ကျမတို့အားလုံးဟာ ဘဝအတွက်ကြိုးစားရုန်းကန်နေရင်းနဲ့ပဲ မလိုသူတွေရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကိုလည်း ရံဖန် ရံခါ ကြုံရတတ်ပါတယ်။

ကျမတို့အားလုံးဟာ ဘဝအတွက်ကြိုးစားရုန်းကန်နေရင်းနဲ့ပဲ မလိုသူတွေရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကိုလည်း 
ရံဖန် ရံခါ ကြုံရတတ်ပါတယ်။


တိုက်ခိုက်သူတွေဆိုတာ ကိုယ့်ကို ဘ၀ပျက်စေချင်တဲ့ သူတွေ၊ ဒုက္ခရောက်စေချင်တဲ့ သူတွေပါ။

သူတို့က ကိုယ့်ကို မရှု့စိမ့်နိုင်တဲ့ စိတ်နဲ့ ကိုယ့်ကို ဝေဖန်ပုတ်ခတ်တာတွေ၊ တမင်တကာ ထိခိုက်နစ်နာဆုံးရှုံးအောင် ပြုလုပ်တာ၊ တမင်တကာအပြစ်ပုံချတာတွေနဲ့ တိုက်ခိုက်ကြတာပါ။

အဲလို ကြုံတွေ့ချိန်တွေမှာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ပါသလဲ။ ပြန်တွေးကြည့်ရအောင်ပါ။

သေချာစဉ်းစားကြည့်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကို ထိခိုက်သွားစေချင်တာ၊ 
ကိုယ့်အောင်မြင်တာကို ရပ်တန့်ပြီး ရှုံးနိမ့်သွားစေချင်တာလား။

သူက ကိုယ်ရှုံးတာမြင်ရမှ ကဲ ငါပြောသလို မဟုတ်ဘူးလား ၊ ဘ၀င်မြင့်နေတဲ့ မိန်းမ ခုတော့ ထိပြီ ဆိုတာမျိုးနဲ့ အနိုင်ယူပြချင်တာလား။

အဲလို ပြောခံလိုက်ရလို့ စိတ်ဆိုးသွားသလား၊ စိတ်ထိခိုက်သွားသလား၊ တစ်ခုခု ခံစားရပြီး ထိခိုက်သွားတယ်ဆိုရင်တော့ သူတို့ဖြစ်စေချင်တာကို ဖြစ်သွားပြီလို့ သုံးသပ်ရမှာပါပဲ။ 

စိတ်ထိခိုက်တဲ့ အဆင့်ကနေ အလုပ်ကိုပါ ထိခိုက်လာတဲ့အခြေအနေကိုတော့ မဖြစ်ပါစေနဲ့၊ သူများရဲ့ စကားတစ်ခွန်းနဲ့တော့ ကိုယ့်ကိုယ်ကိုအကျရှုံးမခံလိုက်ပါနဲ့။

အဲဒါကို သဘောပေါက်ပြီး သူတို့ကို တုန့်ပြန်စရာမလိုဘူးဆိုတာ နားလည်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး ဆက်လုပ်သွားနိုင်အောင် ကြိုးစားသင့်တာပါ။ 

သူတို့စကားတွေကြောင့်တော့  ကိုယ့်ရဲ့ အလုပ်တွေကို မထိခိုက်စေပါနဲ့၊ စိတ်ထိခိုက်ရတယ်ဆိုရင်တောင်မှ အလုပ်ကို မထိခိုက်အောင် ကြိုးစားပါ။

အဲလိုမှ မဟုတ်ဘူး ကိုယ်က သူတို့စကားကို ခံစားနားယောင်မိရင် စိတ်ပိုင်းဆိုင်ရာ အားနည်းသွားတတ်ပါတယ်။ စိတ်လျှော့လိုက်တာနဲ့ စ်ိတ်ဓါတ်ကျသွားနိုင်ပါတယ်။ သူပြောသလို ငါများ ဘ၀င်မြင့်နေတာလားလို့ တွေးလိုက်တာနဲ့တင် ကိုယ့်ရဲ့ ရှိရင်စွဲ စွမ်းအင်ကို မယုံကြည်ရာရောက်သွားပါလိမ့်မယ်။ကိုယ့်ရဲ့ ယုံကြည်မှုကို ထိခိုက်စေပါတယ်။

အဲဒါကြောင့် သရဲဘောကြောင်တဲ့ ချောင်းပစ်သေနပ်သမားတွေရဲ့ စကားတွေ၊ ကိုယ့်ကို ထိခိုက်စေတဲ့ အတွေးတွေကို ဘယ်တော့မှ အ၀င်မခံပါနဲ့၊ ကိုယ့်ကိုယ်ကို အမြဲတမ်း အရေးကြီးတဲ့ လုပ်ငန်းတွေလုပ်ကိုင်နေရတဲ့ သူအဖြစ်သာ လက်ခံပါ။

ကိုယ့်ရဲ့ မနောအာရုံကို စုစည်းထိန်းသိမ်းထားပါ။ ကိုယ့်ကိုယ်ကို တာ၀န်အရှိဆုံး၊ သြဇာအရှိဆုံးသူအဖြစ် သတ်မှတ်ထားပါ။ ရင်ထဲမှာ အမြဲတမ်း အပြုစိတ်ဓါတ်ပဲ မွေးမြူပေးပါ။

ပြီးတော့ အခြားလူတွေကိုလည်း အမြင်ကြည်လင်ပေးပါ။ နောက်ဆုံး ကိုယ့်ကို ထိုးနှက်တဲ့ သူကိုတောင်မှ အမုန်းစိတ်နဲ့ မတုန့်ပြန်မိဖို့ သတိပြုပါ။ သူ့ဟာသူ ရှိနေပါစေ။ ကိုယ့်အနေနဲ့ကိုယ့်ရဲ့ အပြုစိတ်ကို အမြဲတမ်း ထိန်းနိုင်အောင်ပဲ ဂရုစိုက်ပေးပါ။

 ဒီလိုခိုင်မာခြင်းအားဖြင့် အရေးပါတဲ့ အတွေးတွေနဲ့ အပြုသဘောဆန်တဲ့ အတွေးတွေသာ ဖြစ်ပေါ်လာစေပါတယ်။ တကယ်တော့ အဲလို ထိုးနှက်ချက်တွေက  ကိုယ့်ကို ပိုပြီး ခိုင်မာတည်တန့်လာစေတာပါ။ အဲဒီလို နားလည်သဘောပေါက်ထားရင် သူတို့ကိုတောင် ကျေးဇူးတင်မိပါဦးမယ်။

ယှဉ်ပြိုင်တဲ့သူတွေက သူ့ထက် နိမ့်
တယ်လို့ ယူဆတဲ့သူဆိုရင်လည်း ယှဉ်စရာလို့ မယူဆတဲ့အတွက် မယှဉ်ပါဘူး။ သူ့ထက် မြင့်လွန်းတယ် ကိုယ့်အနေနဲ့ ဘယ်လောက်ပဲယှဉ်ယှဉ် ယှဉ်လို့ မရတော့ဘူး လို့ လက်ခံသွားရင်လည်း အဲဒီလူနဲ့ မယှဉ်တော့ပါဘူး။

အဲဒီလိုမှ မဟုတ်ဘူး ဆိုတာ ကိုယ်နဲ့သူက ယှဉ်လို့ရနိုင်တဲ့ အခြေအနေလို့ သူ ယူဆတဲ့အခါ ယှဉ်ပြိုင်စရာ၊ တိုက်ခိုက်စရာလို့ ယူဆပြီး ယှဉ်ကြ၊ တိုက်ကြတာပါ၊

အဲဒါကြောင့် ကျမတို့ အနေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခံရတိုင်း ပို သည်းခံရင်းနဲ့ ပိုကြိုးစားပါ၊ သူ ဘယ်လို တိုက်တိုက် မလဲနိုင်တော့တဲ့ အခြေအနေ၊ သူ ဘယ်လိုမှ မယှဉ်နိုင်လောက်တဲ့ အခြေအနေထိ ရောက်အောင် ကြံ့ကြံ့ခံပြီး ကြိုးစားပါ။

အဲဒီလို အနေအထားမရောက်ခင်မှာ လဲကျခဲ့ရင် ပြန်ထပါ၊ တိုက်ခိုက်ခံရလို့ ပြိုလဲခဲ့ရင် ပြန်ထူပါ။ ကျမတို့စိတ်ထဲကနေ အရှုံးပေးပြီး မရပ်တန့်သေးသရွှေ့ တိုက်ခိုက်သူတွေ ကိုယ့်ကို မနိုင်သေးပါဘူး။ 

အဲဒါကြောင့် ဘယ်သူ့ကိုမှ အပျက်စိတ်နဲ့ တုန့်ပြန်ဖို့ မတွေးပါနဲ့။အပြုသဘောဆန်တဲ့ ကောင်းမွန်တဲ့ စိတ်ထားနဲ့ အတွေးတွေက ကိုယ့်ကို အခက်အခဲတွေကိုလည်း ဖြတ်ကျော်အောင်မြင်စေခဲ့သလို၊ ဘယ်လိုလူမျိုးတွေနဲ့ပဲ တွေ့ကြုံပါစေ ကိုယ့်အတွက် ကောင်းမွန်တဲ့အခြေအနေကိုပဲ ဖြစ်စေတယ်လို့ ကျမက ယုံကြည်သူပါ။

ကိုယ့်ကို တိုက်ခိုက်နေတဲ့ သူတွေဟာ နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့လို့ လက်လျော့ရတဲ့အထိ ကိုယ့်ကိုယ်ကို ခိုင်မာစွာ ပျိုးထောင်ဖို့တိုက်တွန်းအကြံပြုချင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။
မေတ္တာများစွာဖြင့်....

#ပန်းပျိုးလက်
နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ

Post a Comment

أحدث أقدم

Comments