၀င်္ကဘာဘုရားသိုက် ( အပိုင်း ၄)

၀င်္ကဘာဘုရားသိုက် ( အပိုင်း ၄)
( ဖြစ်ရပ်မှန်အခြေပြု)
******


      " အမလေးတော်...နာလှချည်ရဲ့။ အမေရေ ကျုပ်ကို ကယ်ပါဦး..."    

      မီးနေခန်းအတွင်းဆီက ကလေးမွေးဖို့ ကြိုးစားနေတဲ့ ညွန့်စိန်ရဲ့ အော်သံ။ 

      " သမီးလေး...ဘာမှမပူနဲ့။ အမေဖွား တစ်ယောက်လုံးရှိတယ်။ အားတင်းထား...ညှစ်ထား..."

      လက်သည် အမေဖွားရဲ့ အားပေးသံ။  

      အခန်းပြင်ပမှာတော့ မိသားစု၀င်တွေအကြား ကိုထူးတစ်ယောက် ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ဂနာမငြိမ်။ စိတ်က ဆောက်တည်ရာမရပြီမို့ ခြေလှမ်းတို့က မရေမရာနဲ့ တောင်လျှောက်၊ မြောက်လျှောက်ရင်း။  

     " ဟူး..."

     ညွန့်စိန် အမြန်ဆုံး မွေးဖွားနိုင်ဖို့အတွက် စိတ်ဆောလျင်ရင်း ကိုထူးသက်ပြင်းကို ချမိတာ။ လှုပ်ခတ်နေတဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင်လုပ်ဖို့ ကိုထူး တစ်စုံတစ်ရာကိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

      မသိမသာ နောက်ဖေးခန်းဆီကို ကိုထူး၀င်သွားခဲ့ပြီး ဝှက်ထားတဲ့ အရက်ပုလင်းကိုယူလို့ တစ်ကျိုက်၊ ပြီးတော့ နောက်တကျိုက်...။

     " ဟူး...ကျွတ်..."

     အရက်က လည်ချောင်းကတစ်ဆင့် ၀မ်းထဲဆီကို ပူဆင်းစိမ့်၀င်သွားပါမှ စိတ်က တည်ငြိမ်သွားသလို။ 

     " အူဝဲ...အူဝဲ..."  

     ကလေးငယ် ငိုသံ။ ကိုထူးတစ်ကိုယ်လုံး တုန်ယင်သွားရတယ်။ အရက်ပုလင်းကို လက်ကချပြီး မီးနေခန်းဆီကို ခပ်သုတ်သုတ်နဲ့ သွားလိုက်ပြီး...။

     " အရီးလေး...အဆင်ပြေရဲ့လားဗျ..."

     စိုးရိမ်မကင်းနဲ့ မေးမိတဲ့ ကိုထူး။ အခန်းတွင်းဆီက...။

     " အို...အမေဖွား မွေးပေးတာပဲ၊ မပြေစရာဘာမှမရှိဘူး..."

     " ကျုပ်...၀င်ကြည့်လို့ရပြီလား။ ဒီမယ် ကျုပ် နေလို့မရတော့ဘူး..."  

      " နေစမ်းပါဦး ကလေးအဖေရဲ့။ ဒီမယ် တော့်မိန်းမ ကိစ္စကို ကျုပ်က ရှင်းပေးရဦးမယ်..."

      အမေဖွားရဲ့ အဖြေစကားက ကိုထူးကို တစ်မျိုးထင်သွားစေပြီး...။

     " ကျုပ်...ကျုပ် မိန်းမ ဘာဖြစ်လို့လဲ။ ကျုပ်စိတ်ပူလှပြီ။ ပြောချေစမ်းပါဗျာ..."

      ကိုထူးရဲ့ ရိုးအ'ပုံ၊ အမေဖွားရဲ့ ရယ်သံသဲ့သဲ့။ ဒီအခိုက် ညွန့်စိန်ဆီက ခပ်သဲ့သဲ့ အသံက...။

      " ကိုထူးရယ်...ကျုပ် အဆင်ပြေပါတယ်။ တော်သာ အပြင်ကနေ စိတ်ငြိမ်ငြိမ်နဲ့ တိတ်တိတ်နေစမ်းပါတော်..."

     ဇနီးသည်ရဲ့ အသံကို ကြားရပြီမို့ ညွန့်စိန်တစ်ယောက် မိန်းမမီးနေ'ဆိုတဲ့ တောင်ကို ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုထူးယုံကြည်ရပြီး စိတ်ကတည်ငြိမ်သွားရတယ်။ 

     ခဏကြာတော့ အမေဖွားအပြင်ထွက်လာပြီး ကိုထူးကို အခန်း၀ကနေ လက်ယပ်ခေါ်တယ်။ 

     ကန့်လန့်ကာကို မ'လို့ကြည့်လိုက်တော့ ညွန့်စိန်ရဲ့ ရင်ခွင်ကို မျက်နှာအပ်ရင်း နို့ချိုရည်တို့ သောက်စို့နေတဲ့ မွေးကင်းစ ကလေးငယ်။

      " ဘာလေးလဲ အရီးလေး..."

      " အခုမှ မေးရလား ငထူးရယ်။ နင်မမေးတာနဲ့ ငါလည်းမေ့နေရတယ်။ ယောက်ျားလေးဟဲ့...ယောက်ျားလေး..."

      သူလိုချင်တာနဲ့ ကွက်တိမို့ ကိုထူး ဘ၀င်ခိုက်သွားရတယ်။ 

     " ယောက်ျားလေး။ ဒီနေ့က တနင်္လာနေ့ဆိုတော့ နေ့တွေထဲမှာ ပထမဦးဆုံးနေ့။ ကျုပ်ကလည်း သားလေးကို သားဦးလေးအဖြစ် ဦးဦးဖျားဖျားရခဲ့တာဆိုတော့ သားလေးနာမည်ကို ထွန်းဦးလို့ ပေးချေမယ်ဗျာ..."

      " ဟဲ့...နေ့နံတွေ ဘာတွေမတွက်ချက်တော့ဘူးလား..."

      " အို...မလိုတော့ပါဘူးဗျာ။ ကျုပ်ပေးတဲ့ နာမည်က မကောင်းတာမှမပါဘဲ။ ထွန်းထွန်းပေါက်ပေါက်၊ ဦးဦးဖျားဖျား..."

      အပြုံးတွေ၀န်းရံလို့ ကိုထူးပြောတာ။

      ဒါကို ကြားမိတဲ့ မိသားစုတွေက ပြုံးကြတယ်။ 

      မီးနေခန်းထဲဆီက ညွန့်စိန်ကလည်း ကြားမိတော့ နွမ်းလျှနေတဲ့ကြားက ပီတိအပြုံးနဲ့...။

* * * * * *

     " အင်း...ဟင်း...ဟင်း..."

      ညသန်းခေါင်ကျော် အခန်းပြင်က ညည်းတွားသံ။

     တစ်ရေးနိုးချိန် သားဖြစ်သူကို နို့တိုက်ရင်း မှိန်းနေတဲ့ ညွန့်စိန်ကြားမိလိုက်တော့ အသွေးအသားနုနယ်သေးချိန်မို့ ခေါင်းတွေကြီးပြီး၊ ကြက်သီးတွေက တဖြန်းဖြန်းထလို့။

     " ကိုထူး...ကိုထူး..."

     အခန်းပြင်မှာ အိပ်တဲ့ ခင်ပွန်းသည်ကို အားတင်းပြီး ခေါ်တာပေမယ့် ကြောက်စိတ်ကြောင့် ညွန့်စိန်အသံတွေက သိသိသာသာ တုန်ယင်ရင်း...။

     " အင်း...ဟင်း...ကျွတ်..."

     ပြန်ဖြေသံ မကြားရဘဲ ညည်းသံကသာ ဆက်လက်ထွက်ပေါ်လာပြန်တယ်။ 

     " ကိုထူး...ကိုထူး...ထပါဦးတော်..."

      ညွန့်စိန် ထပ်နှိုးတော့မှ အခန်းပြင်အိပ်သူ ကိုထူးဆီက လူးလွန့်သံထွက်ပေါ်လာပြီး...။

     " အင်း...ညွန့်...ညွန့်စိန် ဘာဖြစ်လို့လဲ..." 

    " ကျုပ်...ကျုပ် ညည်းသံကြီး ကြားမိလို့..."

     ကိုထူး အသံ ခဏတိတ်သွားတယ်။ ပြီးပါမှ...တိုးလျတဲ့ အသံနဲ့...။

      " ညည်းသံက ငါ...ညည်းနေတာ ညွန့်စိန်။ သား...မွေးတဲ့ နေ့ကတည်းက ငါ...ငါ အရက်ဖြတ်ထားတာ။ အ...အခု ယင်းထပြီး နေမရအောင် ကိုက်ခဲနေလို့..."

      " ဟင်..."

      ညွန့်စိန် အံ့သြစိတ်နဲ့ ကျေနပ်စိတ်ပါ တစ်ပြိုင်ထဲ။ နို့ပေမယ့် ခဏတာပါ။ 

     အာရုံက ချက်ချင်းပဲ နာကျင်ခံစားရနေရတဲ့ ခင်ပွန်းသည်အပေါ် မရှုစိမ့်။ အားနာမိသလိုလို၊ စိတ်မကောင်းဖြစ်မိသလို၊ သနားမိသလိုလို ဖြစ်သွားရပြီး...။

      " ကိုထူးရယ်...ဖြစ်မှ ဖြစ်ရလေ။ တော့်ကို ဘယ်သူက အရက် ဖြတ်ခိုင်းလို့လဲတော့်။ အခု တော် ဖြစ်တော့ ကျုပ် ဘာလုပ်ပေးရမယ်မှန်း မသိဘူးရယ်..."

     " အခုနေ သောက်လိုက်ရင်တော့ ကောင်းသွားမှာဟ။ ဒါပေမယ့် ရပါတယ်ဟာ ငါ ဆက်တင်းထားပါ့မယ်..."

      " မဟုတ်တာ။ တော်ကြာ...တော်...မြောက်ပိုင်းက လေးစိန်လို အရက်ကြောင်ကြောင်သွားမှဖြင့်..."

      ရွာမြောက်ပိုင်းနေတဲ့ လေးစိန်ဆိုသူ အရက်မသောက်ရလို့ ရူးကြောင်သွားတာကို ညွန့်စိန်က ရည်ရွယ်ပြောလိုက်တာ။ 

      " အင်း...ငါ...ငါ မီးဖိုထဲမှာ ထားတဲ့ ပုလင်းတော့ရှိတယ်။ သွား...သောက်လိုက်မယ်နော်..."

      " အင်း..."

      ဆုံးဖြတ်ချက်က မှန်လား၊ မှားလား ချက်ချင်းဝေခွဲရခက်တာမို့ မချင့်မရဲနဲ့ ညွန့်စိန်ဖြေမိတာ။

     ပြီးကာမှ ဘာပဲဖြစ်ဖြစ် နောက်မှပဲ ဖြတ်ခိုင်းတာ ကောင်းပါတယ်ဆိုပြီး ချက်ချင်းပဲ စိတ်ကို ပိုင်းဖြတ်လိုက်မိရဲ့။

     အိပ်ရာက ထသွားတဲ့ ကိုထူးရဲ့ ခြေသံကို ကြားရတယ်။ ပြီးတော့ မီးဖိုထဲက အသံတချို့။ တအောင့်ကြာတော့ ကိုထူး အိမ်ပေါ်ပြန်တက်လာသံကြားရတယ်။ 

      " ငါ...အဆင်ပြေသွားပြီ ညွန့်စိန်..."

      " အင်း..."  

      လှဲအိပ်သံကြားရတယ်။ ပြီးတော့ မကြာလိုက်ဘူး။ ကိုထူးဆီက ဟောက်သံက အခန်းတွင်းဆီကို လွင့်ပျံလာတော့တာပဲ။

* * * * * * 

      " အရက်ကို ကြိုက်လို့ သောက်တဲ့သူ စိတ်ပျော်တတ်လို့ သောက်တဲ့သူ..." 

       ဗလုံးဗထွေးနဲ့ သီချင်းသံ။  

      အသံကို ကြားရုံနဲ့ ကိုထူး အရက်အတော်မူးလာပြီဆိုတာ ညွန့်စိန် သိလိုက်မိတယ်။ သိဆို ဒီဒဏ်တွေကို ခံစားလာရတာ ငါးနှစ်၀န်းကျင်တောင် ရှိခဲ့ပြီကိုး။

      ငါးနှစ်အတွင်းမှာ သိသိသာသာကိုပဲ အရက်ရဲ့ ကျေးကျွန်ဖြစ်လာတဲ့ကိုထူး။ ဘယ်သူမှပြောမရလို့ သူ့ဘက်ကိုယ့်ဘက် မိသားစုအသိုင်းအဝိုင်းတွေကတောင် လစ်လျှူရှုထားလိုက်ကြပြီ။ ဒီကြားထဲ စီးပွားရေးဆိုတာကလည်းကျ လယ်တချို့လည်း သူများလက်ဆီ ရောက်ခဲ့ရပြီ။

      " လုပ်လာပြီ၊ လူမှန်းသူမှန်းမသိအောင် မူးလာပြန်ပြီ ထင်ပါတယ်..." 

     ခပ်ညည်းညည်း ရေရွတ်လို့  အိပ်ပျော်သွားပြီဖြစ်တဲ့ ရင်ခွင်ပိုက်ပြီး သိပ်နေတဲ့ သားဖြစ်သူကို အသာထားရစ်ပြီး တံခါးကို တဒုန်းဒုန်းထုမလာခင် အသင့်ဖွင့်ထားလိုက်တယ်။

      ပြီးတော့ အိပ်ရာထဲပြန်၀င်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တာ။  

     " ညွန့်စိန်...သားလေး အိပ်ပြီလား..."  

     လှုပ်နှိုးပြီး မေးလာတော့ ညွန့်စိန် ပြန်မဖြေလို့မဖြစ်ပြီ။

     " အင်း..."

     " ငါ့ကို စိတ်ဆိုးနေတာလား..."

     " ကျုပ်...တော့်ကို စိတ်မဆိုးသာပါဘူး။ ကိုယ့်ဘ၀ကိုယ်ပဲ ဆိုးတယ်လို့ပဲ ယူဆမိနေတာ..."

      " မင်း...စကားကြီးကလည်းကွာ..."

      ညွန့်စိန် လှဲအိပ်နေရာက ထလိုက်တယ်။ ပြီးတော့...။

      " ဒီမယ်...ကိုထူး။ ကျုပ် တော့်ကို ယူခဲ့တယ်ဆိုတာ ရိုးရိုးအေးအေးနဲ့ အသောက်အစားကင်းလို့ ယူခဲ့တာ။ အခုလိုမျိုး အရက်သမားမယားဖြစ်ဖို့ ယူခဲ့တာ မဟုတ်ဘူး..." 

      ကိုထူးဆီက စကားသံ ထွက်မလာ။ 

      " အခုဆို တော် အရက်သောက်တတ်လာပြီးကတည်းက စီးပွားရေးဆိုတာလည်း ဘာမှန်းမသိတော့ဘူး။ အလုပ်ဆိုတာလည်း ဘာမှမလုပ်တော့ဘူး။ တစ်နေ့တစ်နေ့ သောက်စားဖို့ပဲ လုပ်နေတော့။ ဒီပုံစံမျိုးနဲ့သာဆို ကြာရင် ကျုပ်တို့သားအမိ ငတ်သေဖို့ပဲရှိတော့မယ်..."

      ဟုတ်တော့လည်း ဟုတ်သား။ အခုဆို စားဖို့သောက်ဖို့ကအစ အလုံးစုံသော ဝေယျာ၀စ္စတွေက ညွန့်စိန်ခေါင်းပေါ်မှာ။  

      ကိုထူးကတော့ နေကုန်နေခမ်း အသောက်ဖက်ကိုသာ အားပြုနေတတ်ပြီး အလုပ်လုပ်ဖို့ဆိုတာ အာရုံမရှိတော့။ ဒီတော့ စီးပွားရေး၊ နေရေးထိုင်ရေး၊ အရာအားလုံးက သိသိသာသာကြီးကို ပျက်ပြား နိမ့်ဆင်းလာရတာ။ 

      " ငါမှ အရက်မဖြတ်နိုင်တာဟာ။ ဒါကို နင်အသိပဲလေ..."

      ကိုထူးဆီက ခပ်လေးလေးပြောလာတဲ့ ယတိပြတ်စကား။

      " ဟုတ်ပါတယ်။ ကျုပ်ကိုက မှားတာ။ အစောကတည်းက တော်အရက်ဖြတ်နေချိန် ကျုပ်စိတ်မနိုင်လို့ ပြန်သောက်ခိုင်းမိတာကိုက မှားတာ။ ဒီမယ် ကိုထူး။ တော် မွေးထားတာ သားလေးဆိုတာလည်း မမေ့နဲ့ဦး။ အခုသားလေး ငါးနှစ်ပြည့်ပြီ။ နောက် မကြာခင် သင်္ကန်းစည်းပေးလာရတော့မယ်။ ဒီအတွက် တော် ဘာတွေများစီစဉ်ထားသလဲ..."

       ကိုထူး ပြန်မဖြေ။

      " တော့်...ဆီမှာ သားနဲ့ ပက်သက်ပြီး ဘာမှ စီစဉ်ထားတာမရှိဘူးဆိုတာ ကျုပ်သိပါတယ်။ ဒီမယ် ကိုထူး...သားအတွက် တော် ဘာမှမလုပ်ပေးချင်လည်းဖြစ်တယ်။ သားအတွက်ကို ကျုပ်ဘာသာကျုပ် ရအောင်ကြိုးစားမယ်..."

      ညွန့်စိန်ရဲ့ ၀မ်းနည်းဒေါသ စကား။ 

      ဒီစကားမှာ မိခင်တစ်ယောက်ရဲ့ ပြတ်သားတဲ့ မာန်မာနတွေ၊ ခွန်အားတွေပါနေတယ်။   

     အဲ့ဒီစကားအဆုံး ကိုထူးဆီကတော့ တုန့်ပြန်ပြောလာမယ့် စကားထက် ဟောက်သံကြမ်းရှရှကသာ တိုးလွင့်ထွက်ပေါ်လာနေတော့တာ။  

      ညွန့်စိန်မှာတော့ အိပ်မောကျနေပြီဖြစ်တဲ့ သားဖြစ်သူရဲ့ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ၀မ်းနည်းပက်လက်နဲ့ ငိုရှိုက်နေမိတော့တယ်။

       ဒါက သည်းခံနိုင်မှု အတိုင်းအတာကျော်လွန်သွားခဲ့ရတဲ့ ညတစ်ညဆီက အိမ်ထောင်ရေး အက်ကြောင်းတစ်ခု စတင်ခြင်းဖြစ်ခဲ့လေရဲ့...။ 

* * * * * *  

       " ဟောဒီဘက်က စျေးသည်...အသားငါး အစုံနဲ့ ဟင်းသီးဟင်းရွက်တွေပါတယ်နော်..."  

      ညွန့်စိန်ရဲ့ ခေါင်းထက်ဆီကို ကုန်စိမ်းစျေးဗန်း တစ်ခုက နေရာယူခဲ့ပါပြီ။ ဘ၀ရဲ့ လောကဒဏ်ကို ညွန့်စိန်တစ်ယောက် ခါးစည်းပြီးခံနေရပြီ။

     နို့ပေမယ့် သားဖြစ်သူကို အလှူကြီးအတန်းကြီးပေးပြီး သင်္ကန်းစည်းပေးနိုင်ဖို့ဆိုတဲ့ အသိကြောင့် ဘယ်လောက်ပဲ ပင်ပန်းပါစေ သူ့မျက်နှာ အပြုံးမပျက်။

     အစကတော့ သူ စျေးရောင်းတာကို ကိုထူးက လစ်လျှူရှုပြီး မသိသယောင်။ တစ်နှစ်နီးနီးရှိချိန်မှာတော့  သူ့စိတ်မှာ အလိမ္မာတရားတို့ ကိန်းအောင်းလာတာလားမသိ။

     ညွန့်စိန်ပင်ပန်းတာကို မကြည့်ရက်ဟု ဆိုလာချေပြီ။

     " ညွန့်စိန်...နင်စျေးမရောင်းပါနဲ့တော့ဟာ။ ငါ...နင့်ကို အရင်လိုပဲ ကောင်းကောင်းမွန်မွန် လုပ်ကျွေးပါ့မယ်။ နင်...ရည်ရွယ်ထားသလို သားလေးကိုလည်း သင်္ကန်းစည်းပေးနိုင်အောင် ငါကြိုးစားပါ့မယ်ဟာ..."  

     ညွန့်စိန်ကတော့ ရှေ့ရှေ့က သာဓကများနဲ့ နှိုင်းယှဉ်ပြီး ယုံရခက်ခက်။ 

     နို့ပေမယ့် ကိုထူးက သူ့စကားအတိုင်း ကျန်ရှိနေသေးတဲ့ လယ်ခင်းဆီကို ပြန်၀င်ခဲ့တယ်။ ပြီးတော့ အရက်ကိုလည်း တဖြေးဖြေးဖြတ်နိုင်အောင် သူကြိုးစားတယ်။

    လုပ်ငန်းခွင်ပြန်၀င်ချိန် ကိုထူးရဲ့ ခန္ဓာကိုယ်က နှစ်ကာလတိုအတွင်း မတန်တဆသောက်ခဲ့တဲ့ အရက်ကြောင့် အရင်လို မာမာချာချာမလုပ်နိုင်တော့မယ့် သားဖြစ်သူအတွက် မာန်တင်းပြီး သူလည်းကြိုးစားရှာသား။  

      ညွန့်စိန်ရော ကိုထူးပါ လင်မယားနှစ်ယောက်စလုံး ရည်ရွယ်ချက်က တူညီနေခဲ့ပြီ။ ရည်ရွယ်ချက်နောက်ကို လင်သားကိုယ်၌က ပါ၀င်လာတော့ ညွန့်စိန် အားရှိချက်ပါပဲ။

     ဒီတစ်ကြိမ်တော့ သူတို့မိသားစုလေး အရင်လိုအခြေအနေဆီကို ပြန်ထူထောင်နိုင်ရမယ်လို့တောင် နှစ်ယောက်သား ယုံကြည်ချက်တွေပြင်းပြနေခဲ့ကြတာ။ 

     ဒါပေမယ့် ခက်တာက ကံကြမ္မာ။  

     လယ်ယာလုပ်ငန်းခွင် တစ်ရာသီတောင်မပြီးဆုံးသေးဘူး။ စပါးတွေရင့်မှည့်ရုံရှိသေးချိန်။

     လယ်တွေဆိုမှာ စပါးလိုက်ခိုးရိတ်တဲ့ သူခိုးရန်က ကြောက်လို့ ကိုထူးလယ်ခင်းထဲ အစောင့်သွားနေရင်း လေဖြတ်ရလေရဲ့။

     ညွန့်စိန် ကြိုးစားပမ်းစား စျေးရောင်းရင်းစုဆောင်းထားသမျှက ကိုထူးရဲ့ ဆေးဖိုးဝါးခဖြစ်ကုန်ရပြီ။ 

      တစ်ကြိမ်လဲ တစ်ကြိမ်ပြန်ထဆိုပြီး ညွန့်စိန်ပြန်ထဖို့ စိတ်တင်းကြည့်ပေမယ့် ဒီတစ်ကြိမ်လဲကျခြင်းက အတော့်ကို အကျနာခဲ့ရတာ။  

     စိတ်ခွန်အားတွေ ယုတ်လျော့နေတဲ့အချိန်မှာ ကိုထူးကို အမြန်နေကောင်းပါစေလို့သာ ညွန့်စိန် ဆုတောင်းနေမိတော့တယ်။

    ကိုထူးကလည်း နောင်တစကားတော့ ဆိုရှာသား။ 

    " ညွန့်စိန်ရယ်...ငါ အကြီးအကျယ်ကို နောင်တရပါတယ်ဟာ။ ဒီကနေ နေပြန်ကောင်းလာရင်တော့ နင်တို့သားအမိအတွက် ငါတကယ်ကို ကြိုးစားမှာပါ..."

     ဘာပဲဖြစ်ဖြစ် လူတိုင်းအတွက် နောင်တဆိုတာ နောင်မှရကြစမြဲမို့ အခုအချိန်မှာတော့ ညွန့်စိန် ကိုထူးကို အပြစ်မမြင်သာတော့ဘူး။ အမြန်ဆုံးသက်သာကောင်းမွန်လာဖို့ကိုပဲ ရှေးရှုမိတော့တယ်။

     လယ်ကထွက်တဲ့ စပါးတို့ဆိုတာဟာလည်း ကိုထူးရဲ့ ဆေးကုစရိတ်ထဲကိုသာ စိမ့်၀င်သွားတော့တာ။ 

* * * * * * *

      " မယ်ရှင်...မယ်ရှင်..."

      နှစ်အတော်ကြာ မကြားရတာကြာနေပြီဖြစ်တဲ့ ခေါ်သံ။

      ညွန့်စိန် ကြည့်မိတော့ အတိတ်ဘ၀က သူ့ခင်ပွန်း သိုက်စောင်ငညိုတစ်ယောက်ထဲ သူ့ရှိရာကို လှမ်းလာနေတာ။

      " မယ်ရှင်...ရှင်မ ဒုက္ခရောက်နေတာသိလို့ မောင်ကြီးလာတွေ့တာ။ ဟော့ဒီ့မယ် ရှင်မအတွက် အသုံးပြုနိုင်အောင်..."

      ငညိုရဲ့ လက်ထဲမှာ ရွှေဒင်္ဂါးသုံးပြား။ 

      ပထမတော့ ညွန့်စိန်လှမ်းယူဖို့ လက်ပြင်လိုက်မိသေးတယ်။ နောက်တော့ လက်ကိုအသာပြန်ရုတ်လိုက်မိရဲ့။ 

     " မယူတော့ပါဘူး၊ ညွန့်စိန်အတွက်နဲ့ ဒီကတို့သားအဖ သက်သက်ဒုက္ခမရှာပါနဲ့..."

      ငညိုရဲ့ မျက်နှာတစ်ချက်ပျက်သွားရတယ်။ 

      " ယူလိုက်ပါ ရှင်မရယ်။ ဒါတွေက ဘုရားပစ္စည်းနဲ့ မဆိုင်ပါဘူး။ တို့စုဆောင်းထားတဲ့ဆီကနေ ထုတ်ပေးတာ။ ရှင်မပဲ သားလေးမောင်ထွန်းဦးကို စင်္ကန်းစည်းပေးချင်သေးတယ်ဆို..."

     ညွန့်စိန် တုန့်ပြန်စကားဆိုဖို့ ခက်သွားရတယ်။ 

     " လိုအပ်ရာကို သုံးဖို့ ယူလိုက်ပါ ရှင်မရယ်။ ရော့...ရော့..."

      လက်ထဲကို အတင်းထည့်ပေးပြီး ကျောခိုင်း လှည့်ထွက်ဖို့ ဟန်ပြင်တဲ့ ငညို။ 

      " သာလေး မောင်ဖုန်းရောဟင်..."

      ငညို ခြေလှမ်းက တုန့်ခနဲ။ 

      " သား...မောင်ဖုန်းကို ပြောပေးပါ။ ဒီဘက်က ရှင်ပြုအလှူပြီးရင် ကျုပ်ပြန်လာတော့မယ်လို့..."

     ငညို့ မျက်နှာက ၀င်းခနဲ။ ပြီးတော့ ၀မ်းသာတဲ့ အပြုံးနဲ့။

     " အင်းပါ...မောင်ကြီး ဆက်ဆက် ပြောလိုက်ပါ့မယ်။ ရှင်မသာ သားလေးမောင်ထွန်းဦးအတွက် အလှူကို စိတ်နှစ်ပြီး လုပ်တောင်ပါတော့..."

     ညွန့်စိန် ခေါင်းညိတ်မိလျက်သား။ ငညိုက ပြုံးရင်း စိုက်ကြည့်နေရာက တစ်စုံတစ်ရာကို သတိရမိသွားတဲ့ ဟန်နဲ့...။

     " ဪ...မယ်ရှင်။ အလှူကျရင်တော့ မောင်ကြီးတို့သားအဖ လာခဲ့ပါရစေနော်..."

     ညွန့်စိန် ပြုံးရင်း ခေါင်းညိတ်လိုက်မိတယ်။

     ငညိုလှည့်ထွက်သွားလေတော့ သူ့ပါးပြင်ထက်ဆီကို မျက်ရည်စ'တချို့ လိမ့်ဆင်းကျလာခဲ့တော့တာ။ 

* * * * * * *

      လက်ထဲဆီမှာ သိုက်စောင့်ငညို ပေးခဲ့တဲ့ ဒင်္ဂါးပြားသုံးခုကို ကိုင်ရင်း ညွန့်စိန် အတွေးတွေ နက်နေမိတယ်။ 

     ရင်ခွင်ဆီက လူမမယ် သားဖြစ်သူကို ကြည့်မိတယ်။ သားကို သူမခွဲနိုင်။ အိပ်မက်ထဲမှာ ပြောခဲ့တဲ့စကားတွေက လတ်တလောစိတ်ညစ်ညူးမှုနဲ့အတူ သားဖြစ်သူအတွက် သူ့စိတ်သူ တွန်းအားပေးတဲ့အနေနဲ့ ပြောခဲ့မိတာ။ အခုတော့ ဒီစကားက ကတိစကားတစ်ခွန်းဖြစ်သွားလောက်ပြီ။

      တွေးရင်း ရင်ထဲက ခံစားနေရတဲ့ ဝေဒနာက ပိုပိုပြီး တင်းကျပ်လာသလိုပါပဲ။  

      " သားရယ်...အမေသားကို မခွဲနိုင်ဘူးကွယ်..."    

      ညွန့်စိန် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်။ 

     သားဖြစ်သူရဲ့ နဖူးကို အနမ်းဖွဖွပေးပြီး အိပ်ရာက အသာထလို့ အိမ်တစ်နေရာဆီကို သွားပြီး လက်ထဲက ကျစ်နေအောင် ဆုပ်ကိုင်ထားတဲ့ ရွှေဒင်္ဂါးတွေကို ဖွက်ထားလိုက်တော့တာ။

ဆက်ရန်။

                                     နောင်ရိုး( ဆေးတပ်)

Post a Comment

Previous Post Next Post

Comments