“ တစ်ရက်ချင်း ရှင်သန်ပါ။ “🍀

🍀“  တစ်ရက်ချင်း ရှင်သန်ပါ။ “🍀
 


ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ချယ်လှယ်နေတာက ကျွန်မတို့ရဲ့ အတွေးတွေပဲ ဖြစ်ပါတယ်၊။ သတိထားပြီး သေသေချာချာ စောင့်ကြည့်မိရင် အချိန်တိုင်း အချိန်တိုင်း ကျွန်မတို့ အတွေးတွေ ကြားထဲမှာ လုံးထွေးရစ်ပတ်နေကြတာကို သတိထားမိပါလိမ့်မယ်။ 

မနေ့က အကြောင်းအရာတွေ..ဟိုးလွန်ခဲ့တဲ့ အချိန်ကာလက အကြောင်းအရာတွေဆီ အတွေးတွေ ပြန်ရောက်ပြီး ဟိုလိုမဆုံးဖြတ်ခဲ့မိလို့.ဒီလိုလုပ်ခဲ့ရရင် ကောင်းသား စသဖြင့် နောင်တ လှိုင်းလုံးတွေပေါ်မှာ တငြိမ့်ငြိမ့် စီးနေမိတတ်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဖြစ်မလာသေးတဲ့ အကြောင်းအရာတွေကို ကြိုတင်မှန်းဆ တွေးတောပြီး ပူပန်ကြောင့် ကြနေမိပြန်ပါတယ်။

​ကျွန်မတို့ စိတ်ရဲ့ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ရဲ့ အတွေးတွေက ထိန်းချုပ်ထားတာပါ။ ပျော်စရာလေးတွေ တွေးမိတဲ့အခါ ပြုံးလို့..စိတ်အနှောက်အယှက် ဖြစ်စရာ နာကျင်ဒေါသဖြစ်စရာ တွေးမိရင်တော့..မျက်နှာတွေ မှောင်ညှိုးပြီး မျက်မှောင်ကြုတ်မိ နှလုံးခုန်သံတွေ မြန်လာတော့တာပါ။ 

ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် တကယ် စိတ်ချမ်းသာ စေချင်တယ်ဆိုရင် ဘာဖြစ်လို့များ ကိုယ့်ရဲ့ စိတ်အကြည်ဓါတ်ကလေးကို ထိခိုက် ဖျက်ဆီးမယ့် အတွေးကို လက်သင့်ခံနေရတာပါလဲ။ တချို့ဆို စိတ်ညစ်စရာကို ရှာဖွေပြီးတော့တောင် တကူးတက တွေးတတ်ပါသေး တယ်..။ မတော်တဆ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေမိချိန်မျိုးမှာတောင် ..”စောစောက ငါ စိတ်ညစ်စရာ တစ်ခု ရှိပါတယ်၊ ဘာများပါလိမ့်..”လို့ ရှာကြံပြန်တွေးပြီး စိတ်ညစ်စရာ အတွေးကို ပြန်ရှာဖွေ တွေးတောပါသေး တယ်။

​အတွေးကို ဘယ်လို ထိန်းချုပ်မလဲ၊ ကျွန်မတို့ တစ်ရက်ချင်းသာ ရှင်သန်ကြရပါလိမ့်မယ်။ မနေ့က အကြောင်းလည်း မစဉ်းစားနဲ့၊ မနက်ဖြန် အကြောင်းလည်း ကြိုတွေးပြီး ပူပန်မနေနဲ့၊ ဒီနေ့အကြောင်းပဲ တွေးကြည့် ပါ..။ ဒီနေ့ဆိုတဲ့ အိမ်ကလေးထဲမှာပဲ နေကြည့်ပါ၊ သောကနဲ့ ဝေးရာဆီ တရွေ့ရွေ့ သွားနေခြင်းပါပဲ။

​အောက်(စ်)ဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိရဲ့ “မုဒိတာဖြင့် လောကဓံကို ရင်ဆိုင်ခြင်း တရားတော်” မှာတော့ ကိုယ် ငယ်ငယ်တုန်းက ကြိုးစားခဲ့တာကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါ..လို့ သင်ပေးပါတယ်..။

ကိုယ် ကြိုးစားအားထုတ်ခဲ့တာတွေ..အောင်မြင်ခဲ့တာတွေ ..ပျော်ရွှင်ခဲ့တာတွေကို ပြန်တွေးပြီး မုဒိတာစိတ်ကလေး ထက်သန်အောင်လေ့ကျင့်ပေးလို့ ရပါတယ်..။
အဲ့ဒီလို ပြန်တွေးခြင်းဖြင့် ကျွန်မတို့ရဲ့ အတွေးတွေကို အကောင်းဖက် ပိုတွေးမိအောင်..ပျော်ရွှင်စေတဲ့ အတွေးတွေ..ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူကျေနပ်တဲ့ အတွေးတွေ..ပိုမိုအားကောင်း လာစေပါတယ်။

​အတွေး ရှင်းတဲ့သူဟာ စိတ်လည်း ရှင်းပါတယ်..။
ကျွန်မနဲ့ ခင်ပွန်းဖြစ်သူမှာ ကျွန်မက အတွေးသမား၊ စေ့စေ့ပေါက်ပေါက် တွေးသလောက်..ခင်ပွန်းကတော့ ခေါင်းထဲမှာ ဘာအတွေးမှ ထည့်ထားလေ့ မရှိသူ ဖြစ်ပါတယ်။ အဲဒီတော့ ညအိပ်ယာဝင်တဲ့အချိန်မှာ သူက ခေါင်းချလိုက်တာနဲ့ပဲ..တုံးခနဲ အိပ်ပျော်ပြီး ဟောက်သံပါ ချက်ချင်း ထွက်လာသူပါ။ ကျွန်မမှာသာ အတွေးတွေ တတ်နိုင်သ၍ ကြိုးစားဖြတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားယူရပါတယ်။

​ကျွန်မဘဝမှာ ကြီးမားတဲ့ လောကဓံနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်.။ လောကဓံရဲ့ ရိုက်ချက်က ပြင်းထန်လွန်း အားကြီးလို့ ရူးမတတ်ပါပဲ။ အဲ့ဒီအချိန်မှာ ကျွန်မကိုယ်ကျွန်မ ကုစားခဲ့တဲ့ နည်းကတော့ ..” တစ်ရက် ချင်း ရှင်သန်မယ်..”ဆိုတဲ့ နည်းပါပဲ။ မနက်ဖြန်အကြောင်း မစဉ်းစားဘူး၊ ဒီနေ့ တစ်နေ့စာပဲ နေမယ်၊ ဒီနေ့မှာ စိတ်ညစ်စရာတွေ ပူပန်ကြောင့်ကြ သောကဖြစ်စရာတွေ မတွေးဘူး.. ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် နေမယ်..ဆိုတဲ့ အတွေးနဲ့ တစ်ရက်ချင်းပဲ ဖြတ်သန်းခဲ့တာပါပဲ..။ ဘယ်လောက်ဆိုးတဲ့ လောကဓံပဲ ဖြစ်ပါစေ၊ အချိန်တစ်ခုပါပဲ၊ အချိန်တန်ရင် ပြီးဆုံးသွားရစမြဲပါပဲ။ 

ကျွန်မတို့ကို စိတ်သောက ဖြစ်စေတဲ့ အဓိက တရားခံက အချိန်မတန်သေးဘဲ..လိုချင်တာတွေ မရတဲ့အခါ..ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့အခါ..သည်းမခံနိုင်မှု၊ စိတ်မရှည်နိုင်မှုတွေကြောင့် စိတ်နှလုံးပူပန်ကြောင့်ကြ ဖြစ်ကြရတာပါ။ အချိန်တန်ရင် ဘယ်အရာကမှ တားဆီးထားလို့ မရပါဘူး၊ အချိန်တစ်ခုကိုတော့ စိတ်ရှည်ရှည် စောင့်ပေးဖို့ လိုပါတယ်။

​တချို့သော ပြဿနာတွေက ဖြစ်နေဆဲ အချိန်မှာ ကျွန်မတို့အတွက် ကြောက်ရွံ့စိုးရိမ်ဖွယ် သောက ပြင်းထန်စေသလောက် အချိန်တစ်ခု ကြာသွားလို့ ဒီပြဿနာအကြောင်း ပြန် စဉ်းစားကြည့်လိုက်တဲ့အခါ ဘာမှ မဟုတ်တော့သလို ခံစားရစေတတ်ပါတယ်၊။ အဲ့ဒီအချိန်တုန်းက ကိုယ် ဘယ်လောက် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့သလဲ ဆိုတာကို ကျွန်မ တို့ ပြန်တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ဆီမှာ ကိုယ့်ကိုယ်ကိုယ် မျှော်မှန်းမထားနိုင်လောက်အောင် လောကဓံကို ကြံ့ကြံ့ ခံနိုင်တဲ့ စွမ်းအားတွေ ကိုယ်စီကိုယ်ဌပိုင်ဆိုင်ထားကြတယ် ဆိုတာကို သဘောပေါက်နိုင်ပါတယ်။

​တချို့သော ကိစ္စတွေမှာ “ ဒီလိုသာ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ကြ မလဲ၊ ငါ့ဘဝတော့ သွားပါပြီ၊ ပျက်ပါပြီ..” စသဖြင့် စိုးရိမ်ပူပန် ကြောင့်ကြစိတ်တွေနဲ့ မအိပ်နိုင် မစားနိုင် စိတ်ဖိစီး ခံခဲ့ရသလောက် ကျွန်မတို့ စိုးရိမ်တဲ့အတိုင်း ဖြစ်မလာတတ်တာတွေလည်း ရှိတတ်တာပါပဲ။ 

ဖြစ်မလာ သေးတာကို ဖြစ်များဖြစ်လာခဲ့ရင်ဆိုတဲ့ ပူပန်သောကစိတ်နဲ့ ကြိုတွေးပြီး ပူပန်ရတာဟာ နှစ်ခါ ရှုံးပါတယ်..။ဖြစ်လာတဲ့ အခါမှပဲ ရင်ဆိုင်လိုက်တာ ပေါ့၊ လို့ ပြောင်းပြီး တွေးကြည့်တဲ့အခါ သောကက သိသိသာသာ လျော့ ပါးသွားပါတယ်။  

မမြင်ရတဲ့ အရာကို မှန်းဆပြီး တွေးနေရတာက လူကို ကြောက်စိတ် ပိုစေပါတယ်၊၊  ဒါကြောင့် ကိုယ့်ရဲ့ စိတ်အကြည်ဓါတ်ကလေးကို ထိပါးနှောက်ယှက်မယ့် အတွေးမှန်သမျှကို ဖယ်ထုတ်ပစ်ရပါမယ်။  မနက်ဖြန်မှ ဖြစ်မှာကို ဒီနေ့ကတည်းက ကြိုမတွေးပါနဲ့၊ ဒီနေ့ တစ်ရက်ကိုသာ ကျကျနန ရင်ဆိုင်ကြည့်စေချင်ပါတယ်။

​တစ်ရက်ချင်းရှင်သန်ကြည့်ခြင်းက ကျွန်မတို့ကို သောကနဲ့ဝေးရာဆီ..ခေါ်ဆောင်ပေးပါလိမ့်မယ်။

🌸🌸 လွန်းထားထား - ဆေးတက္ကသိုလ်  🌸🌸
🌸 ❤  " သောကနဲ့ ဝေးရာဆီ "  ❤  🌸 

#လွန်းထားထား
#သောကနဲ့ဝေးရာဆီ
#စိတ်ခွန်အားဖြည့်စာစုများ
#ပြန်တင်သောပို့စ်

Post a Comment

Previous Post Next Post

Comments