ချမ်းသာတဲ့မိသားစုက မွေးလာတာမဟုတ်လည်း လူချမ်းသာဖြစ်စေမယ့် နည်းလမ်း(၇)ခု
လူချမ်းသာတစ်ယောက် ဖြစ်လာဖို့ဆိုတာ တကယ်တော့ ချမ်းသာတဲ့မိသားစုက မွေးဖွားလာဖို့မလိုပါဘူး။
ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လူချမ်းသာမိသားစုက ဆင်းသက်လာကြတာ မဟုတ်သလို ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားခဲ့ကြရတဲ့လူတွေပါ။
ဒီတော့ သူတို့အနေနဲ့ ဒီလိုချမ်းသာအောင် ဘယ်လိုမျိုးတွေ စွမ်းဆောင်ခဲ့ကြသလဲ။ သူတို့ရဲ့ လျို့ဝှက်ချက်တွေက ဘာတွေလဲ စသဖြင့် သိချင်ကြမှာပါပဲ။ သင့်အနေနဲ့ ချမ်းသာတဲ့မိသားစုက မွေးဖွားလာတာမဟုတ်ပဲ လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်ဖို့ ဘယ်လိုအချက်တွေကို သိထားရမလဲဆိုတာ ဖတ်ကြည့်လိုက်ပါနော်…
(၁)။ သင် ဘာဖြစ်ချင်လဲဆိုတာ သင်သေချာသိရမယ်
သင် ဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်လုပ် ဒီအလုပ်ကို ဘာအတွက် လုပ်နေရသလဲဆိုတဲ့ ကိစ္စက သင့်ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုပါတယ်။
ဒီလိုမှပဲ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် သင် အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး သင့်ရဲ့ရည်မှန်းချက်ကိုလည်း မြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိစေမှာပါ။ အလုပ်ကရတဲ့ ပိုက်ဆံတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲ၊ ဘယ်လိုနည်းနဲ့ တခြားနေရာတွေမှာ မြှုပ်နှံမလဲ စတဲ့အချက်တွေကလည်း သင်အမြဲတမ်း တွေးနေရမယ့် အချက်တွေဖြစ်ပြီး သင့်ရဲ့အလုပ်အကိုင်နဲ့ဝင်ငွေကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ခြင်းက သင့်ကို ချမ်းသာတဲ့လမ်းကြောင်းပေါ် ရောက်ရှိသွားစေမှာပါ။
(၂)ဖြတ်လမ်းနည်းမသုံးပါနဲ့
သင့်ရဲ့ဝင်ငွေဟာ ဘယ်လောက်ပဲ နည်းနေတယ်ဆိုဦး သင့်အနေနဲ့ ဝင်ငွေတွေပိုများလာဖို့ ဖြတ်လမ်းနည်းမသုံးသင့်ပါဘူး။ အဲဒါက အန္တရာယ်များပြီး အချိန်မရွေး သင့်ကို ချောက်ထဲ ကျသွားနိုင်တာမျိုးပါ။ သင့်ရဲ့လက်ရှိအလုပ်ကို ကြိုးစားလုပ်ရင်း ဝင်ငွေတိုးအောင် လုပ်သင့်သလို၊ ကိုယ်ကျွမ်းကျင်တဲ့ တချို့အလုပ်လေးတွေကို အစပျိုးပြီး လုပ်ကြည့်တာမျိုးက ပိုပြီး ကောင်းပါတယ်။
(၃)။ စွန့်စားရမယ့် အခြေအနေတွေကို သတိထားပါ
သင့်အနေနဲ့ ဘဝတစ်ခုလုံးပြောင်းလဲဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုလာပြီဆိုပါတော့။
သင့်အနေနဲ့ အောင်မြင်ရင် ချမ်းသာသွားနိုင်ပြီး မအောင်မြင်ခဲ့ရင်တော့ သင်စုဆောင်းထားသမျှ အားလုံး ကုန်သွားနိုင်တဲ့ အနေအထားပါ။ ဒီလိုအခြေအနေက စွန့်စားရမယ့် အခြေအနေဖြစ်ပြီး သင့်အနေနဲ့ သတိထားဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီလိုအခြေအနေမျိုးကို ရွေးချယ်မယ့်အစား ကိုယ့်အတွက် အန္တရာယ်ကင်းပြီး ဝင်ငွေတိုးနိုင်မယ့် တခြားနည်းလမ်းတစ်ခုကို ရှာဖွေကြည့်တာက ပိုလို့တောင်ကောင်းပါသေးတယ်။
(၄)။ မတူညီတဲ့အမြင်တွေကနေ စဉ်းစားပါ
သင့်အနေနဲ့ သူများတွေထက်ပိုပြီး အောင်မြင်ချင်တယ်ဆိုရင် သူများတွေနဲ့ မတူတဲ့အမြင်မျိုးရှိရမှာပါ။ တခြားလူတွေနဲ့မတူတဲ့ အမြင်မျိုး၊ အတွေးအခေါ်မျိုး တွေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး လူတွေရဲ့စိတ်ကို နားလည်နိုင်ဖို့လည်း လိုပါတယ်။ဒါမှသာ တခြားသူတွေနဲ့ ကွဲပြားတဲ့အလုပ်အကိုင်တွေကို တီထွင်လုပ်ကိုင်နိုင်မှာဖြစ်ပြီး သင့်ဘဝတက်လမ်းအတွက် အကျိုးရှိပါလိမ့်မယ်။
(၅)။ ပိုက်ဆံတန်ဖိုးကိုနားလည်ပါ
သင့်အနေနဲ့ ပိုက်ဆံများများ ရှာနိုင်တဲ့အချိန်မှာ ပိုက်ဆံတန်ဖိုးကို နားလည်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်ရနေတဲ့ဝင်ငွေတွေ အားလုံးက ကိုယ်ပြန်သုံးပစ်တာနဲ့ ကုန်သွားမယ်ဆိုရင် သင့်အတွက် ဘာအခွင့်အရေးမှ ရှိမှာမဟုတ်တော့ပါဘူး။ ဒီတော့ သင့်ရဲ့ဝင်ငွေထဲက ပမာဏတစ်ချို့ကို စုဆောင်းထားသင့်ပြီး ဒါက သင့်ရဲ့အရေးပေါ်အခြေအနေ၊
ဒါမှမဟုတ် အနာဂတ်ရင်းနှီးမြှပ်နှံမှုတွေအတွက် အသုံးဝင်ပါလိမ့်မယ်။
(၆)။ သင့်ကိုယ်သင်ဆင်ခြေမပေးပါနဲ့
သင့်အနေနဲ့ ပုံမှန်ဝင်ငွေတွေကို စုဆောင်းနေတာကနေ အကြောင်းပြချက်တစ်ခုနဲ့ အဲဒါကို ရပ်လိုက်တာမျိုး မလုပ်မိပါစေနဲ့။
“ဒီလတော့ ပင်ပန်းလို့ ပိုသုံးလိုက်မယ်” “ဒီလတော့ အဝတ်အစားနည်းနည်းပိုဝယ်လိုက်မယ်” စတာမျိုးက သင့်ကို အကျင့်ဖြစ်သွားစေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ စုဆောင်းလိုစိတ်ကို ပျောက်သွားစေပါလိမ့်မယ်။
အလားတူပဲ သင့်အနေနဲ့ အလုပ်ကြိုးစား လုပ်နေရာကနေ သင့်ကိုယ်သင် ဆင်ခြေတွေပေးပြီး အလုပ်ကို ပုံမှန်ထက်လျော့လုပ်တာမျိုး မလုပ်မိပါစေနဲ့။ အဲဒါက သင့်ရဲ့ ရည်မှန်းချက်တွေကို ပျောက်သွားစေပါလိမ့်မယ်။
(၇) အမှားလုပ်မိမှာ မကြောက်ပါနဲ့
သင့်အနေနဲ့ အပြောင်းအလဲတစ်ခုခု လုပ်ဖို့ ကြိုးစားတိုင်း မှားသွားမလားဆိုတဲ့ ခံစားမှုမျိုး ခံစားနေရတယ်ဆိုရင် အဲဒါကို ပြောင်းလဲပစ်ဖို့ အမြန်ဆုံးကြိုးစားပါ။ သင့်အနေနဲ့ အလုပ်လုပ်နေသရွေ့ အမှားအယွင်းတွေကို ရင်ဆိုင်ရမှာဖြစ်ပြီးအဲဒါတွေကနေ သင်ခန်းစာယူဖို့ ကြိုးစားတာအကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့အမှားတွေကနေတစ်ဆင့် ပြန်ပြီး သင်ခန်းစာယူနိုင်သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကြုံတွေ့နေရတဲ့ အမှားတွေကနေတစ်ဆင့်လည်း သင်ခန်းစာယူနိုင်ဖို့ ကြိုးစားပါ။
#အ_လီ_ဘာ_ဘာ

إرسال تعليق