၀င်္ကဘာဘုရားသိုက် ( အပိုင်း ၃)

၀င်္ကဘာဘုရားသိုက် ( အပိုင်း ၃)
( ဖြစ်ရပ်မှန်အခြေပြု)
******


     မင်္ဂလာဆောင်ပြီးတော့ သိုက်စောင့်ငညိုက ညွန့်စိန်ကို သူ့ကတိအတိုင်း အမှန်တကယ် စောင့်ရှောက်ခဲ့တယ်လို့ ဆိုရမယ့် အဖြစ်မျိုးတွေ ရှိလာခဲ့တယ်။ 

     ဦးဆုံးအနေနဲ့ပြောရရင် ညွန့်စိန်တို့ မင်္ဂလာဆောင်အပြီး တစ်လအကြာ...။

    သူတို့လင်မယား နေဖို့အတွက် ဦးမြတင့်တို့ ခြံအနောက်မှာ အိမ်ဆောက်ကြတော့ အိမ်တိုင်ကျင်းတူးရင်း အထဲက ရွှေဒင်္ဂါး ငါးပြားရရှိခဲ့တယ်။

    ပြောရရင် ဒီအဖြစ်အပျက်က တိုက်ဆိုင်တာမျိုးမဟုတ်ဘူးဆိုတာကတော့ အသေအချာပဲ။

     အိမ်ဆောက်ပြီးချိန်မှာတော့ ဒင်္ဂါးပြားတွေကို ရောင်းချပြီး သုံးပုံပုံ၊ နှစ်ပုံကို သူတို့အတွက်ယူပြီး လယ်တွေ၀ယ်ခဲ့တယ်။ 

      ကျန်တဲ့ တစ်ပုံကိုတော့ မြို့ကနေ ဘုရားတစ်ဆူသွားပင့်ခဲ့ကြပြီး ဘုရားကို အနေကဇာတင် ကုသိုလ်ပြုမယ့်နေ့ကျတော့ ငညိုတို့သားအဖကို ၀င်္ကဘာဘုရားဆီမှာ တကူးတကကိုပဲ သွားရောက်ဖိတ်ကြားခဲ့ကြတယ်။ 

     တရားနာပြီးလို့ အမျှဝေချိန်ကျတော့ အသစ်ဆောက်ထားတဲ့ သူတို့အိမ်ကလေးက သိသိသာသာကြီးကို သိမ့်ခနဲ တုန်သွားတာ။ 

     ဒါဟာ ငညိုတို့သားအဖက အသိပေးတယ်ဆိုတာကလွဲလို့ အခြား ဘာဖြစ်နိုင်ဦးမှာတုန်း။  

* * * * * 

သုံးနှစ်အကြာ...။   

      ဒီကာလအတောအတွင်းမှာ ကိုထူးရော ညွန့်စိန်ပါ လင်မယားနှစ်ယောက်စလုံး တက်ညီလက်ညီနဲ့ အလုပ်ကို ကြိုးစားခဲ့ကြတော့ စီးပွားရေးက ဒီရေအလားပဲ။ 
  
      တစ်ဖက်က ငညိုတို့သားအဖကလည်း အရင်လို ရွှေဒင်္ဂါးတွေ ပေးမလာတော့ပေမယ့် ကတိအတိုင်းတော့ သူတို့ကို တတ်စွမ်းသလောက် ကူညီဖေးမ'နေဆဲပဲလို့ ဆိုရမယ်။ 

     ဒီအကြောင်းကို ပြောပြရရင် ပြီးခဲ့တဲ့ နှစ်တုန်းက...။ 

     လယ်မရွာတင်မက အနီး၀န်းကျင်က ရွာတွေပါ လယ်ခင်းတွေ ပိုးကျလို့ ပျက်စီးကြတာ ရစရာမရှိဘူး။

    ဒီမယ် ထူးဆန်းတာက အဲ့ဒီ့အထဲမှာ ကိုထူးတို့လယ်ပွဲတွေ တစ်ခုမှမပါခဲ့ဘူး။ 

     တချို့တွေ ပြောကြတာကတော့ ညဘက်တွေဆို ကိုထူးတို့ လယ်ကျင်းတွေဆီမှာ အဖြူရောင် မီးလုံးကြီး နှစ်လုံးက တစ်ညလုံးနီးပါး ပျံဝဲနေတတ်တာတဲ့။

     ဒီတော့ အားလုံးယူဆမိကြတာမှာ လယ်ကျင်းကို ငညိုတို့သားအဖက ပိုးမွှားတွေကို မောင်းထုတ်ပြီး စောင့်ရှောက်ပေးနေတယ်လို့ပေါ့။ 

      အဲ့ဒီ့နှစ်က သူတို့လယ်ခင်းတွေပဲ စပါးအောင်ခဲ့တယ်။ နောက်နှစ်များမှာလည်း မီးလုံးကြီးတွေက လယ်ခင်းတွေအပေါ် ပျံနေတုန်းပဲလို့ဆိုကြပြီး ရွာထဲမှာတော့ ဒါကို ငညိုတို့သားအဖ လယ်စိုက်ဆင်းတယ်လို့တောင် သမုတ်နေကြတော့တာ။

     ဖြစ်နိုင်တာ မဖြစ်နိုင်တာတော့ မသိဘူး။ ပြောပြရရင်တော့ စပါးပေါ်ချိန်၊ သီးနှံပေါ်ချိန်ဆို ကိုထူးတို့လယ်ခင်းတွေက သူတကာထက်ကို ထူးခြားပြီး အထွက်နှုန်းတွေအောင်၊ မျက်နှာပန်းတွေ လှနေတော့တာပဲ။

     ဒီနှစ်လည်း မိုးခေါင်တာမို့ သူများအခင်းတွေ အပျက်များနေချိန်၊ သူတို့လယ်ကတော့ ထုံးစံအတိုင်း စပါးအထွက်ကောင်းခဲ့ပြီး မြို့တက် ရောင်းချချိန်မှာလည်း စျေးကောင်းရခဲ့ပြန်တယ်။ 

     မှတ်မှတ်ထင်ထင်ပါပဲ အဲ့ဒီ့နေ့က ငွေထုပ်ပိုက်လို့ အိမ်ပြန်လာတဲ့ ကိုထူး...။ 

     လမ်းမှာ စက်ဘီးနဲ့ လည်ရောင်းတဲ့ ထီသည်ကိုတွေ့လို့ စိတ်ပေါ်လာပြီး ထီတစ်စောင်ထိုးခဲ့မိတယ်။
 
     လကုန်လို့ ထီထွက်တော့ သူထိုးထားတဲ့ ထီက တစ်သိန်းဆုပေါက်လာရော။

    ထီသည်က အိမ်တိုင်ရာရောက်လာပြောတော့ လင်မယားတွေ ၀မ်းသာလိုက်ကြတာ။ ခေတ်ကာလအရတော့ ဒီငွေပမာဏက နည်းတဲ့ပမာဏမဟုတ်ဘူးလေ။ 

     ဒါနဲ့ ပက်သက်ပြ်ီးတော့ တချို့သော သူများက...။

     " ညွန့်စိန်တို့များ ကောင်းချက်တော်...။ အတိတ်ဘ၀က လင်က လာစောင့်ရှောက်ပေးနေတာများ ဘာမှလိုလေသေးမရှိတဲ့အပြင် ထီဆုကြီးတောင် ပေါက်လိုက်သေး..."     

      အားကျလို့ ပြောတဲ့စကားလား၊၀န်တိုလိုလို့ ပြောတဲ့စကားလားတော့မသိ။

     ဒီစကားတွေကို စစ'ကြားချိန်မှာတော့ လင်မယားနှစ်ယောက်စလုံး အပြုံးမပျက် နားထောင်နိုင်ခဲ့ပေမယ့် ပဲ့တင်ထပ်ပါများလာတော့ ကိုထူးရဲ့ စိတ်ထဲ တစ်မျိုးတစ်ဖုံ ဖြစ်လာရတယ်။

    အခုလည်း ကိုထူးတစ်ယောက်လယ်ခင်းထဲ ပေါင်းထိုးရင်း သတိရမိတဲ့ ရွာထဲက ပြောနေကြတဲ့ စကားရဲ့ အသွားအလာကို တစိမ့်စိမ့် တွေးနေမိတယ်။
    
     ပြောနေပုံတွေအရ အခု သူတို့မိသားစု စီးပွားရေးပြေလည်ပြီး ကံကောင်းနေတာက ညွ့န်စိန်ရဲ့ အတိတ်ဘ၀က လင်သားကြောင့်တဲ့...။

     လူတိုင်းက ဒါကိုပဲ အကြိမ်ကြိမ်ပြောပြီး ချီးမွမ်းခန်းတွေ အလီလီ ဖွင့်နေကြတာများ သူ့ကိုတောင် အားမနာကြ။

     စစချင်းမှာ သိုက်စောင့်ငညိုတို့ ရွှေဒင်္ဂါးတွေ ကူညီပေးခဲ့တာကတော့ ထားပါ။ အခုနောက်ပိုင်းမှာတော့ ငညိုတို့ဆိုတာက သူစိုက်ထားတဲ့ လယ်ခင်းတွေထဲ ညဘက်တွေမှသာ မီးလုံးပျံပြ၊ နှမ်းဖြူးရုံလောက်ရှိတာ။ 

     တကယ်တမ်း လက်တွေ့မှာကျ အိမ်ထောင့်တာ၀န်ကို သူကသာလျင် ပင်ပပင်ပန်းပန်းနဲ့ ဦးစီး၊ ဦးဆောင်ပြုနေခဲ့ ရသူ...။ 

     ထီထိုးရာမှာလည်း တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက် လားလားမှမပါဘဲ သူ့ဘာသာထိုးလာခဲ့တာ။ သူ့ အတိတ်ကံကြောင့်သာ ထီပေါက်တာ။ ငညိုတို့နဲ့ လုံး၀ မသက်ဆိုင်ပြီ။

     အခုတော့ အများတကာရဲ့ ချီးမွမ်းခန်းထဲမှာ ငညိုတို့ချည်းသာ။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းဆောင်ရည်က တစ်ခုမှ ပါမလာ။ 

     သေချာစဉ်းစားမိလေ  စကားရဲ့ အသွားအလာက သူ့သိက္ခာကို ထိပါးလေဖြစ်နေပြီလို့ ကိုထူး တစ်ထစ်ချ ယုံကြည်၊ ယူဆမိနေတယ်။
 
    သူ့မိန်းမ ညွန့်စိန်ဆိုတာကလည်း သူ့ဘက်ပါဖို့နေနေသာသာ ငညိုချီးမွမ်းခန်း စကားတွေအကြား ဂုဏ်ကြီးတယူယူ၊ မျက်နှာ တပြုံးပြုံးနဲ့...။

      " တောက်..." 

     ဒေါသထွက် ခံပြင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုထူးရဲ့ တောက်ခေါက်သံ။

     ဒီအသံရဲ့နောက်မှာ ယောက်ျားတစ်ယောက်ရဲ့ မာနတရားတွေက ကပ်လျက် လိုက်ပါလို့။

* * * * * *

      " ကိုထူး..."

      နေ့လည်ပိုင်း အလုပ်တစ်ဖြတ်နားချိန် ထမင်းအတူစားနေရင်း ညွန့်စိန်ခေါ်လိုက်တာ။ 

     " ဘာလဲ..."   

     ဖြေသံက ဘောက်ဆတ်ဆတ်။ ဒီလိုလေသံမျိုး တစ်ခါမှ မကြုံဖူးတော့ ညွန့်စိန်မှာ မရဲတရဲဖြစ်ရင်း စကားတို့က ထပ်မံထွက်ပေါ်မလာ။ 

     ကိုထူး ဒီရက်ပိုင်း တစ်မျိုးဖြစ်နေတာကို ညွန့်စိန် သတိတော့ ထားမိသား။ ဘာဖြစ်နေတယ်ဆိုတာကိုတော့  အမှတ်တမဲ့ဖြစ်ရင်း မမေးမိခဲ့ဘူး။

     အခု သူ့အခေါ်ကို ရုတ်တရက်ကြီး လေသံမာမာနဲ့ တုန့်ပြန်လာတော့ ဘာရယ်တော့မဟုတ်၊ မိန်းမသားပီပီ ရင်ထဲ ၀မ်းနည်း၊ ဆို့လှိုက် လာရတယ်။

     " ဘာလဲ...ဘာပြောမလို့လဲ..."

      ကိုထူးရဲ့ ခပ်တင်းတင်း အမေး။ ညွန့်စိန် ကိုထူးကို ပြန်ကြည့်ရင်း စိတ်ကိုတင်းလို့ စကားကို ဆက်လိုက်တယ်။

      " တို့လက်ထဲ ပိုက်ဆံရှိတုန်း ဟို...ဟို...ကိုညိုတို့ သားအဖအတွက် အလှူအတန်းလေးများ..."

      " ဘာကြ..."

     " ဝုန်း...ဂလွမ်း..."

     ညွန့်စိန် စကားမဆုံး။ ကိုထူးက ဒေါသတကြီး အော်ဟစ်ရင်း ရှေ့က ထမင်းစားပွဲကို ဆွဲလှန်ပစ်တာ။ ညွန့်စိန်ခမျာ လန့်ဖျပ်ရင်း ဘာလုပ်ရမယ်မသိ၊ ငုတ်တုတ်ကလေး။

     " ဘာ...ဘာဖြစ်လို့လဲ...ကို...ကိုထူး..."

     တုန်ယင်ရင်း ညွန့်စိန်မေးမိတာ။ ကိုထူးက ဒေါသတကြီးနဲ့ လက်သီးကို တင်းတင်းဆုပ်ထားရင်းက...။

     " ထွီ...ဘာဖြစ်လို့လဲ ဟုတ်လား။ တစ်ခါလာ...နင့်လင်၊ တစ်ခါလာ...နင့်လင်နဲ့၊ လူတိုင်းပြောနေတာ ကြာတော့ ငါ နားကြားပြင်းကပ်လာပြီ..."

     " မ...မဟုတ်ဘူးလေ ကိုထူး။ ညွန့်စိန်ပြောတာက...ဟို...က ကတိ..."

     " တော်စမ်းပါဟာ...။ ဒီမယ် ညွန့်စိန်။ နင့်ကို တကယ်တမ်း နွားတစ်ကောင်လို လုပ်ကျွေးနေတာက ဟော့ဒီက ကောင်ကြီးဟ။ ဟို...ဘာမဟုတ်တဲ့ သိုက်ကကောင်က နင့်ကို လုပ်ကျွေးနေတာ မဟုတ်ဘူး။ ဒါတွေ အားလုံးက ကံကြောင့်ဖြစ်လာတာဟ၊ ကံကြောင့်ဖြစ်လာတာ တောက်...ထွီ..."

      ညွန့်စိန် ကြောက်စိတ်၊ ၀မ်းနည်းစိတ်တို့ ရောယှက်ရင်း မျက်ရည်တို့က ဖြာခနဲ။   

      " ညွန့်စိန်...မှား...မှားပါတယ် ကိုထူးရယ်..."

      ရှိုက်သံစွက်ရင်း ညွန့်စိန် ပြောတာ။   

      ကိုထူးကတော့ ညွန့်စိန်စကားကို တုန့်ပြန်မလာ။

     တွေခနဲ တစ်ချက်စိုက်ကြည့်ပြီး ချာခနဲ လှည့်ထွက်သွားလို့...။  

* * * * * *

      " မယ်ရှင်...ရှင်မ..."

      သိုက်စောင့် ငညိုရဲ့ အသံ။ ညွန့်စိန် အသံကြားရာ နံဘေးဘက်ကို လှည့်ကြည့်မိတော့ ငညိုတို့သားအဖ မျက်နှာလေးတွေ အိုယွင်းလို့။ 

     ညွန့်စိန်ကတော့ အတိတ်ဘ၀က မိသားစုကို မြင်သော်ငြား ဘ၀ချင်းမတူပြီဆိုတဲ့ အသိကြောင့် ကျောက်ရုပ်ပမာရပ်နေမိတယ်။

      ငညိုက...။ 

      " ရှင်မ ပြုပေးတဲ့ ကုသိုလ်တွေကိုလည်း တို့သားအဖရကြပါတယ်။ သာဓုလည်း ခေါ်နိုင်ခဲ့ပါတယ်။ ကျေလည်းကျေနပ်ပါတယ်။ ရှင်မဘက်က တာ၀န်လည်း ကျေပါတယ်..."

      ညွန့်စိန် ဘာမှပြန်မပြောမိ။ သားအဖနှစ်ယောက်ကိုသာ တွေတွေကြီး ကြည့်နေမိတယ်။ 

     " ဒီနေ့ ရှင်မတို့ လင်မယားတွေ တို့သားအဖကြောင့် စကားများကြတာ ကိုတော့ အတော့်ကို စိတ်မကောင်းဖြစ်ရတယ်။ နောက်နောင်ဆို အခုလိုမျိုး  စကားမများကြပါနဲ့နော်။ တို့သားအဖကို သူ့ဘက်က ငြိုငြင်လာပြီဆိုတော့ တို့တတွေ ရှင်မဆီကို ထပ်မလာတော့ပါဘူး။ ရှင်မသာလျင် လူ့ဘ၀မှာ စိတ်ချမ်းသာအောင်နေပါ။ ပြီးတော့ စိတ်ရှိသရွေ့ ပျော်သလောက်သာ နေပါနော်..." 

      စကားဆုံးတာနဲ့ ငညိုတို့ သားအဖနှစ်ယောက်က ညွန့်စိန်ကို တစ်ချက်ငေးရီကြည့်ပြီး ကျောခိုင်းထွက်သွားကြတယ်။

     ညွန့်စိန် သူတို့သားအဖရဲ့ ကျောပြင်ကို ကြည့်ရင်းရင်ထဲမှာ လှိုက်ခနဲဆို့တက်လာရရင်း မျက်ရည်တို့က စီးကျလို့...။

     " ရှင်...ရှင်ညို...သား...သား...မောင်ဖုန်း..." 

      ခေါ်သံနဲ့အတူ ညွန့်စိန် လန့်နိုးလာရတယ်။ 

     ပြင်ပမှာလည်း မျက်ရည်စီးကြောင်းတို့က ခေါင်းအုံးလေးဆီမှာတောင်စွတ်စိုနေလေရဲ့...။

     သူ့နံဘေးက ခေါင်းအုံးလေးကတော့ တစ်ညတာ ဟာလာဟင်းလင်းဖြစ်လို့...။ 

    ၀မ်းနည်းစိတ်ကြောင့် မျက်ရည်က စီးဆင်းကျလာပြန်တယ်။

      ဒီမျက်ရည်တို့ကြားဆီကပဲ ညွန့်စိန် ဆုံးဖြတ်ချက်တစ်ခုကို မိလိုက်တယ်။ 

     အကယ်၍ မနက်ကျလို့ ကိုထူးပြန်လာခဲ့ရင် အိပ်မက်အကြောင်းကို ပြန်မပြောပြတော့ဘဲ ရေငုံနှုတ်ပိတ်နေလိုက်ဖို့ရယ်ပေါ့...။ 

* * * * * * 

     " ညွန့်စိန်...ရေ...ညွန့်...စိန်..." 

     မှေးခနဲအိပ်ပျော်မလိုရှိတုန်း အိမ်ရှေ့ဆီက အာလေးလျှာလေးနဲ့ ကိုထူးရဲ့ အသံ။ 

     ပြဿနာဖြစ်ပြီးနောက်ပိုင်း ကိုထူး ညတိုင်းနီးပါး အရက်မူးပြီးမှ အိမ်ကို ပြန်လာတတ်တယ်။ 

    အစကတော့ တစ်ရက်နှစ်ရက်လောက်ဆိုရင် တော်သွားမယ်ထင်ခဲ့ပေမယ့် ခုက ဆယ်ရက်မကတော့...။

     " ညွန့် စိန်ရေ...အချစ် ကလေး...မင်းရဲ့ လင်တော်...မောင်ကြီး ပြန်လာပြီ လေကွာ....လာကြိုချေ ဦး..." 

     ညရဲ့ တိတ်ဆိတ်မှုအကြား ကိုထူးရဲ့ အသံက ကျယ်ကျယ်လောင်လောင်။

      အရင်ရက်တွေကဆို မူးလာရင် အခုလိုမျိုး အော်ကြီးဟစ်ကျယ် ပြုတာမျိုး မရှိခဲ့ဘူး။ သူ့ဘာသာသူ ဘယ်လောက်မူးမူး၊ အိပ်ရာထဲကို မရောက်ရောက်အောင် သွားပြီး တရှူးရှူးနဲ့ ထိုးအိပ်သွားတတ်တာ။

      ဒီနေ့မှ ဘာဖြစ်တယ်မသိဘူး၊ အသံပြဲကြီးနဲ့ ခုနှစ်သံကို ချီနေတော့တာပဲ။ 

     " ဟင်း..." 

     ညွန့်စိန် ရှက်စိတ်ကြောင့် တစ်ကိုယ်လုံး ထူပူရင်း သက်ပြင်းချမိတာ။ 

     " ညွန့် စိန်...ဟာ ကွာ..."

     မဖြစ်တော့ပြီမို့ ညွန့်စိန် အိပ်ရာဆီက လူးလဲထ'လိုက်တယ်။

     လှေကားရင်းမှာတော့ အိမ်ပေါမတက်နိုင်တဲ့ ကိုထူး၊ ကုန်းကုန်းကွကွနဲ့။

     " ဘယ်လောက်တောင်များ သောက်လာတာလဲ ကိုထူးရယ်..."

      အနားထိုင်မိရင်း ညွန့်စိန် ညည်းမိတာ။

      " အာ...အ...ချစ် ကလေးက ငါ့ကိုတော့ ချစ် သားဘဲ..."  

      " တော်ပါတော့ ကိုထူးရယ်။ သူများတွေကြားရင် ရှက်စရာ..."

      " ဟ...ငါ့ မိန်းမ ငါ ချစ် တာ ဘယ်ကောင့်ကို ဂရု စိုက် ရမှာ လဲ..."  

      " ဟင်း...ပြောလေဆိုးလေပါလား ကိုထူးရယ်။ ကဲ...လာလာ...အိမ်ပေါ် မြန်မြန်တက်တော့..."

     ညွန့်စိန် ကိုထူးကို ခက်ခက်ခဲခဲ တွဲထူရင်း အိပ်ရာဆီ လှဲသိပ်လိုက်တယ်။ 

      ပြီးတော့ ဖရိုဖရဲဖြစ်နေတဲ့ ကိုထူးကို အ၀တ်အစားတွေပြန်၀တ်ပေးပြီး စောင်တစ်ထည်နဲ့ နွေးထွေးအောင် ခြုံပေးလိုက်ပြီး...။

      " တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပါလား ကိုထူးရယ်။ နောက်နေ့တော့ ဒီအရက်တွေကို သောက်မလာပါနဲ့တော့ တော်..."

     ညွန့်စိန်ရဲ့ တောင်းဆိုစကား။

    နို့ပေမယ့် ဒီစကားက တရှူးရှူးအိပ်မောကျပြီး ဟောက်သံသဲ့သဲ့ထွက်နေပြီဖြစ်တဲ့ ကိုထူးနားထဲဆီကို မရောက်နိုင်တော့ဘူး...။

* * * * * 

      " ဝေါ့...."

      မနက်စောစော ဆွမ်းထ'ချက်ရင်း  ရင်ဘတ်ထဲက ပျို့ တက်လာပြီး ထိုးအန်နေတာ။  

     ကိုထူးတစ်ယောက်ကတော့ အရက်ရှိန်ကြောင့်ထင်ရဲ့ အိပ်ရာထဲက ထမလာသေးဘူး။    

     နှစ်ကြိမ်လောက် အန်ပြီးတော့ ရင်ထဲက တလှပ်လှပ်နဲ့ ညွန့်စိန် တစ်ကိုယ်လုံး မလှုပ်နိုင်တော့အောင်ကို နုံးခွေသွားရတာမို့ နံဘေးက တံခါးဘောင်မှာ အသာမှီထိုင်လိုက်တယ်။

     " ဘာဖြစ်တာပါလိမ့်။ အအေးပတ်ရအောင်ကလည်း  မနေ့က ရေချိုးမလွန်ပါဘူး..." 

      ထိုင်နေရင်း အတွေးတို့က လှုပ်လှုပ်ခတ်ခတ်။ လက်နဲ့ ကိုယ့်နဖူးကိုယ် ပြန်စမ်းမိပြန်တယ်။

      " ကိုယ်လည်း မပူပါဘူး။ ဖျားတာလည်း မဟုတ်ဘူး။ ကိုယ်လက်လည်းသာတယ်။ ဒါဖြင့်...မဟုတ်မှလွဲရော...ငါ...ငါ..ဟိုဒင်း..."   

     ညွန့်စိန်တစ်ကိုယ်လုံး နွေးခနဲ။ အသိစိတ်ကြောင့် ပါးနှစ်ဖက်ဆီမှာလည်း ရှက်သွေးများလွမ်းလာရတယ်။ 

    ကိုထူးကို ပြောပြရမလားလို့ စဉ်းစားမိပေမယ့် မသေချာသေးဘဲ မပြောလို။ 

     " သေချာအောင်လို့၊ အမေဖွားဆီ သွားပြမှထင်တယ်..."  

     ညွန့်စိန် အိမ်ကို ဒီအတိုင်းပဲ ထားရစ်ပြီး ခပ်သုတ်သုတ်ခြေလှမ်းများနဲ့ ရွာအနောက်ပိုင်းကို...။  

* * * * * *

     " သေချာသလောက် မဟုတ်ဘူး။ သေကို သေချာနေတာ သမီးရဲ့..." 

     ရွာရဲ့ လက်သည် အမေဖွားက ညွန့်စိန်ကို စမ်းသပ်အပြီး ပြောတော့ ညွန့်စိန်ရှက်သွေးတွေ ဖြန်းရပြန်လို့။ ရှက်ပြုံးတွင်တွင် ပြုံးရင်း တုန့်ပြန်စကားတောင် မပြောနိုင်ဘူး။

    " ကဲ...သမီး၊ အခုကနေစပြီး ကိုယ်၀န်ကို ဂရုတစိုက်နဲ့သာ စောင့်ရှောက်ပေတော့။ ဒီကြားထဲမှာကော၊ မွေးဖို့ဖွားဖို့အတွက်ကော၊ စောင့်ရှောက်ပေးဖို့ကတော့ အမေဖွားကိုသာ အားကိုးလိုက်တော့။ အင်း...ငထူးတို့တော့ ၀မ်းသာနေတော့မှာ မြင်ယောင်သေး...ဟင်းဟင်း..."

     အမေဖွားက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အငွေ့တထောင်းထောင်း ဖွာရှိုက်ရင်းပြောတာ။

     " ကိုထူးကိုတော့ မပြောရသေးဘူး ဖွားရဲ့။ သူသိရင်တော့ ဘယ်လိုနေမယ်ရယ် မသိဘူး..."

     " အေးပါ...အေးပါ။ မယုံရင် သမီးသာ ပြောလိုက်ကြည့်။ ဒီကောင်ငထူးတို့ ခုန်ပေါက်နေမှာ မြင်ယောင်သေး..."

      အမေဖွားကို နှုတ်ဆက်ပြီး ညွန့်စိန်ပြန်ခဲ့တော့ အိမ်ရှေ့မှာ ကိုထူးတစ်ယောက် ငုန်တုပ်ထိုင်လို့။ အိပ်ရာက နိုးနိုးချင်း သူ့ကို မတွေ့လို့ရှာနေပုံပဲ။

     " ဘယ်သွားနေတာလဲ မိန်းမရယ်။ တစ်မနက်လုံး ပျောက်နေတာပဲ..."

     ကိုထူးက စိတ်စောလွန်ပြီးတော့ ညွန့်စိန်မျက်နှာက ပြုံးစိစိ။

     " ဘာဖြစ်လာတာလဲ...မျက်နှာက ပြုံးစိစိနဲ့..."

     နံဘေး၀င်ထိုင်လာတဲ့ ညွန့်စိန်ကို ကိုထူးက မေးတာ။ ညွန့်စိန် ချက်ချင်းကြီးပြန်မဖြေဖို့ ရှက်နေဆဲပဲ။

     " ဘာဖြစ်နေတာလဲလို့..."

     " ဟို...ဟိုလေ...က လေး..."

     " ဘာကလေးလဲ ညွန့်စိန်ရ..."

     ညွန့်စိန် သူ့ဗိုက်ကို လက်နဲ့ ကိုင်မိရင်း...။ 

     " ကလေးရှိနေပြီ..."

     " ဟာ...တကယ်..."

     ကိုထူးမျက်နှာက အံ့သြမှုအရိပ်အယောင်တွေနဲ့။ ပြီးတော့ ညွန့်စိန်လက်ကို ၀မ်းသာအားရ ဆုပ်ကိုင်လိုက်ပြီး...။

     " ၀မ်းသာလိုက်တာ ညွန့်စိန်ရာ။ ဟင်း...ဟင်း...ယောက်ျားလေးသာ မွေးလာလို့ကတော့..."

     ကိုထူးရဲ့ ကြုံးဝါးသံအကြားမှာ ညွန့်စိန်ရဲ့ ပီတိအပြုံးတွေ ရောစွက်သွားရတယ်။

* * * * * *  

      ကိုယ်၀န်ရပြီးနောက်ပိုင်း ကိုထူးအရက်မသောက်တော့ဘူး။ 

     ကလေးရဲ့ အနာဂါတ်အတွက်ဆိုပြီး အလုပ်တွေကြိုးစားနေလိုက်တာ။ ညွန့်စိန်ကိုလည်း ဂရုစိုက်လိုက်တာမှ လွန်ရော။ 

     ဒီအချိန်တွေက ညွန့်စိန်အတွက်တော့ စိတ်ချမ်းသာစရာ အခိုက်အတန့်တွေပါပဲ။ 

     နို့ပေမယ့်လည်း တစ်ခုသော ညချမ်းမှာတော့...။

     ကိုထူးရဲ့အဖေ လယ်ကျင်းထဲက အပြန်မှာ ပိုးထိခဲ့တယ်။ ကိုထူးခမျာ ဖခင်အတွက် အတော့်ကို ကြေကွဲခံစားခဲ့ရတာ။

     တကယ်တော့ အဲ့ဒီ့နေ့က ညဦးပိုင်း မိုးကောင်းချိန်မှာ၊ လယ်ထဲက လျှံနေတဲ့ရေတွေကို ဖောက်ချဖို့အတွက် ကိုထူး သွားဖို့ပြင်နေတုန်း၊ ဖခင်ဖြစ်သူက ရောက်လာပြီး သူ့ကို ဇနီးသည် ကိုယ်၀န်နဲ့မို့ မသွားစေခဲ့ဘဲ သူ့ကိုယ်စားသွားပေးခဲ့တာကနေ  ဖြစ်ခဲ့တာ။ ဒါကြောင့်ပဲ ကိုထူးတို့ ပိုခံစားရတာပေါ့။

     နောက်ဆက်တွဲအနေနဲ့ကတော့ ဒါကိုပဲ အကြောင်းပြုလာလို့ စိတ်ဖြေရာဆိုပြီး ကိုထူး အရက်တွေ ပြန်သောက်လာတော့တာပဲ။

      ဒီတစ်ကြိမ်မှာတော့ ညွန့်စိန်ဘယ်လိုပဲတားတား၊ ကိုထူး အရက်ကို ပစ်ပါယ်ဖို့ မရှိနိုင်တော့ပါဘူး။

     ကိုယ်၀န်လရင့်လာတာနဲ့အမျှ ကိုထူးက အလုပ်ပျက်၊ အကိုင်ပျက်တဲ့အထိ မူးမူးလာတော့ အိမ်ရဲ့စီးပွားလည်း တဖြေးဖြေးကျ၊ ညွန့်စိန်ခမျာလည်း စိတ်မချမ်းသာစရာ နေ့ရက်တွေက တစ်နေ့တစ်ခြား တိုးလို့လာနေရင်း...။

ဆက်ရန်။

                                     နောင်ရိုး( ဆေးတပ်)

Post a Comment

Previous Post Next Post

Comments