မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင်။ (စာဖတ်ချိန်- ၄ မီနစ်)

မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင်။ (စာဖတ်ချိန်- ၄ မီနစ်)
===============


အာဖရိကမှာ ဒီအပင်ကို Tree of Life လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက Miracle Tree လို့ခေါ်ကြတယ်။

အာဖရိကတောင်ပိုင်း၊ လင်ပိုပို (Limpopo) ဆိုတဲ့ပြည်နယ်မှာ၊ တူးဆန် (Tooseng) ဆိုတဲ့ရွာလေးရှိတယ်။ အာဖရိကဆိုတော့ သိတဲ့အတိုင်းပဲ။ မိုးခေါင်ရေရှား၊ စားစရာရှားပါးတယ်။ အဟာရ ချို့တဲ့ကြတယ်။ ဒီဒါဏ်ကို ကလေးငယ်တွေ နှင့် သက်ကြီးတွေက ခါးစီးခံနေရတယ်။ သူတို့ရွာက ကလေးတွေမှာ အဟာရချို့တဲ့ မှုရောဂါတွေက မိခင်တွေ၊ ဖွားအေတွေ အတွက် ပြဿနာကြီးကြီးတစ်ရပ်ဖြစ်နေတယ်။

၂၀၀၀ ခုနှစ်မတိုင်ခင်က အာဖရျိကမှာ ဒီအပင် အကြောင်းကို သိပ်မသိကြသေး။ မက်သဘတ်သာ (Mathabatha) ဆိုတဲ့ အမျိုးသမီးဟာ ဒီအပင်အကြောင်းကို စပြီးကြားဖူးခဲ့တာ။ ရွာရဲ့ ဘာသာရေးဆရာ၊ ဂေါပကလူကြီးဆိုပါတော့၊ သူကပြောပြလို့ပေါ့။ ကလေးတွေ အဟာရချို့တဲ့ အကြောင်း သူ့ရှေ့မှာ ညီးတွားမိရာက ဒီအပင်အကြောင်း ဂေါပကလူကြီးက သူ့ကိုပြောပြခဲ့တာ။ မာလာဝီနယ်မှာတော့ ဒီအပင်က စိုက်ပျိုးဖြစ်ထွန်းနေသတဲ့။ သူတို့ဆီမှာရော ဖြစ်ပါ့မလားပေါ့။ သိတဲ့အတိုင်း မြေကညံ့၊ မိုးကခေါင်လို့ ဘာပင်မှ မဖြစ်တဲ့ နေရာမဟုတ်လား။ ဒါနဲ့ သူနည်းနည်း ထပ်ပြီး လေ့လာကြည့်တော့ ဖြစ်နိုင်သားပဲ ဆိုတာ သိလာတယ်။ ဒီ အပင်က အတော်ညံ့တဲ့ မြေမှာလည်း ဖြစ်တာပဲတဲ့။ ရေ နည်းနည်းပဲ ရလည်း ဖြစ်တာပဲတဲ့။ ဒူပေဒါပေ ပစ်ထားလည်း ရှင်တဲ့ အမျိုးပေါ့။

ပေါပေါပဲပဲ စိုက်သလိုဖြစ်ပေမယ့် နယ်နယ်ရရတော့ မဟုတ်ပြန်ဘူး။ သူ့အရွက်မှာ Vitamin C က လိမ္မော်သီးထက် ၇ ဆများသတဲ့။ Vitamin A က မုန်လာဥနီထက် ၄ ဆ။ Potassium ဓါတ်က ငှက်ပျော်သီးထက် ၃ ဆ။ Calcium ဓါတ်က နို့မှာပါတာရဲ့ ၄ ဆ။ Protein အသားဓါတ်က ဒိန်ချဉ်မှာပါတာထက် ၂ ဆ ပိုများတာဆိုပဲ။

ဟန်ကျပြီပေါ့။ သူတို့ဆီမှာ မိသားစု အတော်များများဆိုတာ အသားတို့၊ အသီးအရွက်တို့ စားရဖို့ရာ အတော်ခက်ခဲကြတာကိုး။ ဒါကြောင့်လည်း ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဗိုက်တာမင်တို့ သတ္တုဓါတ်တို့ ဆိုတာ မရကြတာက အများသား။ လူကြီးတွေ အတွက်ကျတော့ ဒါတွေက သက်စောင့်ဓါတ်တွေ မဟုတ်လား။

ဒါနဲ့ မက်သဘတ်သာ တစ်ယောက် ရွာထဲက ကလေးအမေတွေကို လှည့်စည်းရုံးတော့တာပဲတဲ့။ မပေါက်လည်း အရင်းပေါ့အေ၊ ပေါက်တော့လည်း ကလေးတွေဖို့ စားစရာရ မနည်းဘူးပေါ့။ ဒါနဲ့ ကပ္ပလီမ တစ်သိုက် ထွန်ကြ၊ ယက်ကြ၊ စိုက်ကြ၊ ပျိုးကြ ပေါ့။ ၂၀၀၅ ခုနှစ် ထဲမှာ သူတို့ အပင် ၁၅၀၀ လောက် စိုက်လိုက်ကြတယ်။ ဘာမှ စိုက်မဖြစ်တော့ မြေလွတ်က ပေါတာကိုး။ ကံကောင်းတာက ဒီ အပင်ကလည်း ပေါက်တာပဲတဲ့။ ဒီလောက် အဆီအနှစ်မရှိ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာဆိုတော့ သူတို့အတွက်က ဘုရားပေးတဲ့ ပဒေသာပင်ဆိုရလေမလား။

စိုက်ပြီး ၁ လ ကျော်တာနဲ့ အရွက်ခူးစားလို့က ရနေပါပြီ။ အရွက်တွေခူး။ အခြောက်လှမ်း။ အမှုန့်ကြိတ်ပြီး ကလေးတွေ အတွက် အဓိကစားစရာအဖြစ် ထည့်ကျွေးကြတာပဲတဲ့။ အဲဒီလို ကျွေးတယ်ဆိုရင်ပဲ၊ နဂိုက သေးကွေးခြောက်ကပ်ပိန်လှီနေတဲ့ကလေးတွေဟာ သိသိသာသာ ဖွံ့ဖြိုးစိုပြေလာကြပါတော့တယ်။

အမယ် ဘယ်လောက်များ အောင်မြင်သလဲဆို မက်သဘတ်သာ တစ်ယောက် ၂၀၁၀ မှာ တောင်အာဖရိကအစိုးရကပေးတဲ့ Female Entrepreneur of the Year ဆုတွေဘာတွေရပြီး နာမည်ကိုကြီးရော။ တကယ်တော့ ဒီအပင်က ကျနော်တို့ မြန်မာတွေနဲ့ မစိမ်းပါဘူး။ တစ်သက်လုံးက အထင်လည်းမကြီးခဲ့တဲ့ အပင်ပါ။ ဒါကတော့ ဒန့်ဒလွန် ပင်ပါပဲ။ မက်သဘတ်သာ တစ်ယောက် ဒီ ဒန့်ဒလွန်ရွက်တစ်မျိုးတည်းနဲ့ အာဖရိက ကလေးတွေရဲ့ အဟာရချို့တဲ့မှုပြဿနာကို ဖြေရှင်းနိုင်ခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်ခဲ့တာပေါ့။
နောက်တော့ သူက All-women Organization ဆိုပြီး အဖွဲ့တွေထောင်တယ်။ ဒန့်ဒလွန်ပင်တွေ တောထအောင် စိုက်တယ်။ အသားမစားနိုင်၊ ဟင်းသီးဟင်းရွက် မဝယ်နိုင်တဲ့ ကပ္ပလီတွေ ဒန့်ဒလွန်အရွက်၊ အသီး ချည်းသာလှိမ့်စားကြတာပဲတဲ့။ ရွာက ကလေး လူကြီးအစုံလည်း စိုပြေနုထွားလာတာပေါ့။ သူလည်း ကြော်ငြာစရိတ်မကုန်ပဲ၊ ရွာသားတွေပြပြီး ကမ္ဘာအနံ့ကို ဒန့်ဒလွန်ရွက်အမှုန့်တွေ ရောင်းစားခွင့် ရလာတာပေါ့။

၂၀၁၁ ဒေတာအရ၊ သူတို့ All-women Organization က ဒန့်ဒလွန်ရွက်ရောင်းပြီး ဆင်းရဲသား မိသားစုပေါင်း ၃၀၀ ကျော် နှင့် မိဘမဲ့ ကလေး ၃၅၀ ကျော် ကို ထောက်ပံ့ပေးနိုင်နေပြီ။ နောက်ထပ် အပင်ပေါင်း ၃၀၀၀ ကျော်လည်း ထပ်စိုက်ထားပါတယ်။ Google မှာ Mavis Mathabatha အကြောင်းကို ရှာဖတ်လို့ ရပါတယ်။ သူ့တည်ထောင်တဲ့ All-women Organization က သူတို့ ဘာသာနဲ့ Sedikong sa Lerato ဆိုပြီး ရှာကြည့်ရင် တွေ့ပါတယ်။

Mavis Mathabatha ကိစ္စလူသိများလာတော့ University of Fort Hare က ပညာရှင်တွေ အာဖရိကကိုပြေးကြည့်ကြတာပေါ့။ ခါတိုင်း မဲခြောက်ပိန်ကပ်နေတဲ့သူတွေ ခုတော့ စိုပြေဖွံ့ထွားနေတာ လက်တွေ့ မြင်ရတော့ ယုံကြပြီလေ။ ရွာသားတွေကလည်း တစ်ယောက် တစ်ပေါက် ဒန့်ဒလွန်အစွမ်း အံ့မခန်းကို ပြောပြကြတာပေါ့။ ဒါနဲ့ ဒန့်ဒလွန်ရွက်တွေ ခူးပြီး University of Fort Hare ကိုပြန်ကြပါရော။

၂၀၁၁ မှာ၊ သုတေသနစာတမ်းတစ်စောင် ထွက်လာခဲ့တယ်။ Mathabatha တို့ ရွာကလူတွေ ဒီလိုစိုပြေထွန်းကားလာတာ တခြားကြောင့်မဟုတ်၊ ဒန့်ဒလွန်ရွက်ကို အမှုန့်ကြိတ်စားလို့ ပါပဲတဲ့။ ဒန့်ဒလွန်ရွက်ထဲမှာက လူတစ်ယောက်အတွက် လိုအပ်တဲ့ အဟာရဓါတ်တွေရဲ့ အားလုံးနီးပါး ပါနေတာလို့ဆိုတယ်။ ဒါ့အပြင် ရောဂါကာကွယ်တဲ့ သက်စောင့်ဓါတ်တွေကလည်း အလွန်ပေါသတဲ့။ ဝမ်းသာဖို့အကောင်းဆုံးသတင်းက သူ့ဆီမှာ ကင်ဆာကာကွယ်တဲ့ Antioxidant တွေ အများကြီးပါတယ်။ သူ့တစ်မျိုးတည်းစားပြီး နေမယ်ဆိုရင်တောင် ကျန်းကျန်းမာမာ အသက်ရှည်နိုင်ပါတယ်တဲ့။ သူက ဆေးမဟုတ်ပဲ၊ အစာလို စားနိုင်တာက တခြား ဆေးဖက်ဝင်အပင်တွေထက် သာတဲ့ အချက်ပါပဲ။

ခုချိန်မှာတော့ All-women Organization ဟာ ဒန့်ဒလွန်ရွက် အော်ဒါတွေကို မနိုင်မနင်းဖြစ်နေပါပြီတဲ့။ အရင်က အရွက်ခြောက်ကို ဆုံနဲ့ထောင်းကြတာ၊ အခုတော့ မထောင်းနိုင်တော့လို့ အမှုန့်ကြိတ်စက်ရုံတည်ထားရပါသတဲ့။ သူတို့ ဆီမှ အဟာရချို့တဲ့နေတဲ့ ကလေးတွေ မရှိခဲ့တာတော့ ကြာပြီပေါ့။
အာဖရိကမှာ ဒီအပင်ကို Tree of Life လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက Miracle Tree လို့ခေါ်ကြတယ်။ ဒန့်ဒလွန်ရွက်ကို Superfood လို့ သမုတ်ကြတယ်။

==========
ကဲ.။ ကျနော်ကတော့ ကိုဗစ်ကြောင့် ဝင်ငွေမရှိလည်း သိပ်မပူတော့ဘူး။ စစ်ကြီးဖြစ်လည်း ကျရာကဏ္ဍကနေ အားပေးဖို့သာရှိတယ်။ ဆန်တွေ ဆီတွေ ပြေးမဝယ်တော့ဘူး။ ခြံထဲမှာ ဒန့်ဒလွန် အပင် ၅၀၀ ရှိတယ်။ ဒီတစ်မျိုးထဲစားလည်း အသက်မသေသည့်အပြင်၊ အလှတောင် မပျက်ဘူးဆိုတာ သေချာနေမင့်ဟာပဲလေ..။

ကျနော့ မိတ်ဆွေများလည်း နေရာလေးရှိရင် စိုက်ထားကြည့်ဖို့ တိုက်တွန်းပါတယ်။ ၆ လ ဆို ပန်းပွင့် အသီး သီးပြီ။ အရွက်ကတော့ ၂ လ သားဆို စားရပြီ။ ဖြတ်စားလေ ကိုင်းထွက်လေ နုလေပဲ။ မိသားတစ်စုမှာ တစ်ပင်တော့ ရှိသင့်တဲ့ အပင်မို့ပါ။ ဒါက ပျိုးပင်ရောင်းတဲ့ ပိုစ့်တော့ မဟုတ်ဘူးနော်။ အပင်စိုက်ခိုင်းတာပါ။

မိတ်ဆွေကောင်းအသိုင်းအဝိုင်း နှင့် ကိုယ်ခံအားဆိုတာ နေ့ချင်းညချင်း တည်ဆောက်လို့ မရနိုင်ဘူး မဟုတ်လား..။

Courtesy - Moringa Myanmar

Post a Comment

أحدث أقدم

Comments