“ အပြောင်းအလဲကို လက်ခံပါ။ လိုက်လျောညီထွေရှိပါ။ ။🦋

🦋“  အပြောင်းအလဲကို လက်ခံပါ။ လိုက်လျောညီထွေရှိပါ။ ။🦋
 


 
တချို့က အပြောင်းအလဲကို ကြောက်ကြပါတယ်။ ကိုယ့် နေရာကလေး ကိုယ့်အသိုင်းအဝိုင်းကလေး ကိုယ့်အလုပ်ကလေးကို အကြောင်းကြောင်းကြောင့် ပြောင်းလဲပစ်လိုက်ရမှာကို အင်မတန် ခေါင်းမာအစွဲကြီး တစ်ယူသန်ဆန်တတ်ကြပါတယ်။ အဲ့ဒီအထဲမှာ ကျွန်မလည်း အပါအဝင်ပါပဲ။ အပြောင်းအလဲတစ်ခုခုကို ရင်ဆိုင်ဖို့ အမြဲစိုးရွံ့ ပူပန်တတ်ပါတယ်။ ကိုယ်နေသားတကျဖြစ်နေတဲ့ နေရာကလေးမှာ.. ရိုးရှင်းလှတဲ့ ဘဝပုံစံခွက်ကလေးထဲမှာ...ကိုယ် လုပ်နေကျ နေ့စဉ်ပုံမှန်အလုပ်ကလေးတွေနဲ့ပဲ နေပျော်နေတာပါပဲ။

အပြောင်းအလဲတစ်ခုခု လုပ်ရမှာ၊ နေရာသစ် တစ်နေရာဆီ ပြောင်းရမှာ၊ အလုပ်သစ်တစ်ခုခု ပြောင်းလုပ်ရမှာ၊ ကိုယ်မသိတဲ့ လူသစ်တွေနဲ့ တွေ့ဆုံဆက်ဆံရမှာကို အဆင်မပြေမှာ စိုးရိမ်တတ် ပါတယ်။ တကယ်တမ်းကျတော့ အပြောင်းအလဲဆိုတာ စိမ်ခေါ်မှု အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်ကြိုပြီးမသိနိုင် မမြင်နိုင်တဲ့ အခွင့်အလမ်းတွေ၊ အောင်မြင်မှုတွေ၊ ကိုယ့်ရဲ့ဘဝအမြင် အတွေး အခေါ်တွေကို ပြောင်းလဲပေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်းတွေက စောင့်ကြိုနေနိုင်ပါတယ်။

တကယ်တော့ ဘဝမှာ အတက်အကျ အနိမ့်အမြင့်ဆိုတဲ့ အပြောင်းအလဲတွေဟာ မလွဲမသွေရင်ဆိုင်ရမယ့် အရာတွေပါပဲ။ ဖြစ်ပျက်လာသမျှတိုင်းဟာ အကြောင်းတစ်ခုခုကြောင့်ဆိုတာကို လက်ခံနိုင်ဖို့လိုပါတယ်။ အပြောင်းအလဲကို လက်ခံနိုင်မှသာ ကျွန်မတို့ရဲ့စိတ်ပုံစံဟာ ပုံစံခွက်ထဲမှာထုဆစ်ထားသလို မာကြောမနေဘဲ အလိုက်သင့်အလျားသင့် လိုက်လျောညီထွေ ပျော့ပျောင်းလာမှာ ဖြစ်ပါတယ်။ 

လိုက်လျောညီထွေရှိတဲ့စိတ်ဟာ ရေနဲ့တူပါတယ်...၊ အရာရာနဲ့ ပေါင်းစပ်ဖလှယ်လို့ရနိုင်သလို ခက်ခဲကျဉ်းမြောင်းတဲ့ နေရာတွေမှာတောင် အလွယ်တကူ စီးဆင်းဖြတ်ကျော်နိုင်စွမ်းရှိပါတယ်။

လိုက်လျောညီထွေရှိတဲ့စိတ်ဟာ ဘာကိုပဲဖြစ်ဖြစ် ရင်ဆိုင် လက်ခံမယ်ဆိုတဲ့ ရဲရင့်တဲ့စိတ်လည်း ဖြစ်ပါတယ်။ လိုက်လျော ညီထွေရှိတဲ့သူဟာ သူတစ်ဖက်သားအပေါ် စိတ်ဝင်စားမှု...စာနာ နားလည်တတ်မှုလည်း ရှိတတ်တာမို့ သူနဲ့ပေါင်းသင်းဆက်ဆံရတာ အလုပ်အတူတွဲလုပ်ရတာ ပျော်ရွှင်နှစ်လိုဖွယ် ကောင်းနေတော့ တာပါပဲ။ သူ့ဘဝဟာလည်း ဘယ်လောက်အခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ရင်ရင်ဆိုင်ရ စိတ်ဓါတ်မကျ...မညည်းညူဘဲ...ရေလိုပဲ လိုက်လျောညီထွေ ရှိပါတယ်။ သူ့ကြည့်လိုက်ရင် ပျော်ရွှင်နေတာပါပဲ၊ ဘယ်လိုအခက်အခဲမျိုး...လောကဓံမျိုးကမှ သူ့စိတ်ရဲ့လွတ်မြောက်မှု၊ ပျော်ရွှင်မှုကို ဖျက်ဆီးနိုင်စွမ်းမရှိပါဘူး။
 
 ဘဝမှာ အပြောင်းအလဲကိုလက်ခံတတ်ဖို့ ပြင်ဆင်လာမိချိန်ကစပြီး ကျွန်မမှာ စိတ်ညစ်ရမှာတွေ ပူပန်စိုးရိမ် ကြောက်ရွံ့ရတာတွေလည်း ပါးလျလွင့်ပြယ်ကုန်တာပါပဲ။ 

“ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှ အပြောင်းအလဲကို ရင်ဆိုင်မယ်” ဆိုတဲ့သတ္တိကို မွေးကြည့်လိုက်ပါ။ ကောင်းတာပဲလာလာ...ဆိုးတာပဲလာလာ၊ ပျော်စရာရှိတာလည်းခဏပဲ... အဆင်မပြေတာရှိလာရင်လည်း ရင်ဆိုင်ဖြေရှင်းလိုက်တာပေါ့လို့ စိတ်ကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းတွေးလိုက်တဲ့အခါ လက်ရှိတဒင်္ဂတိုင်းကို အဓိပ္ပါယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလို့ရပါတယ်။ ဒါဟာ... ပျော်စရာကောင်းတဲ့ ဘဝနေနည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဘယ်အရာကိုမှ တစ်ယူသန်ကြီး စွဲကိုင်မထားပါနဲ့...။
မာကြောခြင်းထက် ပျော့ပျောင်းခြင်းက ပိုပြီးစွမ်းအင်ရှိပါတယ်။

#လွန်းထားထား
#ဒီနေ့ပျော်ပါ
#သောကနဲ့ဝေးရာဆီ
#စိတ်ခွန်အားဖြာ့်စာစုများ
#ပျော်ရွှင်ခြင်းစာစုများ

Photo Credit..Yeeyee Khaing
 
+++++++++++

Post a Comment

Previous Post Next Post

Comments