ကြမ်းသောသူ နုသည့်အခါ // ပီမိုးနင်း
(ဗန္ဓုလမဂ္ဂဇင်း၊ အတွဲ ၉အမှတ် ၁၄၊ နိုဝင်ဘာ၊ ၁၉၂၈)
---
“အမေဒီမှာ ဒီကောင်ကိုကျွန်မတွေ့ရင် တွေ့တဲ့နေရာမှာ လည်ပင်းနင်းပြီး အာဖဲ့မယ်၊ သင်း ငါ့မောင်ကလေးကို စော်ကားတဲ့အကောင်၊ အုတ်ကြားမြက်ပေါက်၊ ပက်လက်မျောအညာသား၊ သင်းလိုလူက ကျွန်မ မောင်ကို စော်ကားတာ ကျွန်မ မခံနိုင်ဘူး”
“သည်းညည်းခံပါ အေ၊ ညည်းမောင်မှန်း မသိလို့ ထင်ပါရဲ့၊ ညည်းမောင်ကလည်း မိုက်တီးမိုက်တိုက်နဲ့ကလား သမီးရယ်”
“ကျွန်မမောင် မိုက်တာကိုကျွန်မ သိတယ်၊ မိုက်လို့ ရူးလို့ ကျွန်မ ချစ်တာ၊ အမေ ခံနိုင်ရင်ခံ၊ ကျွန်မ မခံဘူး၊ အမေက ဒီအညာသား ပက်လက်မျောကို အမေ့လင်လို့ မှတ်သလား၊ အမေ့လင် စော်ကားတာကို အမေသာ ခံနိုင်မယ်၊ ကျွန်မ မခံ နိုင်ပါဘူး”
ဟု အောက်သိုးသိုးမျက်နှာနှင့် ဆောင့်ကြောင့်ကြီး ထိုင်ကာ အပျိုကြီးမနီသည် ဆေးပေါ့လိပ်ကြီးကို ဖွာ၍နေသည်။
မနီသည် ခန့်ညားထွားကျိုင်း၊ လှပဖြူစင်သော မိန်းမ ဖြစ်၏။ နှုတ်လျှာအာကြမ်းသဖြင့် အသက်(၂ဝ)ကျော်သော်လည်း ကြိုက်ဝံ့သူမပေါ်ချေ။ သို့ပင်ကြမ်းတမ်း၍ ပိုက်ဆံဂုဏ်မောက်ကာ မာန်မာနကြီးသော်လည်း မိမိ၏မောင်ကလေး ခွေးညိုကိုမူကား အသည်းစွဲ ချစ်၏။
သို့ဖြစ်သောကြောင့် အိမ်တအိမ်၌ လာရောက် ၍ ခိုကပ်၍နေရသူ ပေါကြွယ်က အငြိမ့်ပွဲတွင် ခွေးညိုကို သျှောင်ဆွဲပြီး နှာခေါင်းက သွေးထွက်အောင် ဒူးနှင့်တိုက်လိုက်လေ၏။
ခွေးညိုမှာ မိခင်မုဆိုးမနှင့် အစ်မကြီး အလိုလိုက်၍ ထားသဖြင့် လည်းကောင်း၊ မိခင်မှာ ငွေကြေးအတော်ရှိသဖြင့် လည်းကောင်း မိမိ၏ အစ်မဖြစ်သူ အာပေါင်ကြမ်းမကြီးကို အားကိုးသဖြင့်တကြောင်း အရပ်ထဲ၌ မော်မော်မောက်မောက် လုပ်တတ်သူ ဖြစ်လေရာ နဂိုကပင် စိတ်နေကြွတ်ဆတ်သူ အညာ သား ပေါကြွယ်သည် ၄င်းကို အမြင်ကတ်၍ နေခဲ့သည်မှာ အတော်ကြာခဲ့လေ၏။ သို့သော်လည်း ခွေးညို၏ အစ်မသည် အလွန်တရာ အပေါက်ဆိုးသော မိန်းမဖြစ်သည်ကို မဆိုထားဘိ၊ မည်သူမည်ဝါ ဖြစ်သည်ကိုမှ မသိချေ။
သို့ဖြစ်သောကြောင့် ခွေးညိုကို မုန်းသောသူများသည် ပေါကြွယ်ကို အားပေးကြသောကြောင့် ပွဲကြည့်ရာတွင် အစွမ်းကို ပြလိုက်မိလေ၏။
ထိုနောက် တမြို့လုံး အုတ်အုတ်ကြွက်ကြွက် ဖြစ်လေ ၏။ ပေါကြွယ်ကို တွေ့သောနေရာမှာ ပေါင်နှစ်ချောင်းဖြဲပြီး အကောင်လိုက်စားလိုက်မည်ဟု ဥက္ကောဋေးယျ ဖြစ်၍နေလေ၏။
ထိုအခါ ပေါကြွယ်သည် တစိမ့်စိမ့် ကြောက်၍လာလေ၏။ မိမိမှာ တကောင်ကြွက် တမျက်နှာ အကြောင်းရှိလျှင် ဖေးမဲ့၊ မမဲ့သူမရှိသည်ကို တွေးမိ၏။ ခွေးညိုမှာ ကြောက်မက်ဖွယ်ကောင်း လှသော အစ်မ မနီအပြင် ဆွေမျိုးညာတိ အသိုက်အအုံမှာလည်း မျက်လုံးကိုထုတ်လျှင် တပုတ်ပြည့်လောက်သည်ကို သိ၏။ မိလျှင် နှိပ်စက်ခြင်း အမျိုးမျိုးကိုလည်း ခံရပေမည်။ ဂါတ်တဲ၌ ထောင်းထုခြင်းကိုလည်း ခံရပေမည်။ ထောင်ကိုလည်း အချခံရပေမည် ဟူသော အကြောင်းတို့ကို တွေးလေတွေးလေ ကြောက်ရွံ့ကာ ခိုကပ်၍နေသော အိမ်မှထွက်ခွာပြီး ရွာတရွာသို့ ရှောင်ရှားပြီး အိမ်တအိမ်၌ စာရင်းငှား လုပ်၍နေလေ၏။
နောက်တလလောက် ကြာသောအခါ ၄င်းရွာ၌ ပေါကြွယ်မှာ ချစ်သူခင်သူများ၍ နေလေ၏။ သို့ချစ်ခင်သူ ပေါများခြင်းမှာ တေးအဆိုကောင်းခြင်းကြောင့် ဖြစ်လေ၏။
တနေ့သ၌ ၄င်းရွာတွင် နားထွင်းပွဲဖြစ်လေရာ မြို့မှ အသိမိတ်ဆွေတို့သည် ၄င်းနွားထွင်းပွဲသို့ လာရောက်ကြရာတွင် မနီသည် လိုက်ပါ၍လာလေ၏။
အကြောင်းအားလျော်စွာ ထိုရွာတွင် ပေါကြွယ်ရှိကြောင်းကို လမ်း၌ ကြားသိရသဖြင့် ဒေါထကာ “အညာသားကို ယနေ့တော့ ငါတွေ့တော့မှာပဲတွေ့ရင် လူထဲမှာ ဖိနပ်နဲ့ သွားထွက်အောင် ရိုက်ပြီးမှ သူကြီးအိမ်ကို ပို့မယ်၊ ငွေများရင် တရားနိုင်တမ်းပဲ၊ သင်းကို ခြောက်လထက်မနည်း ထောင်ဒဏ်အပြစ်ရအောင် လုပ်မယ်၊ ငါ့ကို ဘယ်လို မိန်းမမှတ်သလဲ” စသည်ဖြင့် ကြုံးဝါး၍ လာလေသည်။ လှည်းကို အမြန်အမောင်းခိုင်း၏။ “နားထွင်းပွဲကို မရောက်ချင်နေပေစေ။ သင်းကို ချမ်းသာမပေးဘူး” စသည်ဖြင့် မာန်ဖီ၍ သွားလေ၏။
ရွာသို့ရောက်သွားသောအခါ ရည်းစားကိုမျှော်သလို လူစုစု ရှိသမျှနေရာ၌ ပေါကြွယ်ကို ကြည့်၏။ သို့သော်လည်း ပေါကြွယ်ကို မမြင်ရချေ။ အကြောင်းမူကား မနီလာကြောင်းကို ပေါကြွယ် သိသဖြင့် ရှောင်ရှားကာ အိမ်တအိမ်၌ အိပ်၍နေ၏။
ပေါကြွယ်သည် တထိတ်ထိတ်နေလေ၏။ ရွာကလေးက ငယ်ငယ်မို့ “ ဒီဘီလူးမကြီးဟာ ငါ့ကို တွေ့အောင်ရှာနိုင်မှာပဲ၊ ငါ ဒီနေရာမှာ နေတာကိုသိရင် ထမီကို စွန်တောင်ဆွဲတက်လာပြီး ငါ့ကို ဇိကုတ်ပြီး လမ်းမကိုထုတ်ကာ လေးကွက်သိုင်းနင်းကာ မယားကို လင်ဆိုးရိုက်သလို ရိုက်နှက်ချေက တကောင်ကြွက် အညာသား ငါ့မှာ အရှက်တကွဲဖြစ်ဖို့သာ ရှိတော့တာပဲ ” စသည် ဖြင့် တွေးလေတွေးလေ ကြောက်ချွေးတွေထွက်လျက် ခြင်ထောင် ထဲတွင် ပု၍နေ၏။
ခြေသံကြားတိုင်း ခေါင်းနပန်းကြီး၍လာလေ၏။ ကြွက် ကလေးပြေးသည်ကိုပင် ထိတ်လန့်၏။
ထိုကဲ့သို့နေခိုက်တွင် ကြမ်းပေါ်၌နင်း၍လာသော ခြေသံ များကို ကြားရလေ၏။ ပေါကြွယ်မှာ အသက်တခြား ကိုယ်တခြားဖြစ်၍ နေလေသတည်း။
ခြေသံများသည် အိမ်အတွင်းသို့ရောက်၍ လာကြ၏။ ပေါကြွယ်သည် စောင်ကို ခေါင်းမြီးခြုံကာ ပု၍နေလေ၏။ မကြာမီ ခြင်ထောင်ကို လာ၍မလိုက်သောအခါ “အံမယ်လေး ... ခင်ဗျာ” ဟု ထိတ်လန့်ကာ အော်ပြီး ထလေ၏။
“ဘာလဲ သူငယ်ချင်းရဲ့၊ မနီလား”
“ဘယ်က မနီရမလဲ၊ မင်း ဘာဖြစ်နေတာလဲ၊ လာ”
“အံမယ်လေး၊ ငါ မရှိဘူးလို့ ပြောလိုက်ပါ သူငယ်ချင်းရဲ့၊ တောင်ဘက်ရွာကို ပြေးပြီလို့သာ ပြောလိုက်ပါတော့”
“ဘာပြုလို့လဲ၊ ဘယ်က မနီလဲ၊ မင်း ဘာပြုလို့ ပြေးရမှာလဲ၊ ရူးနေသလား၊ လာ၊ မင်းကို လိုက်ရှာရတာ ကြာလှပြီ၊ အချိန်ကပ်နေပြီ၊ စောင်းဆရာလည်း ရောက်ပြီ၊ မင်းကို စောင့်နေတယ်”
“အံမယ်လေး၊ မလုပ်ပါနဲ့ သူငယ်ချင်းရဲ့၊ မနီရယ်၊ မနီ ရှိတယ်၊ ငါ မလာဝံ့ဘူး”
“မနီရှိ ဘာဖြစ်သလဲအံမယ်၊ ကြောက်ကြောက်လန့်လန့် ကွယ်၊ မင်းကို ဘယ်သူမှ လက်ဖျားနဲ့ မတို့ရဘူး၊ တို့ရှေ့က အသေခံမယ်၊ လာ”
ဟု ပြောကာ သူငယ်ချင်းဖြစ်သူက အတင်း ဆွဲ၍ ခေါ်လေရာ လမ်းမ၌ အခြားသူငယ်ချင်းများ စောင့်၍နေကြ လေ၏။
မကြာမီ ပေါကြွယ်ကို အိမ်တအိမ်သို့ ခေါ်သွားကြပြီး အဝတ်များကို လဲပြီး ဖြီးလိမ်းသုတ်သင်၊ လှအောင်ဆင်၍ ပေးကြလေရာ မင်းသားရုပ်ကလေးဖြစ်၍လာလေ၏။ ပေါကြွယ် သည် မိမိကိုယ်ကို မှန်ထဲ၌ ကြည့်လိုက်သောအခါ မမှတ်မိအောင် ဖြစ်လေ၏။
ထိုနောက် ကာလသားအဖော် နောက်ပါတို့နှင့် နားသပွဲသို့ သွားကြလေ၏။
ပရိသတ်လူပေါင်း တထောင်နီးနီးတို့သည် ပေါကြွယ်ကို လည်ပင်းတရှည်ရှည်နှင့်မျှော်၍နေကြလေ၏။ ပေါကြွယ်ရောက်၍ လာသောအခါ တရုတ်ရုတ် ဖြစ်ကြ၏။ “တယ်ချောပါကလား၊ တယ်လှပါကလား၊ မင်းသားကလေးပါကလား” စသည်ဖြင့် ချီးမွမ်းကြ၏။ အများလမ်းဖယ်၍ ပေးကြ၏။ ပေါကြွယ်သည် ပရိသတ်အလယ် စောင်းဆရာကြီး၏အနီးသို့ ရောက်သွားလေ၏။
ရှေ့သို့ ပွဲရန်များရောက်၍လာရာ အဖော်များနှင့် စား သောက်ပြီးကြလေရာ တေးဆိုရန် ပြင်ကြလေ၏။ စောင်းဆရာ ကြီးသည် စောင်းကိုညှိလေ၏။ ပေါကြွယ်သည် စည်းကိုကပ် လေ၏။ မနီသည် ပေါကြွယ်ကို စိုက်ကာကြည့်လျက် အပါးရှိ မိန်းမကြီးအား “ဘယ်ကလဲ” ဟုမေးရာ မြို့က ဒီရွာလာနေသော မောင်ပေါကြွယ်ဖြစ်ကြောင်း ပြောလေ၏။
မနီ၏မျက်နှာသည် ခြယ်၍ထားသော တို့ပတ်၊ ပေါင်ဒါ တို့ကိုဖြဲပြီး ဘီလူးရုပ်ကို ပြလေ၏။ မျက်လုံးများသည် မီးရောင် တောက်၍လာ၏။ အသက်ပြင်းစွာ ရှူ၏။ ဒီအညာသားကို “ငါ ခုချက်ချင်း ဘယ်လိုလုပ်ရပါ့မလဲ”ဟု အချက်ကို ရှာကြ၍နေ လေ၏။
အတန်ကြာလျှင် “စိန်ငွေလျှံသာဟန်လေထွေထူး ငယ်ဆန်း”ဟူသော တေးကို စ၍ဆိုလေ၏။
ပရိသတ်များ တိတ်၍သွား၏။ မနီသည် တွေဝေ၍ နေလေသတည်း။
ဆက်ကာဆက်ကာ တေးဆိုလေရာ အသံပူ၍လာလျှင် တိုး၍စည်လေ၏။ ပေါကြွယ်၏စိတ်သည် တေးထဲသို့ အကုန် အစင်ရောက်ကာ အားလုံးကုန် မေ့လျော့ပြီး မျက်နှာမှာ တမျိုး တမည်ပြောင်းလဲပြီးလျှင် အထူး သိမ်မွေ့၍ လာလေသတည်း။
မနီ၏မျက်လုံးများသည် စိုက်၍နေလေ၏။ ပေါကြွယ်၏ မျက်နှာ၌ ပြောင်းလဲခြင်းများဖြစ်သလို လိုက်၍ပြောင်း၏။
ပေါကြွယ်၏အသံသည် မနီ၏ နှလုံးသွေးကိုလာ၍ ဒလက် နှင့်မွှေသလို မွှေလေ၏။ ခက်တရော်သောမျက်နှာမှာ ပျောင်းပျော့၍ လာလေ၏။ မျက်တောင်များ စင်း၍လာလေ၏။ ငြိမ်သက်သော ရင်ဘတ်သည် ကြွမှန်းမသိကြွချည်၊ ကျမှန်းမသိ ကျချည်ဖြစ်၍ လာလေ၏။ ရောက်လာကတည်းကစ၍ ပုဆစ်တုတ်ကာ ထိုင်၍ နေသည်မှာ ပြောင်းလဲခြင်းမရှိချေ။ ညောင်းညာခြင်းကို သတိ မထား၊ တင်ပါးပူခြင်းကိုလည်း မသိ၊ ပိပိရိရိ၊ အိသောတင်ပါးများ မှာ ငြိမ်သက်၍နေသော်လည်း အတွင်းကြောများမှာ သောင်းကြမ်း၍ နေလေသတည်း။
မနီသည် (၂)နာရီတိုင်တိုင် ထိုနေရာ၌ထိုင်ကာ တပုဒ်ပြီး တပုဒ်ဆိုသော ပေါကြွယ်၏ တေးများကို နားထောင်ရခြင်း၌ အချိန်၏ ကြန့်ကြာခြင်းကို သတိမရ။ ပေါကြွယ်၏အသံသည် မနီ၏ ကျောက်ခဲနှင့်တူသော မာကျောသော စိတ်နှလုံးကို ဝါဂွမ်းလို ဖြစ်စေလျက် ခက်တရော်သော မျက်နှာကို သိမ်မွေ့ခြင်း ဖြစ်အောင် အံ့ဖွယ်သောနည်းဖြင့် ပြောင်းလဲခြင်းဖြစ်စေသတည်း။ ဆိုက်ကလုန်းလေမုန်တိုင်းနှင့်တူသော ဒေါသသည် ချစ်ခင်ကြင်နာ၊ မေတ္တာဆပွား၊ သနားခြင်း၏ ညင်းညံ့သင်းပျံ့သော လေပြည် ကလေးအဖြစ်သို့ ပြောင်းလဲအောင် ဖန်တီးလိုက်လေသတည်း။ တိုတိုကို ပြောရလျှင် စွန်ရဲငှက်မကြီးသည် ပေါကြွယ်၏ တေး အစွမ်းဖြင့် ခိုကော့ကလေးဖြစ်၍သွားလေ၏။ ကြမ်းကြုတ်သော သစ်ကြုတ်မကြီးသည် သိမ်မွေ့သော ယုန်ကလေးဖြစ်ကာ တခါ တခါ မျက်လုံးများမှာ ဝေ၍သွားလေ၏။ ပွဲပြီး၍သွားသောအခါ မနီသည် ၄င်း၏အိမ်အနီး အသိတယောက်၏ အိမ်နောက်ဖေးခန်း ထဲသို့ ဝင်ပြီးလျှင် ပေါကြွယ်ကို မိမိထံ ခေါ်ခဲ့ဖို့ရန် အိမ်ရှင်မိန်းမ ကြီးကို ပြောလေ၏။
“ကျွန်မကလို့ မပြောနဲ့နော်၊ ဆုချချင်လို့ပြောပြီး တ ယောက်တည်း အပါခေါ်ခဲ့၊ ရော့...ငွေ(၅)ကျပ်”
ဟု ပြော၍ ပေးလိုက်လေ၏။
မနီသည် ဖလားစုံ ကွမ်းအစ်ကြီးအနီး၌ ပုဆစ်တုတ် ထိုင်ကာ ဖလားတခုထဲမှ စမုန်စပါးကလေးတွေကို တစစီ ယူ၍ ကိုင်လျက်နေလေ၏။
အခန်းဘက်သို့လာသော ခြေသံများကို ကြားရသောအခါ ရင်ထဲ၌ တဒိန်းဒိန်း ဖြစ်၍နေလေ၏။
ပေါကြွယ်သည် အခန်းဝသို့ရောက်လျှင် မနီကိုမြင်သဖြင့် ကြက်သေသေ၍ နေလေ၏။ အိမ်ရှင် မိန်းမကြီးက “လာပါ မောင်ရဲ့၊ မကြောက်ပါနဲ့” ဟု ပြော၏။
မနီသည် ပြုံးပြုံးကလေး မော်ကြည့်ပြီး “ကိုပေါကြွယ်က ကျွန်မတို့များ အသိတောင် မလုပ်ချင်တော့ဘူး ထင်ပါရဲ့၊ လာပါ ရှင်၊ ရှင့်ကို ကိုက်မစားပါဘူး” ဟု ပြောကာ နေရာဖယ်၍ ပေးလေ၏။
ပေါကြွယ်သည် မယုံတဝက် ယုံတဝက်နေလေ၏။ အိမ်ရှင်မိန်းမကြီးက လက်ကိုဆွဲကာ “လာပါ မောင်ရင်ရဲ့၊ ကျုပ်တူမပါ” ဟု ပြောကာ သွင်းလေရာ အပါးသို့ ရောက်သွား လျှင် မနီက အလွန်ချိုသောမျက်နှာနှင့် မော်၍ကြည့်ကာ မျက်လုံး၌ အချစ်လုံး ပေါ်၍နေသည်ကို ပေါကြွယ် မြင်သဖြင့် အနီး၌ ထိုင်လေ၏။ အိမ်ရှင် မိန်းမကြီး ထွက်၍သွားပြီး တံခါးကို ပိတ်ကာ အခြားအိမ်သို့ ဆင်း၍သွားလေ၏။
“ကိုပေါကြွယ် ကျွန်မကို စိတ်ဆိုးသလား"
“ဘာပြုလို့လဲ ခင်ဗျာ”
“ဪ...အရင်က ပြောမိ၊ ဆိုမိတာတွေကိုပေါ့”
ပေါကြွယ်သည် ခေါင်းငုံ့ကာ ရှက်ကိုးရှက်ကန်းဖြစ်လျက် မျက်နှာများနီပြီး
“ကျွန်တော် စိတ်မဆိုးပါဘူး”
“အဟုတ်နော်၊ တကယ် စိတ်မဆိုးဘူးနော်”
ဟု ပြောကာ အပါးသို့ မနီကပ်၍လာရာ ပေါကြွယ် မော်၍ကြည့်လေ၏။ မျက်လုံးချင်း နပန်းလုံးကြလေ၏။ ထိုနောက် ကိုယ်နှစ်ကိုယ်လည်း နပန်းလုံးကြလေရာ ထိုနေ့မှစ၍ ကြမ်းတမ်းလှသော မနီသည် မကြမ်းတမ်းဘဲ သိမ်မွေ့နူးညံ့စွာဖြစ်ပြီး မောင်ညိုနှင့် ပေါကြွယ်၊ သမီးယောက်ဖနှစ်ယောက်တို့မှာ ညီအစ်ကိုမက ချစ်ကြလေသတည်း။
---
#ပီမိုးနင်း
#ကြမ်းသောသူနုသည့်အခါ
#shared_by_louis_augustine
#sbla

Post a Comment