* မြင်းကပါ အကျဉ်းသား * မင်းသိင်္ခ အပိုင်း - ခြောက်

* မြင်းကပါ အကျဉ်းသား *
  မင်းသိင်္ခ
  
        အပိုင်း - ခြောက်


ကျန်ပင်သင်နှင့် တပ်မှူးလေးသည် အုန်းပင်အောက်ဆီသို့ ရောက် နေကြပြီဖြစ်၏။ ကျန်ပင်သင်က တပ်မှူးလေး၏ လည်တိုင်ကိုသူ၏ လက် မောင်းသွယ်သွယ်လေးနှစ်ဖက်ဖြင့် ဟီးလေးခိုထား၏။ ကျန်ပင်သင်၏ ခါး သေးသေးလေးအား တပ်မှူးလေးက လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။

“ညကြီးအချိန်မတော် သူတစ်ပါးအိမ်ကို သွားလည်နေရသလားမယ်မင်း”

ဟု မေးလိုက်လေ၏။

“တစ်ဦးနဲ့တစ်ဦး အကြင်လင်မယားတောင် မဖြစ်သေးဘူး။ စပြီး ချုပ်ချယ်နေပြီလား။ တခြားတိုသွားတာ မဟုတ်ပါဘူး။ ဟိုဘက် တစ်အိမ်ကျော်က လူဝကြီးဆီ သွားတာပါ။”

ဟု ပြောလိုက်ရာ တပ်မှူးလေးက . . .

“ကြမ္မာဖတ် လူဝကြီးလား" ဟု ပြန်၍မေးလိုက်လေ၏။

“ဟုတ်တယ်။ ကြမ္မာဖတ်လူဝကြီးဆီ သွားတာ” ဟု ကျန်ပင်သင်က ပြန်၍ ပြောလိုက်လေ၏။

“ဒီလူကြီးက သိပ်ပြီးဆိုးတာ၊ မောင်တို့ဘုရင်မကောင်းကြောင်းကို ပြောလားပြောရဲ့။ မောင်တို့သုဝဏ္ဏဘုမ္မိတပ်ရဲ့ မကောင်းကြောင်း ကို ပြောလားပြောရဲ့။ မောင်တို့တပ်က သူ့ကိုဖမ်းရတာ ဘယ်နှခါ ရှိပြီလဲ။ အဲဒီလို ဖမ်းပြီးသူ့ကို နည်းနည်းပါးပါးနှိပ်ကွပ်လိုက်ရင် တော့ ငြိမ်သွားပြန်ရော။ မေ့သလောက်ရှိရင် ထပြီးလုပ်ပြန်တာပဲ။ ဒါကြောင့် သူ့ကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ဆိုပြီး မောင်တို့ဆီ က လူတစ်ယောက် သပ်သပ်ထားပေးရတယ်။ အဲဒီလူကိုလည်း သူကသိတယ်။ နေ့တိုင်း အဲဒီလူကို ဘာတွေပြောမှန်းမသိဘူး။ မောင်တို့လူဟာ သူ့ဘက်လုံးလုံးပါသွားလို့ အဲဒီလူကို အရာကနုတ် ပြီး ပြောင်းပစ်ရတယ်။ တော်တော့်ကို မကောင်းတဲ့လူကြီးပဲ”

ဟု တပ်မှူးလေးက ပြောလိုက်လေ၏။ ထိုအခါ ကျန်ပင်သင်က

 “ထိန်ထိန်သာနေတဲ့လနဲ့ ကြည်နူးစရာကောင်းတဲ့ညကို နှမြော ဖို့တောင်းပါတယ်။ ဘာမဟုတ် ညာမဟုတ် ကြမ္မာဖတ်စားတဲ့ လူဝ ကြီးအတွက် ကျွန်တော်မတို့ရဲ့ ချစ်သူနတ်ဘုံလေး ပျောက်ဆုံးသွား ရပါဦးမယ်”ဟု ပြောလိုက်လေ၏။

ထို့နောက် သူ၏စကားကို သူ့ဘာသာ သဘောကျစွာဖြင့် တခစ်ခစ် ရယ်နေလေ၏၊

တပ်မှူးကလေးသည် ကျန်ပင်သင်၏ နဖူးဆံစများကို လက်ကလေး ဖြင့် အသာအယာပွတ်သပ်နေ၏။ ကျန်ပင်သင်သည် တခစ်ခစ်ရယ်နေ၏၊ သူ၏ မျက်လုံးအိမ်တွင် မျက်ရည်များစို့နေ၏။ သူသည်ရယ်နေ၏ သို့မဟုတ် ငိုနေ၏၊

တပ်မှူးကလေးသည် ကျန်ပင်သင်၏ မျက်နှာကိုငုံ့ကြည့်လိုက်၏၊ ကျန်ပင်သင်၏ မျက်လုံးအိမ်မှ ထောင့်ကပ်နေသော မျက်ရည်စတို့ကိုတွေ့ ၏ထို့ကြောင့် တပ်မှူးကလေး၏စိတ်သည် ပျာယာခတ်သွား၏။ တုန်လှုပ် သွား၏။ ဆောက်တည်ရာမရ ဖြစ်သွား၏။

"ဒီမောင့်သက်နှင်း ချစ်မယ်မင်း။ ဘောက်မဲ့ကြောင့် ငိုနေရတာ တုံး၊ ငိုစရာပဇာအကြောင်း ရှိလို့လဲ”

ဟု မချိတင်ကဲလေသံဖြင့် မေးလိုက်လေ၏။ ကျန်ပင်သင်သည် မျက်နှာကို လွှဲပစ်လိုက်၏။ မျက်လွှာကို ချပစ်လိုက်၏။ တပ်မှူးလေး၏ ရင် ခွင်မှ ရုန်းထွက်ရန် အနည်းငယ် ကြိုးပမ်းလိုက်၏။ လျော့ရဲရဲဖြစ်နေသော ခါးဝတ်ကို ဖုံးလွှမ်းလိုက်၏။ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

“မောင့်ကို မယုံလို့လား မယ်မင်းလေးရယ်။ မယ်မင်းယုံအောင် မောင် ပဇာလုပ်ပြရမလဲ”

ဟု တပ်မှူးလေးက ကျန်ပင်သင်အား မေးလိုက်လေ၏။ ကျန်ပင်သင်သည် တပ်မှူးလေး၏ မျက်နှာကို စူးစူးရဲရဲကြည့်လိုက် ၏။ မျက်မှောင်ချီလိုက်၏။ မျက်ခုံးကိုတွန့်လိုက်၏။ ဦးခေါင်းကို အသာ အယာယမ်းလိုက်၏။

“ချစ်တတ်သူရဲ့ အသည်းဟာ မိုက်မဲလွန်းလှပါတယ်မောင် အခြေ အနေကိုလည်း မကြည့်တတ်ဘူး၊ အချိန်အခါကိုလည်း နားမလည် ဘူး။ ချစ်တာတစ်ခုကလွဲရင် တခြားဘာကိုမှ မသိတတ်ဘူး။ လမ်း ပေါ်က ကချေသည်မလေးမိကျန်ဟာ သုဝဏ္ဏဘုမ္မိ တပ်မှူးလေးကို ချစ်တာကလွဲပြီး ပဇာကိုမျှ မသိပါဘူး။ တပ်မှူးလေးဟာ အာသာ ရမ္မက်ရွှံ့နွံပေနေတဲ့ သူရဲ့ခြေထောက်ကို ကျန်ပင်သင်ဆိုတဲ့ ကချေ သည်မလေးရဲ့ နှလုံးသားရေအိုင်မှာ အကျအနဆေးကြောပြီး နောက်ဆုံးမှာ ရေအိုင်ကို မေ့လျော့သွားမှာပါ။ ခြေဆေးတဲ့ရေအိုင် ကို သတိရတမ်းတနေတဲ့လူရယ်လို့ ဘယ်မှာရှိနိုင်မှာလဲ”

ဟု ကျန်ပင်သင်က တိုးတိုးညင်ညင်လေးပြောလိုက်လျှင် တပ်မှူး လေးသည် ကျန်ပင်သင်၏ နှုတ်ခမ်းနှစ်လွှာကို လက်ဝါးဖြင့် ဖမ်း၍ပိတ်လိုက် လေ၏။

“မယ်မင်းကို မောင်လာမယ့် လရဲ့လပြည့်ကျော် (၅) ရက်မှာ လူသိ နတ်ကြား ယူငင်မယ်"

ဟု လေးနက်တည်ကြည်သောအသံဖြင့် ပြောလိုက်ရာ ကျန်ပင်သင် ၏ မျက်လုံးအိမ်မှ မျက်ရည်များသည် တသွင်သွင်စီးကျလာလေ၏၊ တပ်မှူးလေးသည် ကျန်ပင်သင်၏ မျက်ရည်များကို သုတ်ပေးရင်း

“ဘောက်မဲ့ကြောင့် ငိုရတာတုံး”ဟု မေးလိုက်လေ၏။

“ကျွန်တော်မရဲ့ နှလုံးအိမ် ညှိတမ်းပါဘိတောင်း။ သဟာကြောင့် မျက်ရည်စိမ့်ယိုရပါတယ်မောင်”

(ညီတမ်းဆိုသည်မှာ ရှေးမြန်မာစကားပင်ဖြစ်ပါသည်။ စွဲလမ်းခြင်း စေးကပ်ခြင်း၊ ခွာမရခြင်း စသော အဓိပ္ပာယ်များ ရပါသည်။စာရေးသူ) 

တပ်မှူးလေးသည် ကျန်ပင်သင်၏ ကိုယ်လုံးလေးကို သိုင်း၍ဖက် လိုက်၏ကျန်ပင်သင်၏ရင်၌ လွှမ်းထားသောအဝတ်ကို လက်ဖြင့်ဆုပ်ကိုင် လိုက်၏။ ကျန်ပင်သင်သည် တပ်မှူးလေး၏ လက်ကိုတွန်းပစ်ရန် ကြိုးပမ်း ၏။ သို့သော် သူ၏ကြိုးပမ်းမှု၌ ခွန်အားဟူသောအရာ ထည့်မထားသောကြောင့် ကြိုးပမ်းသည်နှင့်မတူဘဲ ရှိတော့၏။ ထို့နောက် ကျန်ပင်သင် အိပ်ပျော်သွား၏။ သူ၏နှာခေါင်းပေါက်မှ မှုတ်ထုတ်လိုက်သော “ထုတ်သက်' လေသည် တပ်မှူးလေး၏ ရင်ညွန့်အားနွေးခနဲ နွေးခနဲဖြစ်စေ၏။

တပ်မှူးလေးသည် ကျန်ပင်သင်၏ နဖူးဆံစတို့ကို ညင်ညင်သာသာ လေး နမ်းလိုက်လေ၏။ ပြီးလျှင် . . . .

“ထတော့ မယ်မင်း။ မောင်ပြန်ရတော့မယ်”

ဟု ပြောလိုက်လေ၏။ ထိုအချိန်မှာပင် ကြက်ရဲ၏တွန်သံသည် ပေါ်ထွက်လာလေတော့၏။ ကျန်ပင်သင်သည် လူးလဲ၍ထ၏။ “မိုးသောက်ပြီပဲ” ဟု ပြောလိုက်လေ၏။

တပ်မှူးလေးသည် ကျန်ပင်သင်အား ပွေ့၍တွဲထူလိုက်၏။ ထို့ နောက်မြင်းဆီသို့သွား၏။ ပြီးလျှင် တပ်မှူးလေးသည် မြင်းပေါ်သို့ လွှားခနဲ တက်လိုက်၏။ ထို့နောက် ရင်၌စည်းထားသော ကြက်သွေးရင့်ရောင်ပဝါနီကို ဖြေ၍ ကျန်ပင်သင်၏ လည်တိုင်တွင် ပတ်ပေးလိုက်လေတော့၏။ ပြီး လျှင် မြင်းကိုမောင်းထွက်သွား၏။

ကျန်ပင်သင်သည် လည်တိုင်မှ ပဝါကိုဖြေလိုက်၏။ ပြီးလျှင်လက် တွင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထို့နောက် အိမ်ဘက်ဆီသွားပြီးလျှင် ဘမဲနှင့် ဆီတော်တို့ကို နှိုးလိုက်၏။ ၎င်းတို့နိုးလာလျှင် ကျန်ပင်သင်က. . . ညက အဖြစ်အပျက်တစ်ခုလုံးကို တင်ပြလိုက်၏။ ပြီးလျှင် တပ်မှူး လေးပေးလိုက်သော ပဝါကို ဘမဲလက်သို့ အပ်လိုက်လေ၏။ ဘမဲသည် ထို ပဝါကို ဆီမီးထွန်း၍ ကြည့်လိုက်၏။ ပြီးလျှင် .

“မယ်မင်းကျန်ပင်သင်၊ မင်းရဲ့ အပျိုစင်ဘဝကို တမ္ပဒီပနိုင်ငံတော် အတွက် ပေးဆပ်လိုက်ပြီပဲ”ဟု ပြောလိုက်လေ၏။ ဆီတော်ကလည်း ကျန်ပင်သင်အား သိုင်း၍ ဖက်လိုက်ပြီးလျှင်. . . .

“မိကျန်ရယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် ပြုတဲ့အမှုအတွက် ငါဖြင့် လေးစားပါရဲ့”

ဟု ပြောလိုက်လျှင် ဘမဲက . . . .

“ကျန်ပင်သင်ဟာ တပ်မှူးလေးရဲ့ ဇနီးမယားဖြစ်သွားရင် အရေး ကြီးတဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ အပြည့်အစုံရမယ်။ အဲစီအခါမှာ တမ္ပဒီပတပ်ဟာ သုဝဏ္ဏကို အပြီးအပိုင်လုပ်ကြံဖို့ ချီတက်လာနိုင် လိမ့်မယ်”

ဟု ပြောလိုက်လေ၏။ ထို့နောက်တွင်ကား ၎င်းတို့သုံးဦးသားသည် တစ်စုံတစ်ရာပြောဆိုခြင်းမပြုဘဲ ဆိတ်ဆိတ်နေကြလေ၏။ သို့သော် ၎င်း တို့၏ မနောအိမ်၌မူ တမ္ပဒီပမှ အလုံးအရင်းနှင့် ချီလာသော တမ္ဗဒီပတပ် မတော်၏ စစ်ချီသံသည် ပဲ့တင်ထပ်၍ နေလေတော့၏။

တမောင်း တမောင်း 

တို့တမောင်းတည်း 

တကောင်းသားလော

တကောင်းလော။

*  *  *  *  *
တပ်မှူးလေးနှင့် ကျန်ပင်သင်သည် အိမ်ထောင်ရက်သားကျသွား ပြီဖြစ်၏။ ကျန်ပင်သင်သည် သျှောင်နောက်ဆံထုံးပါဆိုသော စကားအတိုင်း တပ်မှူးလေးနေထိုင်ရာ တောင်ကုန်းပေါ်မှ နေအိမ်သို့ လိုက်ပါသွားရလေ ၏။ ထိုသို့လိုက်ပါသွားရသောနေ့က ဘမဲက ကျန်ပင်သင်အား

"မယ်မင်း ကျန်ပင်သင်။ ညည်းဟာ တပ်မှူးလေးကတော်မဟုတ် ဘူး။ တမ္ဗဒီပနိုင်ငံတော်အတွက် သုဝဏ္ဏဘုမ္မိတပ်မှူးလေးဆီက စစ်ရေးလျှို့ဝှက်ချက်တွေ ရယူရမယ့် သူလျှိုမယ်ဆိုတာ မမေ့နဲ့ နော်။ အရေးကြီးဆုံးဟာ စစ်ရေးပဲ။ စစ်ရေးဟာ နိုင်ငံတော်ရဲ့ အဆုံးအဖြတ်ပဲ။ အဲဒီအဆုံးအဖြတ်ဟာ သူလျှိုတာဝန်ပဲ။ အဲဒီ သူလျှိုတာဝန်ဟာ နိုင်ငံတော်ရဲ့ တာဝန်ပဲ။ တို့လူမျိုးတို့ရဲ့ တာဝန် ပဲ။ အဲဒီတာဝန်တွေအားလုံး ညည်းရဲ့ ပခုံးပေါ်မှာ ရောက်နေပြီ၊ ဘာကိုပဲ စဉ်းစား စဉ်းစားစိတ်ရဲ့ ခံစားမှုတွေနဲ့ မစဉ်းစားနဲ့၊ နှလုံးအကြည်ဓါတ်ရဲ့ ခံစားမှုတွေနဲ့ မစဉ်းစားနဲ့။ ခံစားမှုဆိုတာ အခါခပ်သိမ်း လှည့်စားတတ်တယ် မယ်မင်း။ အခုငါပြောတဲ့ စကားတွေဟာ သူလျှိုတပ်စိတ်အဖွဲ့ခေါင်းဆောင် တစ်ဦးအနေနဲ့ ပြောတာဖြစ်တယ်။ ဒါကြောင့် ဒါဟာအမိန့်ပဲ။ ဒီအမိန့်ဟာ ငါ့ရဲ့ အမိန့်မဟုတ်ဘူး။ တမ္ဗဒီပ တပ်မတော် စစ်ဦးစီးချုပ် ဘုရင်အနော် ရထာရဲ့ အမိန့်လို့ ယူဆရမယ်”

ဟု ပြောလိုက်လေ၏။ ထို့အတူ ဆီတော်ကလည်း.. 

“မိကျန်။ ညည်း အခု ဒီနိုင်ငံရဲ့ အကြီးအကဲ တပ်မှူးလေးကတော် ဆိုတာ ဖြစ်သွားပြီ။ အဲဒါဟာ တကယ်ဖြစ်တာမဟုတ်ဘူးနော်။ ဒါက ဟန်ဆောင်တာ။ ဟန်ဆောင်တာကို တကယ်ထင်ရင် ညည်း ကိုငါကိုယ်တိုင် သေဒဏ်ပေးရလိမ့်မယ်။ ငါ အင်မတန်ချစ်တဲ့ မိတုန်ရဲ့ လည်ချောင်းသွေးကို ဓါးနဲ့မဖောက်ချင်ဘူး။ ညည်းတို့ငါတို့ သူလျှိုတွေမှာ အချစ်ဆိုတာမရှိဘူး။ ခံစားမှုဆိုတာလည်း မရှိဘူး။ အထူးသဖြင့် လူတွေနဲ့ ပတ်သက်လို့ မခံစားရဘူး။ ဒီထက်ပိုပြီး ပြောရမယ်ဆိုရင် ယောက်ျားတွေအတွက် မခံစားရဘူး။ တ တယ်လို့ ညည်းခံစားချင်ရင် သဘာဝတရားမှာ ခံစား၊ ဆောင်းကာလမှာကျတဲ့ နှင်းမှုန်လေးတွေကို ကြည့်ပြီးခံစား။ ကာလမှတွေ့ရတဲ့ မိုးစက်လေးတွေမှာ ခံစား။ ဘာသာဘာဝ တွန် ကျူးတဲ့ ငှက်ကျေးသာသရကာတွေမှာ ခံစား၊ သူတို့ရဲ့ တွန်ကျူးတဲ့ အသံလေးတွေပေါ်မှာ ခံစား၊ လူတွေနဲ့ပတ်သက်လို့ မခံစားလေနဲ့။ အထူးသဖြင့် ယောက်ျားတွေနဲ့ ပက်သက်လို့ မခံစားနဲ့။ ခံစားမိရင် အခါခပ်သိမ်း အမှားတွေ့ရလိမ့်မယ်” ဟု ပြောပြန်လေ၏။ ထိုအခါ ကျန်ပင်သင်က. . . .

“ဒီမှာဆီတော်၊ ငါဟာ လူတစ်ယောက်ဖြစ်တယ်။ ကျောက်တုံးတစ် တုံး မဟုတ်ဘူး။ ကျောက်တုံးတစ်တုံးဆိုရင်တော့ ညည်းတို့ပြော သလို ခံစားမှုဆိုတာ မရှိနိုင်ဘူး။ လူဆိုတာတော့ မုန်းတာရှိတယ်။ ချစ်တယ်ဆိုတာရှိတယ်။ သာယာတာရှိတယ်။ ကျောက်တုံးမှာ အဲဒါ တွေမရှိဘူး။ အဲဒီတော့ ငါဟာမခံစားပါဘူးလို့ ညည်းကိုလည်း မလိမ်ချင်ဘူး။ အဲဒီလိုပဲ ဘမဲကိုလည်း မလိမ်ချင်ဘူး။ ဒီ့ထက်ပို ပြီး မလိမ်ချင်တာကတော့ ငါ့ကိုယ်ငါ မလိမ်ချင်ဘူး။ ဒါပေမဲ့ ငါ့အ နေနဲ့ ပြောနိုင်တာတစ်ခုတော့ရှိတယ်။ ငါခံစားမယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ တာဝန်ကို ငါဘယ်တော့မှ မမေ့ဘူး။ ငါ့လူမျိုးနဲ့ ငါ့ နိုင်ငံတော် ကောင်းစားဖို့ဆိုရင် အခုငါယူတဲ့ ငါ့ယောက်ျားတပ်မှူး လေးရဲ့ လည်ချောင်းကို ငါကိုယ်တိုင် ဓါးနဲ့ဖောက်ဝံ့တယ်။ ဒီထက် ပိုပြီးပြောရရင် တမ္ဗနိုင်ငံတော်ကြီးနဲ့ တမ္ပဒီပနိုင်ငံသားတွေ ကောင်း စားမယ်ဆိုရင် ငါ့ရဲ့လည်ချောင်းကိုလည်း ငါဖောက်မယ်။ ဒီမှာ ဆီတော်။ တပ်မှူးလေးကို ငါချစ်တယ်။ ဒါပေမဲ့ ငါ့နိုင်ငံတော်ကို ငါပိုပြီးချစ်တယ်။ ငါ့လူမျိုးကို ငါပိုပြီးချစ်တယ်" 

ဟု ပြောလိုက်ရာ ဆီတော်က ကျန်ပင်သင်အား သိုင်းဖက်၍ ကျန် ပင်ထင်၏ ပါးများကို အဆက်မပြတ်နမ်းရှုပ်လိုက်လေတော့၏။

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး များမကြာမီ ကျန်ပင်သင် နှင့် တပ်မှူးလေးတို့သည် တောင်ကုန်းကလေးပေါ်ရှိ အိမ်ဂေဟာ၌ ပျော်ရွှင် ချမ်းမြေ့စွာ အကြင်လင်မယားအဖြစ် နေထိုင်ခဲ့ကြလေသည်။ တပ်မှူးလေး သည် ကျန်ပင်သင်ပေါ်၌ လွန်စွာယုယ၏။ လွန်စွာမှလည်း ချစ်ခင်၏။ လွန်စွာမှလည်း လိုက်လျော၏။

ထို့ကြောင့် ကျန်ပင်သင်၏စိတ်၌ ငါဟာ သူလျှိုမယ်တစ်ယောက် မဟုတ်ရင် သိပ်ကောင်းမှာပဲ။ အဲဒီလိုဆိုရင် ငါတို့ရဲ့ အိမ်ထောင်သည်ဘဝ ဟာ ဘယ်လောက်များ ပျော်စရာကောင်းမလဲဟူသော စိတ်ကူးများပင် မကြာခဏ ပေးပေါက်လာလေ၏။ သို့ရာတွင် စစ်ဦးစီးချုပ် ဘုရင်အနော် ရထာ၏ “မယ်မင်းတို့သမိုင်းကို မယ်မင်းတို့ရေးရမယ်။ အကောင်းဆုံး ရေး ကြ။ အောင်လံကြီးတွေ လွှင့်ထူကြမယ်။ အမြင့်မားဆုံး လွှင့်ထူကြ။ အနာဂတ် ကို ငါတို့ပိုင်တယ်' ဆိုသော မှာကြားချက်များသည် ရင်တွင် လှိုင်းတံပိုးကဲ့ သို့ ထလျက်ရှိသည်ဖြစ်ရာ စောစောက စိတ်ကူးယဉ်မှုများသည် ထိုလှိုင်း တံပိုးကြီးများအောက်၌ နစ်မြုပ် ပျောက်ကွယ်သွားရရှာလေတော့၏။

ထို့အတူ တမ္ဗဒီပနိုင်ငံတော်မှ ချီလာသော တမ္ဗဒီပတပ်မတော်၏ စစ်ကြွေးကြော်သံတို့သည်လည်း ပဲ့တင်ထပ်နေတော့သည်တစ်မုံ့. . ။ 

မြင်းသည် သိန်းသန်း၊

များစွာလွန်းသည်၊ 

ထက်ဝန်းရံသ မနိုင်, . မနိုင်”

ထိုညက လသည် ထိန်ထိန်သာနေ၏။ ကျန်ပင်သင်သည် လသာဆောင်၌ထိုင်၍ ထိန်ထိန်သာနေသောလတို ငေးမောကြည့်ရှုနေ၏။ ထိုအ ချိန်၌ နှင်းမှုန်များသည် တဖွဲဖွဲကျလာ၏။ တပ်မှူးလေးသည် ခြုံစောင် ကလေးကို ယူလာပြီး ကျန်ပင်သင်၏ ပခုံးပေါ်၌ လွှမ်းခြုံပေးလိုက်၏။ ပြီး လျှင် ကျန်ပင်သင်၏ ပခုံးနှစ်ဖက်ကို ယုယုယယလေး ကိုင်လိုက်၏။ ထို့ နောက် ကျန်ပင်သင်၏ နားအနီးသို့ ကပ်ကာ တိုးတိုးညင်ညင်ကလေးဖြင့် 

“ဒီမောင့်သက်နှင်း ချစ်မယ်မင်း”

ကျန်ပင်သင်က ဇက်ကိုလှန်၍ မော့ကြည့်လိုက်၏။ ထိုအခါ တပ်မှူးလေးက ကျန်ပင်သင်၏ နဖူးပြင်ကို အသာအယာ နမ်းရှုပ်လိုက်လေ၏။

ကျန်ပင်သင်က မျက်လုံးကို စင်းစင်းကလေးမှိတ်ထားလိုက်၏။ ပါးစပ်မှာမူမော့ထားသောကြောင့် မပွင့်တပွင့်ဖြစ်နေ၏။ တပ်မှူးလေးသည်။ ထိုသို့နမ်းရှုပ်ပြီးနောက်. . .

“မအေးဘူးလား။ ဘာဖြစ်လို့ လမင်းကြီးကို ကြည့်နေရတာတုံး” 

“ကြည့်တောင်းလို့ ကြည့်နေတာပါ။ မောင်. . အရေးကြီးတဲ့ အချိန် ရောက်နေပြီလား။ အခါတိုင်းလို စောစောပြန်မရောက်တာ မောင် တို့တပ်တွေ ပြင်နေပြီလား။ ရန်သူတွေ နီးလာပြီလား။ မယ်မင်း ထိတ်သမို့ မေးရတာပါ။ လူတွေကလည်း ပြောနေကြတယ်။ စစ် ကြီးဖြစ်တော့မယ်တဲ့။ မယ်မင်းမကြောက်ပါဘူး။ ဒါပေမဲ့ မောင့် အတွက်ပူတယ်”

ဟု ကျန်ပင်သင်က ပြောလိုက်လေ၏။

 “မမေးပါနဲ့ကွယ်။ စစ်ကြီးဖြစ်မယ်ဆိုတာတော့ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ တမ္ဗဒီပက လူရိုင်းတွေက မောင်တို့ သုဝဏ္ဏကို လာပြီး တိုက်ချင်လည်း တိုက်မှာပေါ့။ ဒါဟာအရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လာပြီးတိုက်ရင်လည်း စစ်သဘောအရ သူတို့ဘက် က အကျအရှုံးများမှာပေါ့။ ခံစစ်တစ်ယောက် ထိုးစစ် တစ်ရာလို့ ဆိုထားတယ်။ ခံစစ်က လူတစ်ယောက်ကျဖို့ဆိုတာ ထိုးစစ်ဘက်က လူတစ်ရာလောက် အကျအဆုံးခံရတတ်တယ်။ ဒီလောက်အရင်း အနှီးများတဲ့ စစ်ပွဲကို တမ္ပဒီပက အနော်ရထာက ဆင်နွှဲချင်သပ ဆိုလည်း ဆင်နွှဲပေါ့။ မောင်ကတော့ မောင့်ရဲ့လူမျိုး၊ မောင့်ရဲ့ တိုင်းပြည်အတွက် ကာကွယ်ရမှာပေါ့။ စစ်ကို ဦးစီးရမှာပေါ့။ မောင် တို့ သုဝဏ္ဏမှာလည်း ခံစစ်အတွက် အလွန်တည်ငြိမ်တဲ့ တပ်မှူးကြီး တွေ ရှိပါတယ်။ မောင်တို့က ကျူးကျော်တာမဟုတ်ဘူး။ ကျူးကျော် စစ်ကို ခုခံရမယ့်ဘက်ကရပ်တည်ပြီး တိုက်ရမှာမို့ ဒီတိုက်ပွဲဟာ တရားတဲ့ တိုက်ပွဲပဲ၊ အဲဒီတရားတဲ့တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ မောင့်ရဲ့ စိတ်ဟာ ကြည်လင်သန့်ပျံ့နေတယ်။ ကျူးကျော်စစ်မျိုး ဆိုရင်တော့ မောင်ဟာ အထက်အမိန့်ပေးလို့ တိုက်ချင်တိုက်ရမယ်။ ဒါပေမဲ့ မတရားဘူးဆိုတာသိထားတော့ စိတ်မသန့်ဘူး”

ဟု တပ်မှူးလေးက ပြောလိုက်လေ၏။ ထိုအခါ ကျန်ပင်သင်က

 “ဒီမယ်မောင်၊ မောင်တို့ဘက်က ခံစစ်အတွက် လုံလောက်တဲ့ စစ်သူ ကြီးတွေ၊ တပ်မှူးကြီးတွေ ရှိတယ်ထားပါဦး။ မောင့်အတွက် ကျွန်တော်မ စိတ်ပူမိတယ်။ တမ္ပဒီပဘုရင် အနော်ရထာဆီမှာ ကောထိုး စစ်အတွက် အားကိုးလောက်တဲ့ စစ်မှူးကြီးတွေ မရှိဘူးလို့ မောင့် အနေနဲ့ ပြောနိုင်ပါ့မလား” 

ဟု ပြန်၍ မေးလိုက်လေ၏။

"ဒီလိုရှိတယ် မယ်မင်း။ သုဝဏ္ဏ ဘုမ္မိကို ထိုးဖောက်မယ်ဆိုရင် ကျန်စစ်သားဟာ စစ်ဦးစီးမှူး လုပ်ရလိမ့်မယ်။ ဗျတ္တဟာ ရှေ့ပြေး တပ်ဖွဲ့ကို ကိုင်လိမ့်မယ်။ တပ်မှူးကြီးညောင်ဦးဖီးတို့၊ တပ်မှူးကြီး ငလုံးလက်ဖယ်တို့၊ တပ်မှူးကြီး ငထွေရူးတို့က တပ်မကြီးတွေ တစ်ခုစီကိုင်ပြီး နေပြည်တော်ကို ဝိုင်းရံလိမ့်မယ်။ သုဝဏ္ဏဘုမ္မိရဲ့ ပထဝီကို တပ်မှူးကြီးဗျတ္ထက ပိုပြီးအကျွမ်းတဝင်ရှိတယ်ဒါကြောင့် တမ္ဗဒီပရဲ့ တိုက်ပွဲဗဟို ဝင်ရိုးကို တပ်မှူးကြီး ဗျတ္ထဆီမှာ ထားလိမ့် မယ်၊ မောင်တို့က အဲဒီ ဗဟိုဝင်ရိုးကို ရိုက်ချိုးနိုင်ဖို့ပဲ”

တပ်မှူးလေးကပြောလိုက်ရာ ကျန်ပင်သင်က တပ်မှူးလေး၏ မျက်နှာကို စေ့စေ့ကြည့်လိုက်လေ၏။

“ရိုက်ချိုးဆိုတဲ့စကားဟာ ပါးစပ်နဲ့ပြောရင် စကားလေးသုံးလေး လုံးပဲမောင်။ လွယ်ပါ့မလား။ ဒီစစ်ကြီးမှာ မပြောကောင်း မဆို ကောင်း မောင်တို့ဘက်က ရှုံးသွားရင် ကျွန်တော်မနဲ့ မောင်နဲ့ အချစ်နတ်ဘုံလေးဟာ ဘယ်လိုဖြစ်သွားမလဲ”

ဟု ကျန်ပင်သင်သည် စစ်ရေးစစ်ရာကို နားမလည်ဘဲ ပူပန်ရုံ သက်သက်သာ ပူပန်တတ်သော အိမ်ရှင်မတစ်ဦး၏ ဟန်ပန်နှင့် တပ်မှူး လေးအား မေးလိုက်လေ၏။ ထိုအခါ တပ်မှူးကလေးက ..

“ဒီလိုရှိတယ်မယ်မင်း။ မောင်တို့စစ်ပညာမှာက ထိုးစစ်ကို အချက် သုံးချက်နဲ့ ရိုက်ချိုးရတယ်။ အဲဒီအချက်သုံးချက်ဟာ 'နှေး၊ ယိုင်၊ ပျက်' လို့ ခေါ်တယ်။ ထိုးစစ်ကို အကြောင်းအမျိုးမျိုးနဲ့ နှေးကွေး အောင် လုပ်ရတယ်။ အဲဒီလို နှေးကွေးလာရင် ဝေးလံတဲ့ ဒေသဆီ စစ်ချီလာတဲ့ စစ်သားတွေအဖို့ ပင်ပန်းနွမ်းနယ်ပြီး စိတ်တွေ ယိုင်လာတော့တာပဲ။ အဲဒီအခါမှာ အပြီးအပိုင် ပျက်စီးသွားအောင် ချေမှုန်းပစ်ရတယ်။ ဒါဟာ ရှေးရိုးအစဉ်အလာ ခံစစ်ရဲ့ ဓမ္မပဲ” 

ဟု တပ်မှူးလေးက ပြောလိုက်လေ၏။

“မောင်တို့ဘက်မှာ ခံစစ်ဓမ္မရှိသလို ထိုးစစ်ဓမ္မရှိမှာပေါ့” ဟု ကျန်ပင်သင်က မေးလိုက်လေ၏။

“ရှိတာပေါ့ မယ်မင်းရယ်။ အချက်အချာမင်းနေပြည်တော်ကို အင် နဲ့ အားနဲ့ပိတ်ပြီး ရိက္ခာဖြတ်၊ အသွားအလာဖြတ်၊ မီးဖြတ်၊ ထင်း ဖြတ်၊ ရေဖြတ်၊ ကျေနပ်အောင်ဖြတ်ပြီး ပိတ်ဝိုင်းသုတ်သင်ချေမှုန်း၊ တွေ့သမျှလု၊ တွေ့သမျှမီးရှို့ဆိုတဲ့စကားဟာ ထိုးစစ်ကြမ်းကြမ်း ဆင် နွှဲဖူးတဲ့ တပ်မှူးတိုင်း ပြောနေကျစကားတွေပေါ့။ အဲဒါသူတို့ရဲ့ ဓမ္မတွေပေါ့။ အတွေ့အကြုံရှိတဲ့ ထိုးစစ်ခေါင်းဆောင်ဆိုရင် ကြောက် တတ်သူ၊ သူရဲဘောနည်း သူကို လမ်းကောင်းကောင်းက ချီတက် မခိုင်းဘူး။ ခက်ခဲတဲ့လမ်းက ချီတက်ခိုင်းတယ်။ အဲဒီအခါမှာ အဲဒီ ကြောက်တတ်သူဟာ ခရီးလမ်းခက်ခဲလွန်းလို့ စိတ်တွေညစ်လာပြီး သေတာမှ ကောင်းတယ်ဆိုတဲ့ စိတ်မျိုးတွေ ဝင်လာတော့တာပဲ။ 

အဲဒီလို စိတ်မျိုးဝင်လာတဲ့အခါမှာ ပါးနပ်တဲ့ စစ်ခေါင်းဆောင်က အဲဒီ ကြောက်တတ်သူကိုပဲ တိုက်ရိုက်ရှေ့ကို တင်ပေးလိုက်တော့ တာပဲ။ အဲဒီ ကြောက်တတ်သူဟာ ပင်ပန်းပြီး သေချင်စိတ်တွေပေါက်နေလေတော့ ရွပ်ရွပ်ချွံချွံ အသေခံတိုက်တော့တာပေါ့။ ဒါကြောင့် ကျွမ်းကျင်တဲ့တပ်မှူးရဲ့ လက်အောက်မှာ ကြောက်သူရယ် လို့ မရှိဘူး။ အားလုံးကို ရဲရင့်အောင် သူကလုပ်နိုင်တယ်။ အဲဒါတွေ ဟာ ရှေးအထက် ကျော်ကာရီက ထိုးစစ်ကို ပိုင်ပိုင်နိုင်နိုင် ဆင်နွှဲ ခဲ့ဖူးတဲ့ တပ်မှူးကြီးတွေရဲ့ ထိုးစစ်ဓမ္မပေါ့ကွယ်” ဟု တပ်မှူးလေးက ပြောပြလိုက်လေ၏။ 

ကျန်ပင်သင်က ထိုစကားများကို စိတ်တွင် တစ်ခေါက်ရေရွတ်ကြည့်၏။ ပြီးလျှင် . . 

“မောင့်ကိုချစ်လို့လား မသိဘူး။ မောင်ဘာပြောပြော ကျွန်မတော့ နားထောင်လို့ သိပ်ပြီးကောင်းတာပဲ။ စစ်မှုရေးရာဆိုတာ ကျွန်တော် မတို့လို မိန်းမသားတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါပေမဲ့ မောင်က အဲဒီအကြောင်းတွေ ပြောတော့ လည်၊ ကျွန်တော်မရဲ့ နားမှာ ချိုလှ ပါတယ်”

ဟုပြောကာ ကျန်ပင်သင်သည် ကျစ်လျစ်သန်မာလှသော တပ်မှူး လေး၏ လက်မောင်းကို ဆွဲ၍ယူနမ်းရှုပ်လိုက်လေတော့သတည်း။

ကျန်ပင်သင်သည် နောက်တစ်နေ့၌ တပ်မှူးလေးပြောသော စကားများကို ဘမဲနှင့် ဆီတော်ထံသို့ စစ်သတင်းအဖြစ်နှင့် ပို့လိုက်လေ၏။ ဘမဲ တို့ကလည်း ထိုသတင်းတို ကုန်သည်များမှတဆင့် တမ္ဗဒီပ နိုင်ငံတော်၏ စစ်သေနာပတိချုပ် ဘုရင်အနော်ရထာထံသို့ အရောက်ပို့လိုက်လေသတည်း၊

ကျန်ပင်သင်သည် တပ်မှူးလေးခံစစ်အတွက် တံတိုင်းများ ဆောက်နေပုံ၊ ကတုတ်ကျင်းများတူးနေပုံတို့ကို ဤသို့လျှင် မှန်မှန်ကြီး သတင်းပေးခဲ့သည်ဖြစ်၏။ ဘမဲနှင့် ဆီတော်ကလည်း ရသမျှ စစ်သတင်း ကို ဘုရင်အနော်ရထာထံသို့ အရောက်ပေးပို့ခဲ့သည်ချည်းဖြစ်၏။

ဤသို့နှင့်ပင် တရွေ့ရွေ့အချိန်ကြာညောင်းလာခဲ့ရာ ကျန်ပင်သင် သည် တိုယ်ဝန်အရင့်အမာရရှိသည့်အချိန်သို့ ရောက်ရှိခဲ့တော့၏။ တစ်နေ့ တွင် ဆီတော်နှင့် ကျန်ပင်သင်သည် ဈေး၌ဆုံတွေ့ကြလေ၏။ ဆီတော်က ပင်သင်အား ကိုယ်ဝန်ရခြင်းအတွက် အပြစ်တင်လေ၏။

“သူလျှိုသင်တန်းတက်တုန်းက ပဋိသန္ဓေမရတဲ့နည်းအကြောင်း သင်ခဲ့တယ်မဟုတ်လား။ ညည်းအဲဒီဆေးနည်းကို မသုံးဘူးလား။ ညည်းတို့ ငါတို့သူလျှိုတွေဆိုတာ သံယောဇဉ်ရှိလို့ မဖြစ်ပေဘူး။ ဒါလောက်တော့ ညည်းသိသင့်တယ်”

ဟု အပြစ်တင်လေ၏။ ထိုအခါ ကျန်ပင်သင်က. . . . 

“ဟဲ့. . . သဘောက်မ။ အဲဒီဆေးကို သုံးတာပေါ့ဟဲ့။ ဒါပေမဲ့ အဲဒီ ဆေးနည်းက လဆန်းပက္ခ၊ လဆုတ်ပက္ခတွေ ရေတွက်ပြီး အသုံး ချရတာဟဲ့၊ အတွက်မှားလို့ အခုလိုဖြစ်သွားတာ”

ဟု ပြန်ပြောလျှင် ဆီတော်သည် ဆက်၍အပြစ်မတင်ရက်တော့ဘဲ ရယ်ရှာလေ၏။ ထိုသို့ ရယ်ပြီးနောက် . . . .

“ညည်းအဖြစ်ကလည်း ငိုအားထက် ရယ်အားသန်ဆိုသလိုဖြစ်နေ ပြီ။ အရေးအကြောင်း ကိုယ်လွတ်ရုန်းရတဲ့အချိန်အခါမျိုးဆိုရင် တော့ ကလေးကိုညှာနေလို့ မဖြစ်ဘူးနော်။ တစ်ခါတည်း အပြီး သိမ်းဆည်းပစ်ခဲ့ရမယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျန်ပင် သင်က...

“စိတ်ချပါ မိတော်ရယ်။ ငါလုပ်ရမယ့် တာဝန်ဝတ္ထရားတွေအတွက် ငါတာဝန်ယူပါတယ်။ တမ္ပဒီပနိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုး စီးပွားကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ ငါမငဲ့ပါဘူးဟယ်”

ဟု ပြောလိုက်လေ၏။ ထို့နောက်တွင်ကား ၎င်းတို့နှစ်ဦး လမ်းခွဲ ကြလေတော့၏။ ဤကဲ့သို့ ဆီတော်နှင့် ကျန်ပင်သင်တို့နှစ်ဦး ဈေး၌ တွေ့ဆုံ စကားပြောသည်ကို တပ်မှူးလေးသည် သူ၏ သူလျှိုတစ်ယောက်၏ သတင်း ပေးချက်အရ သိရှိထားပြီးဖြစ်၏။ ကျန်ပင်သင်သည် မိမိခရီးသွားရာနောက် တပ်မှူးကလေး၏ သူလျှိုတစ်ဦးဦးအစဉ်လိုက်ပါလာမည်ကို ရိပ်စားမိ သည်နှင့်အမျှ တပ်မှူးကလေးအိမ်သို့ ပြန်ရောက်လျှင် ရောက်ချင်း ဆီတော် နှင့် ဈေး၌တွေ့ခဲ့ပုံကို ပြောပြလိုက်၏။

တပ်မှူးကလေး ကျန်းခံ့သာပါရဲ့လားဟု မေးကြောင်းကိုလည်း ထည့်သွင်းပြောဆိုလိုက်၏။ ထိုသို့ပြောဆိုလိုက်ခြင်းကြောင့် တပ်မှူးလေ အသုံးပြုထားသော သူလျှိုထံမှဆီတော်နှင့် ကျန်ပင်သင် ဈေး၌ တွေ့ဆုံ ကြောင်းသတင်းသည် အရေးကြီးသော သတင်းမဟုတ်တော့ဘဲ သတင်း ဆင့်အတန်း နိမ့်ကျသွားလေတော့၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီးများမကြာမီ၌ပင် ကျန်ပင် သင်သည် သမီးကလေးတစ်ဦး ဖွားမြင်ခဲ့လေတော့၏။ ထိုသမီးကလေး ကို တပ်မှူးကလေးသည် သူ၏မျတ်လုံးတစ်မျှ ချစ်ချင်၏။ ထို့အတူ သူ၏ချစ်သူ ကျန်ပင်သင်ကို လမ်းပေါ်၌ လှည့်လည်ကပြစဉ် တွေ့ခဲ့ရသည်ကို အစွဲပြု၍ 'ခရီးလမ်း' ဟု အဓိပ္ပာယ်ရသော ပါဠိစာလုံး “အဓွန့်’ ဟူ၍ အမည်ပေးခဲ့ လေ၏။ ထို့ထက် တပ်မှူးကလေး၏ နှလုံး သည်းပွတ်၌ သူနှင့် ကျန်ပင်သင် တို့၏ ချစ်ခြင်းမေတ္တာသည်လည်းကောင်း၊ သမီးကလေးအပေါ်၌ ထားရှိ သော မေတ္တာသည်လည်းကောင်း အဓွန့်ရှည် ကြာစေလိုသောဆန္ဒလည်း ရှိ ဟန်တူ၏တကား။

*** *** ***
၇ဆက်ပါမည်

Post a Comment

Previous Post Next Post

Comments