့ အဲ့ရွာမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးမှူး သားရဲ့ သူငယ်ချင်းက ကျေးလက်နဲ့ ကျန်းမာရေး ပညာပေး ဟောပြောပွဲတွေ လုပ်ချင်လို့ အကူအညီတောင်းလာလို့ပါ အမေ၊ အဲ့ဒီအတွက် သားအပါအဝင် ဒေါက်တာဇေတို့ အဖွဲ့နဲ့ အတူတူ စေတနာဝန်ထမ်းသွားလုပ်ကြမှာ"
"အေးပါ သားလိုအပ်တာတွေ အမေ စီစဥ်ထားပေးမယ်နော်၊ အဲ့ဒါဆို"
သူ့ အတွက် အရာရာဖြည့်ဆည်းပေးသည့် အမေ။ ဘဝမှာ တစ်ဦးတည်းသော ချစ်ရပါသော အမျိုးသမီး။အမေရဲ့ အပြုံးချိုချိုတို့က သူ့ အတွက် ရှေ့ဆက်ရမည့် အနာဂတ်တွေရဲ့ အင်အားဖြစ်ခဲ့ရလေသည်။
"သား ရေချိုးပြီး ထမင်းစားမယ် မေမေ၊ မေမေရော စားပြီးပြီလား"
ဒေါ်မြသက် သားဖြစ်သူ၏ ပါးလေးကို ဖျစ်ညှစ်လိုက်ပြီး
"မေးမှ မေးတတ်လိုက်တဲ့ အမေသား၊ အမေက ဘယ်တုန်းက သားပြန်မလာဘဲ ထမင်းစားတတ်လို့လဲ"
"အဟီး ဟုတ်သားပဲ၊ သား ရေချိုးဦးမယ်၊ ပြီးရင် အမေနဲ့ ထမင်းအတူစားမယ်နော်"
"ဟုတ်ပါပြီတော် ဟုတ်ပါပြီ"
ဂျူတီကုတ် နှင့် လက်ဆွဲအိတ်ကလေးကို ယူကာ သူမ အရှေ့မှ ထွက်သွားလေသော သူမ ချစ်ရပါသော သားငယ်။ အခက်အခဲတွေ အများသားထဲက လူလားမြှောက်အောင် ပျိုးထောင်ခဲ့ရတဲ့ ဒီသား။ ဘယ်အရွယ်ရောက်ခဲ့ပါစေ။ သူမ အတွက်တော့ ကလေးငယ်လေး သဖွယ်ဖြစ်နေဆဲ ဖြစ်သည်။ သားမိနှစ်ယောက်ထဲနေသားကျနေသည့် ဘဝမှာ ဒေါ်မြသက်ပျော်ပါသည်။ အိမ်ထောင်ပြုချိန် တန်ပြီဖြစ်သော်သားက အိမ်ထောင်မပြုလေဘဲ တစ်ကိုယ်တည်း လူပျိုကြီး ဘဝဖြင့် သူမကို စောင့်ရှောက်နေသေးသည့်က ဒေါ်မြသက်အတွက် ကံကောင်းခြင်း တစ်ခု ဖြစ်နေရပါတော့သည်။
💗💗💗
ရန်ကုန်မှ ကျေးလက်နှင့် ကျန်းမာရေး ဟောပြောပွဲတွေ အတွက် မင်းတခေတ် ္စသူငယ်ချင်း ဆရာဝန်တွေ စုကာ ကျောက်ပန်းတောင်း နှင့် ချောက်မြို့ကြားက ရွာတွေဆီ ကွင်းဆင်းခဲ့လေပြီ။ ပထမဆုံး သူတို့ တည်းခိုရန်အတွက် သူငယ်ချင်းဖြစ်သည့် ကျန်းမာရေးမှူး ခက်ခက်နွယ်ရှိရာ အုန်းပင်တွင်း ရွာကလေးဆီ ရောက်ခဲ့ရလေသည်။
ရွာလမ်းတစ်လျှောက် သူတို့ ဝင်လာလေသော လူအများက သူတို့ကို ငေးကြည့်နေကြလေသည်။ ရွာကလေးက အိမ်ခြေ ၈၀ လောက်သာ ရှိသော်လည်း အညာဒေသရဲ့ အငွေ့အသက်တွေ လွှမ်းခြုံထားသော တမာပန်းနံ သင်းသင်းလေးတွေကလည်း သူတို့ စိတ်ကို လန်းဆန်းတက်ကြွစေခဲ့လေသည်။
"ညီလေး ကျေးလက်ကျန်းမာရေး ဌာနကို ဘယ်လိုသွားရမလဲ"
စောဝေက နွားတွေ အုပ်စုလိုက် မောင်းထွက်လာသော ကလေးငယ်လေးကို မေးလိုက်မိလေသည်။ ကလေးငယ်က လူ ၈ ယောက်မျှ ရှိသော သူတို့ အုပ်စုကို ခေတ္တခဏငေးကြည့်ရင်း
"ဦးတို့က ဘယ်သူတွေလဲ ၊ ဘာလို့ ကျန်းမာရေး ဌာနကို မေးရတာလဲ"
ထိုကလေးရဲ့ စကားကြောင့် တခေတ် သွားတန်းလေးတွေ ပေါ်အောင် ပြုံးလိုက်ပြီး
"ဦးတို့က ကျန်းမာရေးမှူး ဒေါ်ခက်ခက်နွယ် ဆီ လာတဲ့ သူတွေပါ"
ကလေးငယ်က တခေတ် စကားကြောင့် တခေတ်ကို ခဏမျှ ငေးကြည့်ပြီး
"ဒီလမ်းကနေ တည့်တည့်သွား ဆရာ၊ ဇရပ်လေးတစ်ခုတွေ့ရမယ်၊ အဲ့ဇရပ်ရဲ့ တောင်လက်မှာ ရွာအပြင်လမ်းရှိတယ်၊ တောင်ဘက် ရွာအဝင်လမ်းအတိုင်း ဝင်သွားရင် အိမ် ၅လုံးလောက် ကျော်ပြီး ဆေးခန်း ရောက်ပြီ ဆရာ"
"ကျေးဇူးနော် သားလေး"
ကလေးကို နှုတ်ဆက်ကာ တခေတ်တို့ အဖွဲ့တွေ ဆေးပေးခန်းသို့ ထွက်ခဲ့လေသည်။
"ကျေးလက်ကျန်းမာရေးဌာန"
ဆိုင်းဘုတ်လေးကို ကြည့်ပြီး မင်းတခေတ်တို့ အဖွဲ့တွေ ပြုံးလိုက်မိလေသည်။ ထိုနောက် ဆေးခန်းလေးအတွင်းကို ဝင်လာခဲ့လိုက်လေတော့
"ဟယ် တခေတ်တို့ နင်တို့ လာတာ မြန်လိုက်တာ"
ခက်ခက်နွယ် တစ်ယောက် တခေတ်နှင့် သူငယ်ချင်းများကို တွေ့လိုက်ရ၍ အံ့သြစွာ ပြောလိုက်မိလေသည်။
"နင်ဆီက အကြောင်းကြာစာရောက်တာနဲ့ ရီချိုသွယ် နဲ့ ဝသာန်ဦးကို အကျိုးသင့် အကြောင်းသင့် ပြောပြီး လူစုပြီးထွက်လာတာ"
"လာ ဆေးခန်းထဲဝင်ကြဦး"
ခက်ခက်နွယ်က သူငယ်ချင်းတွေကို ဆေးပေးခန်းလေးထဲ ခေါ်ပြီး ဧည့်ခံလေသည်။
"အင်း နင်တို့ အဖွဲ့ရောက်တာ ညကျ ရွာလူကြီးကို သတင်းသွားပေးဦးမယ်၊ နင်တို့ နေဖို့တော့ ငါ ဆေးခန်းမှာပဲ စီစဥ်ပေးမယ်လေ၊ ရီချိုသွယ် နင်နဲ့ စိမ်းကလျာ၊ ဖူးရွယ်စိမ်းတို့ကတော့ ငါနဲ့ အတူနေပေါ့"
"ငါတို့ကရော"
ဝသာန် အပါအဝင် ကျော်ဇော၊ ကောင်းခန့်၊ စည်သူနိုင် တို့က ပြိုင်တူမေးလိုက်လေရာ ခက်ခက်နွယ်က တည်ငြိမ်စွာ တိတ်ဆိတ်နေသော တခေတ်ကို ခဏမျှကြည့်လိုက်ပြီး
"နင်တို့ သူငယ်ချင်း ရေခဲတုံးကို အဖေခေါ်ရမဲ့ မင်းတခေတ်နဲ့ အတူနေလေ၊ ဂေါ်မဆွံ့တဲ့ လူပျိုကြီး"
"ဟာ ခက်ခက်နွယ် နင်"
တခေတ်ရဲ့ စိတ်ဆိုးသွားသော အမူအရာကို သဘောကျကာဖြင့် သူငယ်ချင်းတွေ အားလုံး ရယ်မောနေကြလေသည်။ မင်းတခေတ်၊ စည်သူနိုင်၊ ကျောဇော၊ ကောင်းခန့်၊ ဝသာန်၊ ခက်ခက်နွယ်၊ ရီချိုသွယ်၊ စိမ်းကလျာ၊ ဖူးရွယ်စိမ်း တို့ ၉ ဦးသည် ကျောင်းကတည်းက ပြောမနာဆိုမနာသူငယ်ချင်းတွေပီပီ အခုလည်း လူစုံ၍ တွေ့ကြလျှင် စ/နောက် နေကြမြဲ ဖြစ်ကြသည်။
💗💗💗
"မြလေး"
ကြိတ်ဆုံမှာ မုန့်ကြိတ်နေသည့် ဇနီးသည် အနားကို စစ်ရှိန်နောင် လျှောက်လာရင်း ခေါ်လိုက်လေသည်။ မြပိုး မုန့်ကြိတ်နေရာမှ သူ့ကို လှည့်ကြည့်လိုက်ပြီး
"အော် ကို ပြန်ရောက်လာပြီလား"
"ဖယ် ကို လုပ်လိုက်မယ်"
မြပိုးကို အနီးအနားရှိ ခုံပုလေးမှာ တွဲ၍ ထိုင်စေပြီး သူ့ကိုယ်တိုင် မုန့်ဝင်ကြိတ်လိုက်လေသည်။ မြပိုး ကို့ ကို ငေးကြည့်ပြီး
"ကျောင်းတက်ရတာ အဆင်ပြေရဲ့လား ကို"
အပြုံးနုနုလေးဖြင့် မေးလာသော ချစ်ဇနီးကို စစ်ရှိန်ခဏမျှ စောင်းငဲ့ကြည့်လိုက်ပြီး
"ကိုယ့်ကို အဆင်ပြေရဲ့လား မမေးဘဲ မင်း အဆင်ပြေရဲ့လား တွေးစမ်းပါ မြလေးရယ်"
စူမို့မို့ ဗိုက်ကလေးကို သူ့ တစ်ချက်ကြည့်ကာ ဆရာဝန်လောင်းပီပီ ဆူငေါက်လိုက်ချင်သော်လည်း သူ့စိတ်တွေကို ထိန်းချုပ်လိုက်မိလေသည်။
မွေးဖွားခါနီး အချိန်မှာတောင် သူ့ ဆရာဝန် ဖြစ်ဖို့အရေး အားကြိုးမာန်တက် ကြိုးစားနေရှာသည့် သူ့ဇနီးကို မမြတ်နိုးဘဲ မနေနိုင်လောက်အောင် ချစ်မိလေသည်။ မပြည့်စုံခဲ့သည့် မိသားစု ဘဝမှာကြီးပြင်းခဲ့ရသည့် စစ်ရှိန်နောင် အတွက် မြပိုးရုံလို အရာရာဖြည့်ဆည်းပေးနိုင်သည့် မိန်းမသားကို အိမ်ထောင်ဘက် အဖြစ် ရွေးချယ်ခွင့်ရခဲ့သည့်က ဘုရားပေးသည့် ဆုလာဘ်ဖြစ်ခဲ့ရလေသည်။
💗💗💗
စာရေးသူ
မေခြူးသွယ်

Post a Comment