အတိတ်မေ့သူများ
--------------------
၁၇၉၁ ခုနှစ်က လူငယ်လေး နပိုလီယန်သည် အက်ဆေး (Essay) ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ဖူးသည်။
ပထမဆုရသူသည် ပြင်သစ်ငွေ ၁၂၀၀ ရမည်ဖြစ်ရာ မျှော်လင့်ချက်ဖြင့် ဝင်ပြိုင်ခြင်းဖြစ်သည်။ အက်ဆေး ရေးရန်အတွက် ပေးထားသည့် အကြောင်းအရာမှာ
“လူသားတို့အတွက် ပျော်ရွှင်ခြင်းဆိုသည်မှာ အရေးအပါဆုံးသော အမှန်တရားတစ်ခုဖြစ်ပါသလား”
ထို အက်ဆေးရေးရန်အတွက် အချိန် ၆ လ ပေးထားသည်။ အသက် ၂၂ နှစ်အရွယ် နပိုလီယံဝင်ပြိုင်သည်။ သူ့စိတ်ထဲတွင် ရှိသမျှ အားလုံးချရေးကာ ပြိုင်ပွဲကိုပေးပို့လိုက်သည်။ သို့သော် သူ့အက်ဆေးမှာ ရွေးချယ်ခြင်း မခံခဲ့ရပေ။
နပိုလီယန် ရေးသည့် အက်ဆေးထဲတွင် မဟာ အလက်ဇန်းဒါးသည် သူ့အောင်ပွဲတွေကို ဆက်ရန်အတွက် သိစ် မှသည် ပါရှား၊ ပါရှားမှသည် အိန္ဒိယနိုင်ငံအထိ ဆက်တိုက်သွားရန် ရည်ရွယ်ထားသည်။ သူသည်မနေမနား တိုက်ပွဲဆင်သည်။ သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးကဲ့သို့ထင်လာပြီး အသိစိတ်တွေ ပျောက်ဆုံးကုန်သည်။ ဆန္ဒနှင့်ဘဝကို မထိန်းနိုင်သောကြောင့် နောက်ဆုံးတွင် အလက်ဇန်းဒါးသည် ဒုက္ခရောက်ခဲ့ရကြောင်း သူရေးခဲ့ဖူးသည်။
သို့သော် နပိုလီယန်သည် ပြင်သစ်တွင် ဧကရာဇ်ကြီးလိုဖြစ်လာသောအခါတွင် ဥရောပတိုက်ကြီးတစ်ခုလုံးကို ဝါးမျိုသိမ်းပိုက်လိုစိတ်တွေ ဖြစ်လာခဲ့သည်။ သူငယ်စဉ်က ရေးခဲ့ဖူးသော အက်ဆေးကိုပင် သူသတိမရနိုင်လောက် အောင်ဖြစ်သွားခဲ့သည်။
၁၈၀၀ ပြည့်နှစ်တွင် နပိုလီယန် အထွဋ်အထိပ်ကိုရောက်နေခိုက် သူ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ တောလေးရွန်သည်နပိုလီယန် ငယ်စဉ်က ရေးခဲ့သည့် အက်ဆေးကို ပြန်လည်ရှာဖွေပြီး သတိပေးသည့် အနေဖြင့် နပိုလီယန်ကို ဆက်သခဲ့သည်။
နပိုလီယန်က သူရေးခဲ့သည်စာကို ကြည့်ပြီး ချက်ချင်းပင် ဆုတ်ဖြဲလိုက်လေတော့သည်။ ထို့နောက်
“ငါဘာတွေ ပြောခဲ့သည်ဖြစ်စေ သောက်ဂရုမစိုက်ဘူးကွ” ဟုပြောကာ ထိုစာရွက်တွေကို မီးထဲ ပစ်ထည့် လိုက်လေသည်။
ဘာတွေပြောခဲ့သည်ဖြစ်စေ ဂရုမစိုက်ဆိုသည့် နပိုလီယန်သည်လည်း မကြာသော အချိန်အတွင်းမှာပင် ဖမ်းဆီးခံလိုက်ရပြီး လူမနေသည့်ကျွန်းလေးတစ်ကျွန်းတွင် ပို့ထားခြင်းခံလိုက်ရလေတော့သည်။
အာဏာကို ကြီးသည်ထက်ကြီးစေရန် ကြိုးစားအားထုတ်သူတို့၏ နိဂုံးတိုင်းသည် မကောင်းတတ်ပါ။ အလက်ဇန်းဒါးသည်လည်း သေသည့်အခါတွင် လက်ချည်းဗလာဖြစ်ခဲ့ရသည်။
ကဗျာဆရာ Juvenal က အလက်ဇန်းဒါကို ကဗျာတိုလေးဖြင့် မှတ်ချက်ပြုဖူးသည်
“နောက်ဆုံးတော့ အခေါင်းတစ်လုံးသာ၊ သူ့အတွက် လုံလောက်ပါတယ်”
သေလျှင် ပိုင်ဆိုင်ရမည့် အခေါင်းတစ်လုံးစာလောက်အတွက် အဘယ်ကြောင့် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ များနေကြသနည်း။
တွေးခေါ်ပညာရှင် ဆဲနီကာ (Seneca) က ရေးခဲ့ဖူးပါသည်
မဲရိယပ်စ်၊ နပိုလီယန်နှင့် အလက်ဇန်းဒါးတို့သည် အလွန်တန်ခိုးထွားခဲ့သည်မှာ မှန်ပါသည်။ သူတို့ သုံးဦး စလုံးတွင် အနှိုင်းမဲ့သည်ဟု ထင်ရလောက်သော အာဏာတွေကို လက်ဝယ်ပိုင်ဆိုင်ခဲ့ဖူးသည်မှာလည်း မှန်ပါသည်။ သူတို့သည် အာဏာဆိုသည်ကို သောက်လေ သောက်လေ ငတ်မပြောနိုင်သည့် ပင်လယ်ရေကဲ့သို့ ငမ်းငမ်းတက်ခဲ့ကြသည်။ မရပ်နိုင်၊ မဆုံးနိုင်လောက်အောင် အာဏာကို ရူးမူးခဲ့ကြ ခြင်းကြောင့်လည်း နောက်ဆုံးတွင် သူတို့ကိုယ်သူတို့ ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်ကြသည်။ ထိုအာဏာရူးမှုသည် သူတို့ကိုသူတို့ ပြန်ပြီး ဒုက္ခရောက်စေခြင်းဖြစ်သည်။
အာဏာသည် ဘာနှင့်တူသနည်းဆိုလျှင် ဘိန်းနှင့်တူသည်။ သောက်လေရှူလေ မက်မပြေ၊ စွဲလေဖြစ်သည်။
နပိုလီယန်ဘဝသည် နေဝင်ချိန်နီးလေ ပျော်ရွှင်မှုကင်းမဲ့လာလေဖြစ်သည်။ သူ့ဘဝက ပိုင်ဆိုင်မှုတွေကို များသည်ထက်များအောင် အားထုတ်လေ၊ ရလာသော ပိုင်ဆိုင်မှုတွေကြောင့် သူ့ဘဝကြီးမှာ ပိုပြီးတော့ မလုံခြုံလေ ဖြစ်လာသည်။ ထို့ပြင် ငါမတော်မတရား ရယူထားသည့် စည်းစိမ်တွေ အာဏာတွေ ပိုင်ဆိုင်မှုတွေသည် ငါအမှန်တကယ် မပိုင်ဆိုင်ထိုက်၊ မရယူထိုက်၊ မခံစား မစံစားထိုက်သောအရာများ ဖြစ်သည်ကို သိလာလေ လိပ်ပြာမလုံလေ၊ အနေခက်လေ၊ ရူးမတတ် ခံစားနေရလေဖြစ်သည်။
နောက်ဆုံးတွင် နပိုလီယန် ဘာဖြစ်သွားသနည်း။ သမုဒ္ဒရာအတွင်း ကျွန်းငယ်လေးတစ်ခုတွင် တစ်ကိုယ်တည်း ချုပ်နှောင်ခြင်း ခံရကာ သေဆုံးသွားခဲ့ရသည်။
လူတိုင်းတွင် ဆန္ဒပြင်းပြမှုက ကောင်းပါသည်။ သို့သော် ဓမ္မနည်းကျကျ ရယူမှ စိတ်ချမ်းသာနိုင်သည်။ ကိုယ့်ဆန္ဒပြည့်ဝလာစေရေးအတွက် အဓမ္မနည်းကို ကျင့်သုံးကာ ပိုင်ဆိုရယူမှုတွေ လုပ်လာလေ ကိုယ့်ကိုယ်ကိုယ် ပျက်ဆီးအောင် ဖျက်ဆီးသလိုဖြစ်လာလေ ဖြစ်တတ်ကြောင်းကို နမူနာယူစရာ အဖြစ်အပျက် ပေါင်းများစွာ ရှေးကသမိုင်းတွေထဲတွင် ရှိပါသည်။ သို့သော် အာဏာရူးသူတို့မှာ နပိုလီယန်ကဲ့သို့ပင် ကိုယ်ရေးခဲ့ဖူးသောစာကိုပင် မီးရှို့ချင် ရှို့တတ်သူတွေ ဖြစ်နေသည်။ သူတို့သည် အတိတ်မေ့ချင်ယောင်ဆောင် သောရောဂါစွဲကပ်နေသူတွေဖြစ်သည်။
လောဘကို သတ်နိုင်သည့် တစ်ခုတည်းသော နည်းမှာ အမှန်တရား ဖြစ်သည်။
အမှန်တရားကို သိမြင်နိုင်ခြင်းသည် ကိုယ့်လောဘကို ထိန်းနိုင်မည် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ အမှန်တရားဆိုသည်ကလည်း ငါလုပ်သမျှ မှန်သည့်တရားမဟုတ်။ အများအတွက် အများက လက်ခံနိုင်သည့် အမှန်တရား Universal Truth တစ်ခု ဖြစ်ရန်လိုသည်။
သေလျှင် ခေါင်းတစ်လုံးသာ ပိုင်ဆိုင်ခွင့်ရသွားသူတွေရှိသလို သေသည့်အခါတွင် ဘာမျှမပါ လေထဲတွင် တန်းလန်း သေကြရသည့် မူဆိုလိုနီတို့လိုလူမျိုးတွေလည်း ရှိသေးကြောင်း သတိပြုသင့်သည်။
တင်ညွန့်
၁၄.၁.၂၀၂၃

إرسال تعليق