ကျောက်နီကုန်းရွာသစ်က အငြိမ့်ပွဲ (အစ/အဆုံး)

ကျောက်နီကုန်းရွာသစ်က အငြိမ့်ပွဲ (အစ/အဆုံး)


"ဗျို့ ....ကိုရင် ဗျို့...ကိုရင်"

ညီအစ်ကို မသိတသိအချိန်၌ ဦးဖေခင်တစ်ယောက်
အရီးလှခင်အိမ်သို့သွားစဉ် 
သူ့နောက်မှ လူနှစ်ယောက်ကလှမ်းခေါ်နေ၏။
ဦးဖေခင်လည်း သူမသိသော လူစိမ်းများမို့
သတိပြု၍နောက်သို့ လှည့်ကြည့်မိ၏။ထိုနောက်

"ကျုပ်ကို ခေါ်တာလား"

"ဟုတ်သပ ကိုရင်ရေ ဟုတ်ပ"

ဦးဖေခင်လည်း လူစိမ်းနှစ်ဦးအား ပြန်လှန်မေးခွန်း
ထုတ်ပြီး သူ့အားခေါ်ကြောင်းသေချာမှ ခြေစုံရပ်၍
နောက်သို့ လှည့်လိုက်၏။

လူစိမ်းနှစ်ယောက်အား အကဲခတ်သော
ကြည့်နည်းဖြင့် စူးစိုက်ကြည့်လိုက်သည်။
တစ်ဦးက ရောင်ထုံးကို တစ်ပတ်လျှိုထုံးလျက်
တိုက်ပုံအင်္ကျီကဲ့သို့ သောအဝတ်ကိုဝတ်ထား၏
ညာဘက်ပခုံးတွင်မူ ခပ်နွမ်းနွမ်း လွယ်အိတ်ဟောင်း
တစ်လုံးကိုလွယ်ထား၏။

နောက်တစ်ယောက်ကမူ ညစ်နွမ်းသောအင်္ကျီအဝတ်
အစားနှင့် တောင်ရှည်ပုဆိုးကွက်ကျဲကို ဝတ်ထားသည်
ထူးခြားသည်မှာ လူစိမ်းနှစ်ဦး၏ မျက်လုံးအစုံတို့မှာ
စူးရှတောက်ပလှသည်။

သို့သော် နှစ်ဦးစလုံး၏ ခြေထောက်တွင်မူ 
ဖိနပ်မပါချေ။

"ဘာအကြောင်းများလဲ ဆိုပါဦး နောင်ကြီးတို့ရဲ့"

ထိုစဉ်က နယ်ချဲ့ အင်္ဂလိပ်များ အုပ်စိုးစဉ်ကာလဖြစ်၍
တောကြောင်ဓါးမြများရန်က မအေး။သို့အတွက်
ဦးဖေခင်လည်း လူစိမ်းများအား အနီးသို့ အကပ်မခံဘဲ
ခပ်လှမ်းလှမ်းမှ မေးလိုက်သည်။

"အကြောင်းထူးရယ်လို့ မရှိပါဘူး ကိုရင် ဒီမြို့မှာ
အငြိမ့်ထောင်လေး ဘာလေးများ ရှိမလားလို့"

"အငြိမ့်ထောင်ဦးဘဟန်ရဲ့ရွှေခြံသူမမြိုင်အငြိမ့်ဆိုတာ
အငြိမ့်ထောင်လေး ဒါနဲ့ နောင်ကြီးတို့က ဘာအကြောင်း
ရှိလိုတုန်း"

"ဒီလိုလေ ကိုရင်ရဲ့ ကျုပ်တို့ ရွာသစ်တည်ပွဲအတွက်
အငြိမ့်ငှားချင်လို့ အငြိမ့်ထောင်ကို လမ်းညွှန်ပါဦးဗျ"

"ဒီကနေ ရှေ့နည်းနည်းလျှောက်သွားဗျာ။
တစ်လမ်းကျော်ရင် နောက်တစ်လမ်းက
လမ်းဆုံနေရာ လမ်းဆုံရောက်ရင် ဘယ်ချိုးပြီး
သုံးအိမ်ကျော်အိမ်ဟာ အငြိမ့်ထောင်အိမ်ပဲ
နောင်ကြီးတို့"

ဦးဖေခင်လည်း လူစိမ်းနှစ်ဦးအားအငြိမ့်ထောင်ဦး
ဘဟန်အိမ်သို့ စိတ်ရှည်လက်ရှည် ညွှန်ပြခဲ့သည်
ရောင်ထုံးနဲ့နှင့် လူစိမ်းက ခေါင်းကိုကုတ်လိုက်၏
ဦးဖေခင်လမ်းညွှန်မှုကို နားမလည်သည့်
ဟန်အမူအရာကိုပြ၏

"ကိုရင်လမ်းညွှန်ပေးတာကို ကျေးဇူးထင်ပ
ဒါပေမယ့် ကျုပ်တို့က လူစိမ်းတွေဆိုတော့ 
အိမ်ရှာမတွေ့ရင်ခက်ဦးမယ် အဲ...လူစိမ်းတွေဆို
ခွေးတွေက ဟောင်တတ်ပါဘိသနဲ့ ဖြစ်နိုင်ဆိုရင်
မငြိမ့်ထောင်အိမ်ကို လိုက်ပို့ပေးပါ ကိုရင်"

"ကောင်းပါပြီနောင်ကြီး ပို့မယ်ပို့ ကူးတို့ထိ ပိုရသပ"

ဦးဖေခင်သည် လူရိုးလူဖြောင့် ကူညီတ်သူပီပီ
လူစိမ်းနှစ်ဦးအား အငြိမ့်ထောင်ဦးဘဟန်အိမ်သို့
လိုက်ပို့၏။ ဦးဖေခင်နှင့် လူစိမ်းနှစ်ဦးတို့သွားရာ
လမ်းတစ်လျှောက် ခွေးများက ဟောင်ကြသည်။
လူစိမ်းနှစ်ဦးကမူ ဦးဖေခင်အားကိုးနှင် ခပ်ဆိတ်ဆိတ်သာ
လိုက်ခဲ့သည်။

"တယ် ဒီခွေးကလည်း ဟောင်လိုက် ညံလိုက်တာ"

ဦးဖေခင်က ဘုမသိဘာမသိနှင့် ခွေးများကို
အပြစ်တင်လိုက်သည်။ခွေးပိုင်ရှင်အချို့က ခွေး
ဟောင်သံကြောင့် မီးတိုင်ငယ်ကလေးကိုမြှောက်၍
မေးလိုက်တိုင်း ရွာခံဖြစ်သူ ဦးဖေခင်ကပင် ဒိုင်ခံ
ဖြေရှင်းပေး၏ သို့နှင့်ပင် ဦးဖေခင်နှင့်လူစိမ်းနှစ်ဦး
လည်း အငြိမ့်ထောင် ဥိးဘဟန်အိမ်သို့ရောက်လာ၏

"ဗျို့ ဦးဘဟန်  ဦးဘဟန်"

"ဘယ်သူတွေတုန်း လာကြလေကွယ်"

"လာဗျာ သူခြံထဲ ဝင်သွားကြရအောင် ဦးဘဟန်ကြီး
ရှိသားပဲ"

"အိုး...ဟို မလုပ်နဲ့ ကိုရင်ရ ကျုပ်တို့ သူခြံထဲဝင်လို့
မဖြစ်ဘူးဗျ"

"ဘာဖြစ်လို့တုန်း နောင်ကြီးရဲ့ ကျုပ်ပါသားပဲ"

"နောင်ကြီးပါတာတော့ ဟုတ်ပါရဲ့ တော်ကြာခွေးတွေ
ဆွဲမှဖြင့် "

ဦးဖေခင်က လူစိမ်းနှစ်ဦးကို ဦးဘဟန်အိမ်ခြံအတွင်းသို့
ဝင်ရန် ပြော၏ ။လူစိမ်းနှစ်ဦးက ခွေးကိုအကြောင်းပြု၍
ခြံထဲမဝင်ရဲကြောင်း ပြောပြသည်။သိုအတွက်
"ရွာအနောက်ပိုင်းက မောင်ဖေခင်ပါဗျာ ဟောဒီဧည့်သည်
နှစ်ယောက်က ဦးဘဟန်နဲ့တွေ့ချင်လို့တဲ့ ထွက်ခဲ့ပါဦး"

"အေး..အေး..လာပြီလကွယ့်"

ဦးဘဟန်လည်း ဧည့်သည်ပါသည်ဆိုသဖြင့်
ကမန်းကတန်းပင် အိမ်ရှေ့သို့ထွက်လာ၏
ဦးဖေခင်နည်းတူ ဦးဘဟန်လည်း လူစိမ်းနှစ်ဦးကို
သတိပြု၍ ကြညိ့မိသည်။မြို့ခံဦးဖေခင်ပါလာသဖြင့်
ဦးဘဟန်သည် စိတ်ချစွာဖြင့် လူစိမ်းနှစ်ဦးအား
အိမ်ထဲသို့ ကြွရန် ဖိတ်မန္တကပြုသည်။လူစိမ်းနှစ်ဦးက
အတန်တန်ငြင်းလျက် လာရင်းအကြောင်းကိုသာ
ပြောတော့၏

"အငြိမ့်ထောင်ကြီးဆီလာတာ တခြားအကြောင်းထူးတော့
မရှိပါဘူး အငြိမ့်ငှားချင်လို့ပါပဲ ငွေကြေးကတော့
ပူစရာမလိုဘူး ဟောဒီမှာ"

ရောင်ထုံးနှင့်လူစိမ်းက လွတ်အိတ်ထဲမှ ငွေဒင်္ဂါးပြားများ
ကို ထုတ်ပြ၍ မဲဆွယ်လိုက်သည်။ဦးဘဟန်ရော
ဦးဖေခင်ပါ ငွေဒင်္ဂါးများဆီသို့ မျက်လုံးများက ဆုံကျ
သည်။မှောင်ရီပျိုးစမို့ လူစိမ်းပြာသည့် ငွေဒင်္ဂါးများက
အရောင်တဖိတ်ဖိတ်မတောက်သော်လည်း ထင်ရှားလှ
၏။
ဦးဘဟန်လည်း ငွေဒင်္ဂါးပြား အများအပြားကိုတွေ့ရ၍
သူ့စိတ်က ယိုဖိတ်သွား၏။

"အငြိမ့်က ဘယ်နေ့အတွက် ငှားမှာလဲ မောင်ရင်တို့ရဲ့"

"ဒီနေ့ညကဖို့ပေါ့ အငြိမ့်ထောင်ကြီးရဲ့"

ဟေ...အခုချက်ချင်းကြီးဆိုရင်တော့ မဖြစ်ဘူးကွယ့်"

"အို...အငြိမ့်ထောင်ကြီးရယ် မဖြစ်ဘူး မပြောပါနဲ့
ဟောဒီအိတ်ထဲကဟာတွေ အကုန်ပေးမယ်ဗျာ
ဖြစ်အောင် လုပ်စမ်းပါ"

"ဒါနဲ့ မောင်ရင်ဒို့ ရွာက ဘယ်နားမှာလဲ ဆိုပါဦး"

"ကျောက်နီကုန်းရွာသစ်ကပါ အငြိမ့်ထောင်ကြီးရဲ့"

"အဲဒီရွာ မကြားဘူးပါလား ဘယ်နားမှာလဲ"

"ကျောက်နီကုန်းရွာက ဒီနေ့မှတည်တဲ့ ရွာသစ်ပါ
မန်ကျည်းစုနဲ့ လယ်ယက္မရွာကြားမှ"

"အနီးလေးပဲ ဒါဆို ဆိုင်းသမားတွေနဲ့ အငြိမ့်သားတွေ
စုလိုက်ဦးမယ်"

ဦးဘဟန်လည်း ငွေဒင်္ဂါးအား စွဲမက်သည့်လောဘနှင့်
သူ့အိမ်တွင်းသို့ အပြေးဝင်သွားကာ ပတ်မကြီးကို
တထီထီနှင့် တီးလေတော့၏ ။အငြိမ့်ထောင်ကြီး၏
ပတ်တီးသံ ကြားရုံမျှဖြင့် ဆိုင်းသမားများနှင့် အငြိမ့်
သားများ ရောက်ရှိလာ၏။ဦးဘဟန်လည်း ဆိုင်းသမား
နှင့်အငြိမ့်သားများကို အကျိုးအကြောင်း ရှင်းပြ၍
လှည်းများကို စီစဉ်ခိုင်းလေတော့သည်။

လှည်းများ ရောက်လာသည့်အခါ ပစ္စည်းများကို
တက်သုတ်ရိုက်တင်ကြသည်။ ထို့နောက် အိမ်ရှေ့တန်း
စီးထွက်လာကြသည်။

"ကဲ ..မောင်ရင်တို့ ကျုပ်တို့ကတော့ အဆင့်သင့်ဖြစ်ပြီ
မောင်ရင်တို့က ရှေ့လှည်းပေါ်တက်လာပြီး လမ်းပြကြပေ
ရော့"

လူစိမ်းနှစ်ဦးအနီးသို့ လှည်းများရောက်သွားသည်နှင့်
နွားများက လန့်၍ နောက်သို့ ဆုတ်သွားသည်။
လှည်းသမားများက နွားများကို စုတ်သတ်၍
ကြိုးဆွဲထားရသည်။

"မြို့အထွက်မှာ ကျုပ်တို့လှည်း ရှိတယ်ဗျ
ရော့ဗျို့ ...အငြိမ်ထောင်ကြီး ပွဲငှားခ"

ရောင်ထုံးနှင့် လူစိမ်းက ဦးဖေခင်အား ကျောက်နီကုန်း
ရွာသစ်တည်ပွဲသို့ အငြိမ့်လိုက်ကြည့်ရန် ဖိတ်ခေါ်၏
ဦးဖေခင်လည်း လူစိမ်း၏ ဖိတ်ခေါ်မှုအရ ဘာမပြော
ညာမပြောနှင့် ဦးဘဟန်စီးလာသည့် လှည်းပေါ်သို့
တက်လာသည်။ထိုစဉ် လူစိမ်းက ဦးဘဟန်အား
ပွဲငှားခအဖြစ် သူလွယ်ထားသည့် ငွေဒင်္ဂါးလွယ်
အိတ်ပေးသဖြင့် အငန်းမရ ယူထားလိုက်၏

လူစိမ်းနှစ်ယောက်လည်ူ ဟန်ပါပါနှင့် မြို့ဝင်ပေါက်
ဆီသို့ သွားစဉ် ခွေးတစီစီနှင့်ရှိသည်။

"ဝမ်းသာလိုက်တာ မောင်ဖေခင်ရယ် မင်းခေါ်လာတဲ့
လူတွေက သူဋ္ဌေးတွေနဲ့ တူတယ်ကွ ဟီ...ဟိ"

ဦးဘဟန်သည် တစ်ခါမျှ မကိုင်ဘူးသော် ငွေဒင်္ဂါး
အများအပြားကိုရ၍ ဝမ်းသားနေသည်။ဦးဖေခင်ကမူ
လူစိမ်းများနှင့် ဝေးသွားမှ သတိပြန်ဝင်လာကာ
သူ့အိမ်သို့ မပြောခဲ့ရကြောင်း မှတ်မိတော့သည်။

"ဦးဘဟန် ဒီလူတွေ ကြည့်ရတာ တယ်ပြီး
မဟန်ဘူးဗျ ခွေးတွေကဟောင် နွားတွေကလန့်"

"မင်းကသာမဟန်နေ ဟောဒီငွေဒင်္ဂါးလွယ်အိတ်ကြီး
တောင် ပေးထားဘီ"

မြို့ထိပ်အရောက်တွင် လူစိမ်းနှစ်ဦးက အသင့်စောင့်
နေသည့် လှည်းယဉ်ကလေးပေါ်သို့ လမ်းပြခေါ်ဆောင်
သွားသည် ။မြို့ပြင် ရောက်သည်အခါ အနောက်သင်္ခ ျိုင်း
ကုန်းလွန်သည့်အခါ လမ်းမှာ တဖြည်းဖြည်း ကြမ်းလာ
၏။

"ဟဲ့   ...အို နွားနဲ့"

"ဂျိုင်း  ဝုန်း  ဒုန်း"

နွားငေါက်သံ လှည်းများ ချိုင့်များကျင်းများသို့
ကျ၍ ထွက်ပေါ်လာသည် အသံများက ဆူညံနေသည်
သို့သော် လူစိမ်းစီးလာသည် လှည်းယဉ်မှာ ချုလုံးသံ
တချွင်ချွင်နှင့်ပင်။

"ရှေ့က ဟေး  မောင်ရင်ဒို့ မောင်ရင်ဒို့ ရွာသစ်ကို
မရောက်သေးဘူးလားကွယ့် ခရီးက အတော်
ပေါက်လာပြီး"

"ဟိုရှေ့နားဆို ရောက်ပါပြီဗျ"

အငြိမ်ထောင်ဦးဘဟန်က စိတ်မရှည်သဖြင့်
ပွဲငှားလာသည် လူစိမ်းအား လှမ်း၍ အော်မေးလိုက်သည်
ဦးဘဟန်နှင့် အတူ စီးလာသည့် အငြိမ့်မင်းသမီး
ရွှေခြံသူမမြိုင်ကမူ လှည်းလမ်းက ကြမ်းလွန်းသဖြင့်
မျက်စိ မျက်နှာပျက်လျက် စကားပင် မပြောနိုင်။

မကြာမီ အောက်လင်းဓါတ်မီးများနှင့် ထိန်ထိန်ညီးလျက်
ရှိသည့် ပွဲစျေးတန်းသို့ ရောက်ရှိလာသည်။
အငြိမ့်စင်ကလည်း အရံသင့်။

အငြိမ့်စင်ဘေးသို့ ကပ်၍ လှည်းများကို ရပ်သည်။
လှည်းပေါ်မှ ဆိုင်းများ အငြိမ့်ပစ္စည်းများကို
ချ၍ ပွဲထွက်နိူင်ရန် အလျင်အမြန် ပြင်ဆင်ကြသည်။

ပွဲစျေးတန်းတွင် တဖြည်းဖြည်း လူများစည်းကားလာ
သည်။ပွဲကြည့်ပရိတ်သတ်များလည်း တဖွဲဖွဲနှင့် 
ရောက်ရှိလာကြသည်။

ထိုစဉ်ဦးဘဟန်တို့လှည်းများမှ နွားများချွတ်၍
ချည်ထားစဉ် ပရိတ်သတ်များကိုကြည့်၍ နွားများ
အော်ဟစ် ခုန်ပေါက်ကာ ထွက်ပြေးကုန်သည်။

လှည်းသမားများက နွားများကို ပြေးလိုက်သော်လည်း
မမီ။

ပွဲကြည့်ပရိတ်သတ်များက အော်ဟစ်၍ ပြောကြ၏
သို့အတွက် ဆိုင်းသမားများနှင့်ညှိ၍ ပွဲစတင်ထွက်ရ
တော့သည်။ပွဲမထွက်မီ ပွဲငှားလာသည့် လူစိမ်းနှစ်ဦးက
ဦးဘဟန်အား သန်းခေါင်ကျော်ထိ 'က 'ပေးလျှင်
ကျေနပ်ပါပြီဟု လာပြောသွားသည်။

ဆိုင်းသမားများလည်း ပတ်သံဗုံသံပေး၍ ပွဲစထွက်လေ
တော့သည်။

ပွဲကြည့် ပရိသတ်များမှ ကလေးအမေ အမယ်အို
အဘိုးအို အပျို လူပျိုများနှင့် လူတန်းစားစုံလှသည်။
ရယ်စရာတွေ့လျှင်လည်း ဟက်ဟက်ပက်ပက်
ရယ်မောကြ၏။

           ညဉ့်နက်လာသည်အခါ ပွဲကြည့်ပရိတ်
သတ်ထဲမှ ကလေးငယ်များနှင့် ပရိတ်သတ်အချို့
တဖြုတ်ဖြုတ်နှင့် ပျောက်သွားသည်။စျေးဆိုင်တန်းဘက်မှ
စျေးဆိုင်များနှင့် လူများလည်း ပျောက်ကွယ်သွားသည်

အငြိမ့်သားများနှင့် ဆိုင်းသမားအချို့မှာ ဆိုရတီးရနှင့်
ခရီးကလည်း ပန်းလာသဖြင့် အိပ်မောကျကုန်၏
ပတ်မတီးဆရာ ဦးကျင်တစ်ယောက်သာ ဆေးလိပ်
တဖွာဖွာနှင့် မအိပ်ဘဲ  ကျန်နေ၏။

ပရိတ်သတ်ထဲမှ အသက်ကြီးကြီး အရွယ်ကြီးကြီး
သူများက ကျန်ရှိနေသဖြင့် တမင်မအိပ်ဘဲ နေသည်။

အစက ဦးကျင်သည် ဆေးလိပ်ဖွာလျက် ဆိုင်းတီးခ
ညကြေး ငွေဒင်္ဂါး ဘယ်နှစ်ပြားရမလဲဟု တွေးနေမိသည်
ပရိတ်သတ်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သော
အခါတွင်မူ အချို့လူကြီးများ၏ ပါးစပ်မှ အစွယ်ဖွေးဖွေး
ကိုတွေ့ရသည်။တဖြည်းဖြည်း ကြည့်ရင်းကြည့်ရင်း
ထိုသူတို့၏ မျက်နှာများမှ ကြောက်စရာကောင်းလာ၏

"အင်း...ဒါတွေကတော့ မကောင်းဆိုးဝါးတွေနေမှာ
ငါအိပ်လိုက်တာနဲ့ တို့တစ်ဖွဲ့သားလုံး စားခံရတော့မယ်
မဖြစ်ဘူး မဖြစ်ဘူး သရဏဂုံသုံးပါး ရွတ်မှာပဲ"

ပတ်မတီးဆရာဦးကျင်လည်း ကြောက်ကြောက်လန့်လန့်
နှင့် သရဏဂုံသုံးပါးကို ရွတ်ဆိုလျက် ပတ်မကြီးကို
တထီထီ တီးလိုက်လေတော့သည်။

ထိုစဉ် မီးရောင်များလည်း
ပျောက်ကွယ်သွားသည်။ပရိတ်သတ်များကိုလည်း
မတွေ့ရတော့။ပတ်မသံကြောင့် ဆိုင်းသမားများနှင့်
အငြိမ့်သမားများလည်း နိုးလာသည်။

ဆိုင်းသမားများနှင့် အငြိမ့်သမားများထံမှ ဆူညံသံများ
ထွက်ပေါ်လာသည်။အချို့က ကျောက်စရစ်ခဲများပေါ်
ရောက်နေ၍ အချို့ကားချြုံကားများတွင် ရောက်၍နေ၏
ဆိုင်းများ အငြိမ့်ပစ္စည်းများကမူ တစ်စစီ ပြန်ကျဲလျက်ရှိသည်။

"ဗျို့    ဦးဘဟန် အငြိမ့်ထောင်ကြီး"

ဆိုင်းသမား အငြိမ့်သမားများက အငြိမ်ထောင်ဦးဘဟန်
ပျောက်နေသဖြင့် အော်၍ခေါ်သည်။ ပြန်ထူးသံ မကြားရ
သဖြင့် မီးတိုင်ထွန်း၍ ရှာကြည့်ရတော့သည်။
နံနကမိုးစင်စင်လင်းခါနီးမှ မြေနီတောင်ပို့တစ်ခုအနီးတွင်
ထမိန်စုတ်နှင့် ထုပ်ထားသည့် အိုးခြမ်းပဲ့များကိုပိုက်လျက်
တခေါခေါနှင့် အိပ်မောကျနေသည့်ဦးဘဟန်ကိုတွေ့
ရှိတော့သည်။

နံနက်လင်းမှ ပစ္စည်းပစ္စယများကို တစ်စစီကောက်၍
လူစုကာ စီစစ်ရတော့၏။လှည်းသမားလည်း 
မြို့ပေါ်ပြန်၍ ကိုယ့်နွားကိုယ်ယူကာ ပစ္စည်း
များကို ပြန်တိုက်၏။

"ဒီလူတွေ မဟန်ဘူးလို့ ကျုပ်ပြောသားပဲ 
ဦးဘဟန်ကြီးကိုက လောဘတက်နေတာ"

"ထင်တော့ အထင်သားကွ အိမ်ထဲဝင်ပါဆိုတော့ မဝင်"

"ဘယ်ဝင်မလဲဗျ ဦးဘဟန်က နေ့စဉ်၂၄ပစ္စည်းရွတ်ပြီး
ခြံဝိုင်းကို စည်းချထားတာဥစ္စာ ဒီပြင်တွေးမနေပါနဲ့ဗျာ
ခွေးတွေဆူ နွားတွေလန့်နဲ့ ဖြစ်နေတာ ကျုပ်တို့
သတိမထားမိလို့ဗျ"

"အေး...တိရစ္ဆာန်တွေက မကောင်းဆိုးဝါးတွေကို
မြင်ရတယ်ကွ တို့ကသာ မမြင်ရတာ"

"ကျုပ်တို့က ဘုမသိ ဘမသိနဲ့ လိုက်လာရလို့ဗျ
ကျောက်နီကုန်းမှန်းသိရင် မလိုက်ပါဘူး အဲဒီနေရာက
ကျတ် ကုန်းဗျ ကျတ်ကုန်း"

"ကျတ်တွေ လှည့်စားတာ ကျုပ်တို့လူတွေ  ခံလိုက်ရတာ
ပေါ့ဗျာ"

ဦးဖေခင်နှင့် ဆိုင်းသမားများ အငြိမ့်သားများကမူ
မကောင်းဆိုးဝါး ကျတ်ကောင်များ၏ လှည့်စားမှုကို
ခံရသဖြင့် မချိမခံသာဖြစ်လျက် မြို့သို့
ပြန်ခဲ့ရလေတော့သည်။

ပြီးပါပြီ
#ပလက်ခpageမှတစ်ဆင့်ကူးယူဖော်ပြသည် 
မူရင်းရေးသူ ဆရာ မောင်ခိုင်ခန့် 
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ
Credit

Post a Comment

Previous Post Next Post

Comments