“ အရာရာဟာ တစ်ခဏမျှသာပါပဲ၊ လို့ တွေးကြည့်လိုက်ပါ။ “

“ အရာရာဟာ တစ်ခဏမျှသာပါပဲ၊ လို့ တွေးကြည့်လိုက်ပါ။ “
 


ဘဝဟာ အဆင်မပြေတာတွေများပြီး ဒုက္ခဆင်းရဲတွေနဲ့ ရင်ဆိုင်နေရပြီလား။ အရာရာဟာ တစ်ခဏမျှသာပဲလို့ တွေးကြည့်လိုက်ပါ။ အဆင်မပြေတဲ့ ဒုက္ခတွေဆိုတာကလည်း အမြဲမဟုတ်ပါဘူး...၊ ခဏကလေးပါပဲ။ကိုယ့်ရဲ့ခံနိုင်ရည်ကို စမ်းသပ်နေတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။
 
အချိန်ကလေးတစ်ခုခုကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ဖြတ်သန်းလိုက်ရင် တစ်ချိန်မှာ ဒီဒုက္ခဟာ
ဘာမှမကြီးကျယ်တဲ့ သာမန်ကိစ္စတစ်ခုလိုပဲ ပြန်ပြောနိုင်သွားပါတယ်။ ဘယ်လောက်ပဲ ကြီးမားခက်ခဲတဲ့ ပြဿနာပဲဖြစ်ပါစေ တစ်ချိန်မှာပြီးဆုံးရမှာပါပဲ။ ကောင်းတာပဲဖြစ်ဖြစ်...ဆိုးတာပဲ ဖြစ်ဖြစ် ဘယ်အရာကမှ တည်မြဲမနေပါဘူး။ အဖြစ်အပျက်အားလုံး ဟာ တစ်ခဏမျှသာပါပဲ။

ကျွန်မကတော့ စိတ်ညစ်စရာ ဒုက္ခတစ်ခုနဲ့ကြုံတိုင်း “ This too shall pass.” ဆိုတဲ့စကားလေးကို မကြာခဏ ရွတ်နေလိုက်ပါတယ်။ ဘယ်အရာမှ အမြဲမဟုတ်ဘူး၊ တစ်ခဏပဲဆိုတဲ့ အတွေးကို နှလုံးသွင်းလိုက်တဲ့အခါ စိတ်ညစ်နေတဲ့အာရုံကလေးက ပြောင်းလဲသွားပါတယ်။ ရင်ထဲမှာလည်း သက်သာရာရသွားသလိုပါပဲ...။ ဟုတ်တယ်လေ...၊ အမြဲမဟုတ်တဲ့တစ်ခဏတိုင်းမှာ ဖြစ်ပြီးပျက် သွားနေတဲ့ ပြောင်းလဲနေတဲ့ဖြစ်စဉ်တစ်ခုအတွက် ကျွန်မတို့ ဘာလို့ နင့်နင့်သည်းသည်း ခံစားနေမိတာပါလိမ့်။ အရာအားလုံးဟာ အချိန် တန်ရင် ပြီးသွားရမှာပဲလေ။

ကျွန်မအမျိုးသား နှလုံးသွင်းဆင်ခြင်ပုံလေးကို မျှဝေပေးချင်ပါတယ်။ ဒီဇင်ဘာလတိုင်း မြန်မာပြည်ကို ပြန်လာခါနီးတိုင်း မိဘတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့တောင်မတွေ့ရသေးခင်မှာ ခင်ပွန်း က...” အင်း...တွေ့ပြီးရင်လည်း ပြန်လာရဦးမှာပဲ၊ ခွဲရဦးမှာပဲ...” လို့ ကြိုတွေးထားလိုက်ပါတယ်တဲ့...။ အဲဒီတော့ ရန်ကုန်မှာ မိဘတွေ၊ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ အလွန်အကျွံကြီး မပျော်ရွှင်တော့ဘူးတဲ့...။ ပျော်တဲ့အခါလည်း သတိလေးနဲ့ပျော်ရပါတယ်။ ဒီအပျော် ကလည်း တစ်ခဏပါပဲဆိုတာကို နှလုံးသွင်းထားလို့ရပါတယ်။
 
 ဘဝမှာ ကောင်းတဲ့အဖြစ်အပျက်တွေပဲဖြစ်စေ...ဆိုးတဲ့အဖြစ်အပျက်တွေပဲဖြစ်စေ ဘာမှမမြဲဘူး၊ တဒင်္ဂပဲလို့ အမြဲနှလုံးသွင်း ဆင်ခြင်ထားလိုက်ရင် ပျော်စရာဆိုရင်လည်း သတိလက်လွတ် မပျော်ဘဲ ဆိုးတဲ့အဖြစ်အပျက်ဆိုရင်လည်း အလွန်အမင်းထိခိုက် ခံစားဖို့မလိုဘဲ သတိကလေးနဲ့ နေတတ်လာပါတယ်။

မျှော်လင့်ချက်တွေ၊ ပြိုင်ဆိုင်မှုတွေ၊ ရယူလိုမှုတွေ၊ အသာစီး ရချင်မှုတွေဟာလည်း တကယ်တော့ တစ်ခဏလေးအတွက် ကျွန်မတို့ရဲ့စိတ်ကို ပင်ပန်းနာကျင်အောင် လောဘစိတ်တွေ မာနတွေနဲ့ တုပ်နှောင်ရစ်ပတ်နေမိခြင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးနှိပ်စက် နေမိတာပါပဲ။ 

ကိုယ်သိပ်လိုချင်ခဲ့တဲ့အရာတွေ သိပ်ဖြစ်ချင်ခဲ့တဲ့ ဘဝတွေအတွက် ကြိုးစားအားထုတ်ခဲ့ဖူးပါတယ်။ နေ့မအိပ် ညမအိပ် ပင်ပန်းဆင်းရဲခံခဲ့ဘူးပါတယ်။ လိုချင်တဲ့အရာတွေကို ပိုင်ဆိုင်ခွင့်ရတဲ့အချိန်မှာလည်း ဒီအရာတွေကို တည်မြဲဖို့.. မဆုံးရှုံးဖို့..စိတ်ပူပန်သောကတွေ ရောက်ခဲ့ဖူးပါတယ်။

အောင်မြင်မှုအတွက် ရရှိလိုက်တဲ့ ပျော်ရွှင်စိတ်ချမ်းသာမှုဆိုတာ အမြဲတမ်းမဟုတ်ဘဲ တစ်ခဏမျှသာဖြစ်ပါတယ်။ ဘဝမှာ အဆင်မပြေမှုတွေ၊ အမှောင်မိုက်ဆုံးအချိန်တွေကိုလည်း ရင်ဆိုင် ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲ့ဒီနာကျင်မှုသောကတွေဟာလည်း အမြဲ တမ်းမဟုတ်ဘဲ တစ်ခဏမျှသာပဲ ဖြစ်ပါတယ်။ ဒီအသိလေးကို နှလုံးသွင်းဆင်ခြင်လိုက်တိုင်း လေးလံသမျှအရာတွေကို လွှတ်ချ တတ်လာပါတယ်။
ဒါဟာ ပျော်ရွှင်ခြင်းရဲ့ သော့ချက်တစ်ခုပါပဲ။

#လွန်းထားထား
#သောကနဲ့ဝေးရာဆီ..
#ဒီနေ့ပျော်ပါ..
#စိတ်ခွန်အားဖြည့်စာစုများ
#ပျော်ရွှင်ခြင်းစာစုများ

##ဒီလင့်ခ်ကနေမှာလို့ရပါပြီ..

Post a Comment

Previous Post Next Post

Comments