* မြင်းကပါ အကျဉ်းသား *
မင်းသိင်္ခ
အပိုင်း - ငါး
မောင့်ရင်ခွင်ကို နတ်ပြည်ထင်
ထိုညက လသည် ထိန်ထိန်သာနေ၏။ တပ်မှူးလေးသည် ဆီတော် နှင့် ကျန်ပင်သင်တို့ တည်ခင်းကျွေးမွေးသော ငရုတ်သီးစပ်စပ်ဖြင့် မွှေထား သည့် ငါးပတ်မွှေဟင်း၊ ချဉ်ချဉ်စပ်စပ်ချက်ထားသော ငါးဖားမဟင်း၊ ခြောက် ခြောက်ကြွပ်ကြွပ်ကြော်ထားသော ဖားကြော်တို့ဖြင့် တည်ခင်းဧည့်ခံလေ၏။ ထိုနေ့ညစာကို မြိန်ရှက်စွာစားခဲ့ပြီးဖြစ်၏။ ထို့နောက် မပြန်ဖြစ် သေးဘဲ အိမ်အောက်သို့ဆင်းကာ အိမ်သားများနှင့် စကားပြောနေ၏။ ဘမဲ သည် ခဏတဖြုတ် စကားပြောပြီးနောက် တစ်နေ့လုံး ပင်ပန်း၍ ကိုယ်လက် များ နာသည်ဆိုတာ အိမ်ပေါ်သို့ တက်သွား၏။ ဆီတော်နှင့် ကျန်ပင်သင် သာ တပ်မှူးလေးနားတွင်ရှိခဲ့၏။
“ဆီတော်လည်း အိပ်ချင်ပြီ”
ဟုဆိုကာ များမကြာမီ၌ပင် အိမ်ပေါ်သို့ တက်သွားခဲ့၏။ ကျန်ပင် သင်နှင့် တပ်မှူးလေးနှစ်ဦးသာ အုန်းပင်အောက်တွင် ကျန်ရစ်ခဲ့၏။ ထိန်ထိန်သာသာလသည် အုန်းလက်များကို ဖြဲ၍ ၎င်းတို့နှစ်ဦးအား မကြာမကြာ ချောင်းကြည့်၏။ ထိုအချိန်၌ မြို့ထဲ ကြက်ရဲတစ်ကောင်၏ တွန်သံကိုကြား ရ၏။
“အောက်အီးအီးအွတ်”
ကြတ်ရဲအော်သံကြားလျှင် ကျန်ပင်သင်သည် တစ်စုံတစ်ခုကို သထိ ရသွား၏ ထိုတစ်စုံတစ်ခုမှာ ၎င်းတို့သည် တမ္ပဒီပကို စွန့်ခွာမည့်ညက ၎င်းတို့၏ စစ်ဦးစီးချုပ် ဘုရင်နော်ရထာက ၎င်းတို့အား မှာကြားသင့်သည် များကို မှာကြားနေစဉ်၌ တမ္ပဒီပမြို့တွင်းမှ ကြက်ရဲတွန်သံတို ကြားခဲ့ဖူး၏။ ယခုကြက်ရဲသွန်သံ ကြားရသည့် အချိန်၌မူ သူသည် ရန်သူစစ်ဦးစီးချုပ်၏ ရှေ့မှောက်တွင် ရောက်နေ၏။
“သန်းခေါင်ကြက်ရဲတောင်တွန်ပြီ။ ဒီမောင့်သက်နှင်း ချစ်မယ်မင်း”
ဟုဆိုကာ တပ်မှူးကလေးသည် ကျန်ပင်သင်၏ ပခုံးစွန်းနှစ်ခုတို လက်ဖြင့် ဆုပ်ကိုင်ပြီး မိမိဘက်သို့ ဆွဲယူလိုက်၏။
နဂိုကပင် ဤသို့ဆွဲယူပါက အလိုက်သင့်ပါသွားရမည်ဟု ဆုံးဖြတ် ထားသော ကျန်ပင်သင်သည် ပျော့ခွေညွတ်ပျောင်း၍ တပ်မှူးလေး၏ ရင် ခွင်ထွင်းသို့ ရောက်သွား၏။ တပ်မှူးလေးသည် ကျန်ပင်သင်၏ မျတ်နှာကို ငုံ့ကြည့်လိုက်၏။ ကျန်ပင်သင်၏ မျက်နှာသည် ရွှန်းပနေ၏။ ထိန်ထိန်သာ သော လမင်းထက်ပင် ရွှန်းပနေ၏။
“အစက တစ်ပြည်သူ မယ်မင်းကို ရနံ့မကင်းရှိခဲ့တယ်။ တမ္ဗဒီပ ကလွှတ်တဲ့ သူလျှိုမလေးများလားလို့တောင် ထင်ခဲ့မိတယ်” ဟု ပြောလိုက်လျှင် ကျန်ပင်သင်သည် ခစ်ခနဲရယ်လိုက်၏။
“ဟုတ်တယ်။ ကျန်ပင်သင်က တမ္ပဒီပကလာတဲ့ သူလျှိုမ။ သုဝဏ္ဏ ဘုမ္မိတ သေနာပတိတပ်မှူးလေးကို မေတ္တာထောင်ချောက်နဲ့ ထောင်ဖမ်းပြီး အသေသတ်မှာ။ ပြီးတော့ တမ္ပဒီပက စစ်သူရဲတွေ ရောက်လာပြီး သုဝဏ္ဏဘုမ္မိကို လုပ်ကြံမှာ။ ကဲ. . . . မှတ်ထား ဟု ကျန်ပင်သင်က ပြောကာ တပ်မှူးတလေးနဖူးကို သူ၏လက် ညှိုးကလေးဖြင့် ထိ၍တွန်းလိုက်လေ၏။
“ကိုယ့်ကိုချစ်တဲ့သူကို ဒီလိုရက်ရက်စက်စက်သတ်မယ်လို့ပြောတာ ငရဲကြီးတတ်တယ်မယ်မင်း။ နောင်ဘဝရောက်ရင် ကိုယ်ကတစ်ခါ ပြန်ပြီး ကိုယ်ချစ်တဲ့သူရဲ့ သတ်ဖြတ်ခြင်းကို ခံရတတ်တယ်။ ဝဋ် လိုက်တယ်လို့ ခေါ်တာပေါ့။ ဝဋ်လိုက်တတ်တယ်မယ်မင်း" ဟု တပ်မှူးလေးက ပြောလိုက်လျှင် ကျန်ပင်သင်က. .
“ငရဲကြီးတယ်ဆိုတာ ဘာလဲ”ဟု ကလေးငယ်ကဲ့သို့ မေးလိုက်လေ၏။
“ငရဲဆိုတာ ရှိတယ်မယ်မင်း။ အသက်ရှင်စဉ်က မကောင်းမှုတွေ လုပ်ထားတဲ့လူဟာ အသက်သေရင် ငရဲကိုရောက်သွားတတ်တယ်။ ငရဲဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်။ လူကိုမီးကျီးခဲထဲမှာထည့် ပြီး ကင်တယ်။ ဆီပူအိုးထဲမှာ ထည့်ပြီးကြော်တယ်။ လွှတွေနဲ့ ဖြတ် တယ်။ မျိုးစုံအောင် နှိပ်စက်တဲ့နေရာတစ်မျိုးပဲ”
ဟု တပ်မှူးလေးက ပြောလိုက်လျှင် ကျန်ပင်သင်ကာ . . . “အဲဒီငရဲဆိုတာ ဘယ်မှာရှိလဲ" ဟု ပြန်၍မေးလိုက်လေ၏။
“ဟိုး. . မြေကြီးအောက်မှာ”
ဟု တပ်မှူးလေးက ပြန်၍ပြောလျှင် ကျန်ပင်သင်က. . . .
“မြေကြီးအောက်မှာ မဖြစ်နိုင်ဘူး၊ မြေကြီးကိုတူးရင် ရေတွေပဲထွက်လာတာပဲ။ ဘယ်မှာလဲ လွှတွေ။ ဘယ်မှာလဲ မီးကျီခဲတွေ၊ မောင်တို့ သုဝဏ္ဏဘုမ္မိက လူတွေက စကားအဆန်းသိပ်ပြီး ပြောကြတယ်။ အဲဒါ ဘယ်သူက စပြီးပြောတဲ့စကားလဲ” ဟု မေးလိုက်လေ၏။
“ဒီမှာမယ်မင်း. . ဒီစကားဟာ သုဝဏ္ဏဘုမ္မိကလူတွေ ပြောတဲ့ စကားမဟုတ်ဘူး။ ဟိုး. . မဇ္ဈိမက ဗုဒ္ဓရဲ့စကားသာဖြစ်တယ်။ သုဝဏ္ဏဘုမ္မိသားတွေဟာ ဗုဒ္ဓရဲ့ အယူကို ယူတဲ့ ဗုဒ္ဓဘာသာတွေဖြစ် တယ်။ ဒါကြောင့် ငရဲတို့၊ နတ်ပြည်တို့အကြောင်း ပြောလေ့ရှိတာပဲ။ သုဝဏ္ဏဘုမ္မိမှာ ရဟန်းတော်တွေလည်း ရှိတယ်။ သူတို့ဟာ ဗုဒ္ဓရဲ့နက်ရှိုင်းတဲ့တရားဓမ္မတွေကို ဟောပြနိုင်တယ်။ မောင်တို့ကတော့ စစ်သားမို့ အဲဒီလို မပြောနိုင်ဘူး။ ဒါကြောင့် မယ်မင်းထို ငရဲပြည် အကြောင်း၊ နတ်ပြည်အကြောင်းယုံလာအောင် မပြောပြနိုင်ပါဘူး။ နတ်ပြည်ဆိုတာ သိပ်ပြီးပျော်ဖို့ကောင်းတယ်လို့ မောင်လည်းကြား ဖူးတယ်”
ဟု တပ်မှူးလေးက ပြောလိုက်လျှင် ကျန်ပင်သင်က . . .
"ဒီလိုဆိုရင် ခု ကျွန်တော်မဟာ နတ်ပြည်ကိုရောက်နေတာပေါ့။ မောင့်ရဲ့ ရင်ခွင်မှာ ကျွန်တော်မပျော်တယ်။ အဲဒီတော့ နတ်ပြည် ဆိုတာ မောင့်ရဲ့ရင်ခွင်ပဲဖြစ်ရမယ်။ တခြားဘယ်ဟာမှ မဖြစ်နိုင် ဘူး”
ဟုဆိုကာ ကျန်ပင်သင်သည် တပ်မှူးလေး၏ ရင်ခွင်ထဲသို့ တိုးသည် ထက် တိုးဝင်သွားလေ၏။ တပ်မှူးလေးသည် ကျန်ပင်သင်အား ပွေ့ဖက် ထားလိုက်၏။ ထို့နောက် မေးစေ့မှကိုင်၍ ကျန်ပင်သင်၏ မျက်နှာကလေးကို မော့လိုက်ပြီးလျှင် ကျန်ပင်သင်၏ နဖူးလေးအား ကြင်နာယုယစွာ နမ်းရှုပ် လိုက်လေတော့သတည်း။
* * * *
ကြမ္မာဖတ်လူဝကြီး ရောက်လာခြင်း
သူလျှိုသုံးဦးသည် ဣနြေ္ဒမပျက် နေထိုင်ခဲ့ကြလေသည်။ ၎င်းတို့ နေထိုင်ရာအနီးသို့လည်း ဟိုမှ သည်မှလူများပြောင်း ရွှေ့လာကြ၏။ အထူး သဖြင့် အိုးမဲ့အိမ်မဲ့များ၊ နေရာထိုင်ခင်းမရှိသူများကို တပ်မှူးလေးက နေရာ ချပေး၏။ ထိုသို့ပြောင်း ရွှေ့လာသည့်အထဲတွင် ကြမ္မာဖတ်လူဝကြီးသည် အိမ်ထောက်ရက်သားမရှိ။ တစ်ကိုယ်တည်း နေထိုင်သူဖြစ်၏။ ထိုလူကြီးရ သော အိမ်ကွတ်မှာ ကျန်ပင်သင်တို့နှင့် ငါးအိမ်ကျော်လောက်တွင်ဖြစ်၏။ ကြမ္မာဖတ်လူဝကြီးသည် ၎င်းနေထိုင်ရာတဲကို ၎င်းဘာသာဆောက်၏။ ၎င်း ဆောက်သော တဲပုံစံမှာလည်း သူတစ်ပါးတဲနှင့် မတူ။ တစ်မျိုးတစ်ဖုံ ထူး ခြား၏။
တဲ၏ အမိုးသည် အများသူငါဟဲထက်ပို၍ ချွန်၏။ တဲ၏လေးဖတ် လေးတန်တွင် တံခါးများ ဖောက်ထား၏။ ၎င်း၏အိပ်ရာကိုမူတဲ၏ အလယ် ကောင်တည့်တည့်၌ ထား၏။ ကျန်ပင်သင်သည် ကြမ္မာဖတ်လူဝကြီးကို မြင် ပြီးလျှင် ခစ်ခနဲရယ် လိုက်၏။ ပြီးလျှင် ဆံတော်အား .... “မိတော်..”ဟု လှမ်း၍ခေါ်လိုက်၏။
“ဘာလုပ်မလို့ ခေါ်နေတာလဲ သဘောက်မရဲ့၊ ဒီမှာ အဝတ်ဖွတ် နေတာ မမြင်ဘူးလား”
ဟု ဆီတော်က ပြန်၍အော်လိုက်၏၊
“ညဲကို ပြစရာရှိလို့ပါ။ အချည်းစီး ခေါ်တာ မဟုတ်ပါဘူး” ဟု ကျန်ပင်သင်က ပြောလိုက်လေ၏။
“ပဇာကို ပြမလို့တုံး။ ညဲလင် တပ်မှူးလေးကို ပြမလို့" ဟု ဆီတော်က ပြန်၍ပြောလိုက်လေ၏။
“ငါ့လင်တပ်မှူးလေးမဟုတ်ဘူး။ ညီးလင် လူဝကြီးကို ပြမလို့။ ဟိုမှာ တွေ့လား"
ဟုဆိုကာ တဲထိုးနေသော ကြမ္မာဖက်လူဝကြီးကို ပြလေ၏။ ဆီတော် သည် ထိုလူဝကြီးကိုမြင်လျှင်. . . .
“သဘောက်မသား လူဝကြီး၊ ငါ့ကိုများ လင်မရဘူးတဲ့။ တွေ့မယ်” ဟု ပြောလိုက်လျှင် ကျန်ပင်သင်သည် ရယ်လေတော့၏၊
“အပြစ်မတင်ပါနဲ့ မိတော်ရယ်။ ဒီလူကြီးက သဘောကောင်းပုံရ ပါတယ်။ သူ့ခမျာ နုံလို့၊ အလို့တခြားအလုပ် လုပ်မစားနိုင်ဘဲ ကြမ္မာဖတ်စားနေရတာနဲ့ တူပါတယ်။ ခုထက်ထိ သားမယားမရှိ သေးတာ နုံလို့အလို့ဖြစ်မှာပေါ့” ဟု ကျန်ပင်သင်က ပြောလိုက်လျှင် ဆီတော်ကမဲ့လိုက်လေ၏။
ထိုအခါ ဆီတော်က . . . . “ညဲလူအပါလိမ့်မယ်။ ပျက်သိကာလောက်တောင် မနုံဘူး” ဟုပြောလိုက်လေ၏။
(ပျက်သိကာ’ ဟူသော စကားမှာ အနည်းငယ်ဟု အဓိပ္ပာယ်ရ ၏။ ထိုစကားသည် ရှေးမြန်မာစကားဖြစ်၏။-စာရေးသူ)
“ညဲက ဘာကြောင့် သူ့ကို မနုံ၊ မအဘူးလို့ပြောရတာလဲ” ဟု ကျန်ပင်သင်က မေးလိုက်လေ၏၊
"သဘောက်မ မိကျန်။ ည မမှတ်မိဘူးလား။ အဲဒီလောက် သည်းခြေ နည်းရင် သူလျှိုမ မလုပ်နဲ့သေလိမ့်မယ်။ဘတမဲရဲ့ စည်တိုကို လွယ် ထားတဲ့ ကြိုးကြားထဲမှာ ညပ်နေတဲ့ဖုန်မှုန့်ဟာ အနီရောင်မို့ ‘မထိလာ’ ကလာတဲ့ ခရီးသည်တွေဖြစ်တယ်လို့ ပြောတာရယ်၊ ငါတို့ရဲ့ ခြေ မျက်စိနားမှာ အသားမာ မရှိလို့ ငါတို့ကို ကချေသည်အစစ်မဟုတ် ဘူးလို့ ပြောတာရယ်ကို မမှတ်မိတော့ဘူးလား။ မျက်စိကလည်း ရှင်ပါဘိသနဲ့။ အဲဒီ မျက်စိနဲ့ တွေ့သမျှကိုလည်း သူ့ခေါင်းက စဉ်း စားနေတာ လိုက်ကြည့်နေတဲ့ အတိုင်းပဲ" ဟုဆီတော်က ပြောလိုက်လေ၏။
“ဒီမှာ မိတော်။ သူကမနုံဘူးဆိုရင် ဘာဖြစ်လို့ ဇနီးသားမယား မရသေးတာလဲ” ဟု ကျန်ပင်သင်က မေးလိုက်လေ၏။
“ဪ. . . . ယောက်ျားတွေ မိန်းမရတာ လည်ပတ်တယ်လို့ထင် လို့လာ။ လူနုံလူအတွေ အငိုက်မိသွားထား ညဲ အခုပဲ စဉ်းစားလေ တပ်မှူးလေးကို ညက ထောင်ထားပြီမဟုတ်လား။ မကြာခင်ပဲ အိမ် ထောင်ကျတော့မယ်။ အဲဒါအငိုက်မိလို့ အိမ်ထောင်ကျတာ၊ လူဝ ကြီးက လူလည်ကြီး။ အဲဒါကြောင့် အငိုက်မမိတာပေါ့ဟယ်"
ဟု ဆီတော်က ပြောလိုက်လျှင် ကျန်ပင်သင်က “တော်တော့။ ညဲစကားကို တိုးတိုးပြေား ညဲစကားကို ကြားသွားရင် ကျန်တဲ့မိန်းမတွေ အိမ်ထောင်မကျဘဲနေလိမ့်မယ်"
ဟု ပြောလိုက်၏။ ထိုအချိန်မှပင် ကြမ္မာဖတ်လူဝကြီးသည် အလုပ် လုပ်ရင်းဆီတော်နှင့် ကျန်ပင်သင်ကို မြင်တွေ့သွားလေ၏။ လူဝကြီးသည် သူ၏စုကားသောဗိုက်ကြီးကို လက်နှစ်ဖက်ဖြင့်ရွေ့ရင်း ၎င်းတို့ထံသို့ လျှောက် လာလေ၏။ အနီးသို့ရောက်လျှင် လူဝကြီးက ...
“ဟဲ့. . ညည်းတို့အဘရော ဟု မေးလိုက်လေ၏၊ ထိုအခါ ကျန်ပင်သင်က. . . .
“ကျွန်တော်မတို့အဘ ထင်းခွေသွားပါတယ်” ဟု ပြောလိုက်လျှင် လူဝကြီးက
"ထင်းခွေ၊ ဟင်းရွတ်ခူးတာဟာ မိန်းမအားအလုပ်မဟုတ်တော့ဘူး၊ ယောက်ျားသားတွေအလုပ်ဖြစ်သွားပြီး မိန်းမသားတွေက တောစပ် မှာ ထင်းခွေ၊ ထင်းရွက်းလုပ်ဖို့ မကောင်းတော့တဲ့ အချိန်ကိုရောက် လာပြီ မယ်မင်းတို့။ ကာလကမကောင်းတာ့ဘူး၊ ဟို၊ “တမ္ဗဒီပါတ လူရိုင်းဘုရင်အနော်ရထာဆိုတဲ့ ဘီလူးသဘက်ဟာ စစ်ပြင်နေတယ် သို့ ကုန်သည်တွေဆီက ကြားရတယ်။ သူဟာ စိနကိုတော့ မတိုက် ဘူး၊ တိုက်ချင်းတိုက် သုဝဏ္ဏဘုမ္မိကိုပဲ တိုက်လိမ့်မယ်လို့ ကုန်သည် တွေဆီက သတင်းရတယ်။ ဒီအချက်ကိုသိတဲ့သူတွေဟာ ပြေးဖို့ လွှားဖို့၊ ပုန်းဖို့၊လုပ်နေကြတယ်။ သူခိုးသူဝှက်တွေဟာ လည်း လူကောင်းတွေကို ဒုက္ခပေးဖို့ လက်ရဲလာကြပြီ ကာလပျက် ချိန်နီးပြီ မယ်မင်းတို့။ ဒီအချိန်မျိုးမှာ တောထဲ၊ တောစပ်ကို မိန်းမသားတွေ မသွားသင့်ဘူး" ဟု ပြောလိုက်လေ၏။ ထိုအခါဆီတော်က. . . .
“ဒါနဲ့ နေပါဦး။ ကြမ္မာဖတ်သူကြီးက အိမ်ထောင်မရှိဘူးနော် ဘာဖြစ်လို့ အိမ်ထောင်မပြုတာလဲ”
ဟု မေးလိုက်ရာ ကြမ္မာဖတ်လူဝကြီးက ပြုံးလေ၏။ ထို့နောက်မှ “ကြမ္မာဖတ်ဆရာကို ယူလောက်အောင် မိုက်မဲတဲ့မိန်းမ မတွေ့သေး လို့ပါ။ တွေတဲ့နေ့ဟာ ကျုပ်အိမ်ထောင်ကျတဲ့နေ့ပဲ”
ဟုပြောလိုက်လျှင် ဆီနှင့် ကျန်ပင်သင်သည် တဝါးဝါးရယ်မောကြလေ၏၊ ထိုအချိန်၌ ဘမဲသည် ထင်းစည်းကြီးကိုထမ်းကာ ပြန်ရောက်လာလေ၏။ ကြမ္မာဖတ်လူဝကြီးသည် ဘမဲအား. . .
“စောစောကသိရင် လိုက်ပြီးထမ်းပါရဲ့” ဟု လောကွတ်စကား ပြောလိုက်ရာ ဆီတော်က ...
"စကားလှရန်ကော လူဝကြီးရယ်၊ တောထဲက ထမ်းလာလို့ အိမ်ရောက်မှ စောစောကသိရင် ထမ်းပေးပါရဲ့နဲ့၊ ကဲ . အခုထမ်း၊မီးဖိုဘေးကို ရွှေ့ပေး" ဟုပြောလိုက်ရာ လူဝကြီးက …
“အဝေးကြီးက ထမ်းလာတဲ့ ပစ္စည်းကို အနီးရောက်ခါမှ ကိုယ်ဝင် ထမ်းရင် သင့်ပါ့မလား မယ်မင်းရယ်။ သရေစာကို နှမ်းဖြူးသလို ရှိတော့မပေါ့။ အခုတော့ဖြင့် သယ်လက်စနဲ့ သယ်ပါစေ၊ နောင် များ ကြုံလို့ရှိရင် ဟောဒီကြမ္မာဖတ်ကြီးကို ခိုင်းကြပါ။က်ျာပြဲပြဲ ဒူးကွဲကွဲ သယ်ပါ့မယ်"
ဟု ပြောလိုက်လျှင် ဆီတော်နှင့် ကျန်ပင်သင်သည် ရယ်မောကြလေတော့၏။
“သုဝဏ္ဏဘုမ္မိသားတွေဟာ စကားပြောချိုတယ်။ အဲဒီအထဲမှာ လူဝကြီးက အချို့ဆုံးပဲ” ဟု ကျန်ပင်သင်က ပြောလိုက်လေ၏။ ထို့နောက် ၎င်းတို့လေးဦး သားသည် မုန့်ပဲသရေစာများနှင့် ရေနွေးခါးကို သောက်ကြလေ၏။ ထိုသို့ သောက်ရင်း တိုင်းရေးပြည်မှုအစုစုကို လူဝကြီးက ပြောနေလေ၏။ လူဝကြီး သည် တမ္ပဒီပတိုင်းမှ ဘုရင်အနော်ရထာဆိုသူကို လွန်စွာမုန်းတီးသူဖြစ်၏။ အနော်ရထာဘုရင်အား စစ်ရူး၊ စစ်ဘီလူး စသည်ဖြင့် ပုတ်ခတ်ပြောဆိုလေ၏။ ထိုအခါ ငမဲကြီးက . . .
“ဘောက်မဲ့ကြောင့် ကိုယ်နဲ့မသိတဲ့ တိုင်းတစ်ပါးက ဘုရင်ကို ဒီလောက်တောင်မုန်းတီးနေရတာတုံး”
ဟု မေးလိုက်ရာ ကြမ္မာဖတ်လူဝကြီးက . . .
“ကျုပ်က စစ်ကိုမုန်းတယ်။ အနော်ရထာမှ မဟုတ်ဘူး။ စစ်ပြုမယ့် သူဆိုရင် ဘယ်သူ့ကိုမဆို မုန်းတယ်။ ငြိမ်းချမ်းခြင်း၊ တရားမျှတ ခြင်း၊ လွတ်လပ်စွာနေရခြင်းကိုပဲ ကျုပ်အလိုရှိတယ်။ စစ်တိုဖန်တီး သူဟာ သေမင်းနဲ့တူတယ်။ သေမင်းကို ချစ်လို့မဖြစ်ဘူး။ မုန်းကိုမုန်းရမယ်။ ဒါကြောင့် ကျုပ်အမြဲကျိန်ဆဲတယ်။ လူဆိုး လူမိုက် လူရမ်းကား လက်ချက်နဲ့ သေပါစေ။ တိရစ္ဆာန်ရိုင်း ကိုက်လို့၊ ကျွဲ နွားခတ်လို့သေပါစေ၊ ကုန်းဘေးထိပါစေ။ ရေဘေးထိပါစေ။ သေဘေးအတန်တန်ထိပါစေလို့ နေ့တိုင်းကျိန်တယ်။ သူ့တပည့်တွေ ရှိသေးတယ်။ ကျန်စစ်သားတို့၊ ငထွေးရူးတို့၊ ညောင်ဦးဖီးတို့၊ ငလုံး လက်ဖယ်တို့ ဆိုတဲ့တပ်မှူးကြီးတွေ။ ဒင်းတို့ကိုလည်း ကြမ္မာမျိုး သုံးဆယ့်နှစ်ပါး ကျရောက်ပါစေလို့ ကျိန်တာပဲ"
ဟု ပြောလိုက်လေ၏။ "နေစမ်းပါဦး။ ကြမ္မာဖတ်ဆရာ ပြောသလို အနော်ရထာက သုဝဏ္ဏဘုမ္မိကို တကယ်ပဲ စစ်ခင်းတော့မလို့တဲ့လား” ဟု ငမဲက မေးလိုက်လေ၏။
“သေချာပါတယ်။ ဟောဒီသုဝဏ္ဏ ဘုမ္မိထဲမှာ သူလျှိုဒလန်တွေ ဘယ် လောက်ရောက်နေမလဲ မဆိုနိုင်ဘူး။ အဲဒါကို သုဝဏ္ဏ ဘုမ္မိသားတွေ က သတိထားဖို့ လိုတယ်"
ဟု လူဝကြီးကပြောလိုက်လျှင် သုံးဦးသားသည် လူဝကြီးမမြင် ဘဲ တစ်ဦးကိုတစ်ဦး လှမ်း၍ကြည့်လိုက်ကြလေ၏။
“ဒီလိုတော့ရှိတယ်လူဝကြီး၊ မြို့ထဲမှာလည်း သူ့အစုနဲ့သူ အဲဒီလို သတင်းဖြန့်နေကြတယ်။ ကျုပ်ဖြင့် အဲဒါတွေကြားရတိုင်း ရင်ထဲကို တုန်တုန် သွားတာပဲ။ သမီးပျိုလေးနှစ်ယောက်အတွက် ပူလို့ပူလို့၊ သတင်းယူ၊ သတင်း ဖြန့်လုပ်နေတဲ့လူတွေကလည်း အများကြီးပဲ၊ လူဝကြီးက အဲဒီအဖွဲ့ဝင်လား"
ဟု ငမဲက မေးလိုက်လေ၏။
"ဒီလိုရှိတယ်။ ကျုပ်ဘယ်အဖွဲ့နဲ့မှ မပတ်သတ်ဘူး။ ပတ်လည်း ပတ်သက်ချင်ဘူး။ အနော်ရထာကို မကြိုက်တာ။ အဲဒီလိုပဲ ဘမဲ ပြောတဲ့ ဟိုအဖွဲ့ ဒီအဖွဲ့တွေကိုလည်း သိပ်ပြီးနှစ်သက်ထာမဟုတ် ဘဲ။ အဲဒီတော့ ကျုပ်ဟာ မျောက်သင်းကွဲလို လူစားမျိုး ပေစရာရှိလည်း တစ်ယောက်တည်းပေပြီး သေစရာရှိရင်လည်း တစ် ယောက်တည်းသေမယ် ဘမဲရေး ဘယ်သူနဲ့မှတော့ ပေါင်းလို့မဖြစ်ဘူး" ဟု ပြောလိုက်လေ၏။ ထိုအခါဘမဲက . . .
“ကျုပ်မှာကလည်း သမီးပျိုနှစ်ယောက်နဲ့ မုဆိုးဖိုကြီး။ တိုင်ပင်ဖော် ထိုင်ပင်ဖက်ဆိုတာကလည်း ဒီမတမ်းမလေးနှစ်ကောင်ရှိတယ်၊ အဲဒီ တာ့ ကြမ္မာဖက်ကြီးကိုပဲ တိုင်ပင်ရတော့မှာပဲ။ ကျုပ်သမီး အငယ်မ ဟောဒီ ကျန်ပင်သင်ကို လုံခြုံရေးတပ်မှူးလေးက မျက်စိ ကျနေတယ်။ တော်တော်ကြာတော့ ယူလား၊ ငင်လားဖြစ်ချင်ဖြစ် ကြမှာ။ သမီးဘက်ကလည်း မတမ်းအရွယ်ဆိုတော့ ထိန်းလို့၊ သိမ်း လို့ ရချင်မှရမှာ။ အဲဒါကြောင့် ဗြမ္မာဖက်ကြီးအနေနဲ့ မုဆိုးဖို ငမဲကြီးကို အကြံကောင်း ဉာဏ်ကောင်းပေးပါဦး” ဟုပြောလိုက်ရာ ကြမ္မာဖက်လူဝကြီးက. . . .
“ကျုပ်လည်း သိပ်တော့မသိဘူး။ နည်းနည်းတော့ရိပ်မိတယ်။ ဈေး နားမှာ ခင်ဗျားတို့သုံးယောက် ကနေတုန်း ကျန်ပင်သင်က ကပွဲထဲ ကနေထွက်ပြီး တပ်မှူးလေးကို နှုတ်ဆက်တယ်၊ အဲဒီနေ့က ကပွဲ နဲ့ မလှမ်းမကမ်းမှာ ကျုပ်ရှိနေတယ်။ တပ်မှူးလေးဟာ ပင့်ကူအိမ် မှာ မိနေတဲ့ယင်ကောင်လိုပဲ၊ လုံးဝမလှုပ်နိုင်ရှာဘူး၊ ကျုပ်ဟာ အဲဒီအဖြစ်ကို ကြည့်ပြီး ကျုပ်တိုင်းပြည်က တပ်မှူးလေးက ဒီလို ပိုက်ကွန်မှာမိသွားတော့ နည်းနည်းတောင် အားငယ်သွားမိတယ်။ အနော်ရထာဟာ ဒီအကြောင်းကိုသိရင် တပ်မှူးလေးကို ဒါမျိုးနဲ့ ဖြားယောင်းလို့ရပြီပေါ့။ ကျုပ်အဲဒီကိစ္စကို အတော့်ကို မချင့်မရဲ ဖြစ်တယ်။ အခု ဘမဲပြောလို့ သေချာသိရပြီ၊ အဲဒီအတွက် ကျုပ် ဘာမှမပြောနိုင်ဘူး။ တစ်ခုတော့ပြောနိုင်တယ်။ ကျန်ပင်သင်ဟာ တပ်မှူးလေးကို လင်သားအဖြစ် ယူလိုက်ရင် အဲဒီအိမ်ထောင်ရေး ဟာ သာယာမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မှူးလေး ဟာ တိုင်းပြည်ရဲ့ ကြီးမားတဲ့တာဝန်ကို ယူထားရပြီဖြစ်တယ်။ဒါကြောင့် အလုပ်သိပ်များတယ်။ ကျန်ပင်သင်တို့လို မိန်းမတွေ အလိုရှိတဲ့ သုယမှုမျိုးကို သူ့ဆီက ရမှာမဟုတ်ဘူး” ဟု ပြောလိုက်လေ၏၊
၎င်းတို့သည် အချိန်ကြာမြင့်စွာ စကားပြောနေကြ၏။ ထို့နောက် ကြမ္မာဖတ်လူဝကြီး ပြန်သွားလေတော့၏။ ထိုအခါ၌ ကျန်ပင်သင်၊ ဆီတော် နှင့် ငမဲတို့သည် ခေါင်းချင်းဆိုင်ကြရလေတော့၏။
ဆီတော်ကကျန်ပင်သင်အား. . . “ညဲကို ငါမပြောဘူးလား၊ ဒီလူဝကြီးဟာ လူလည်ကြီးပါလို့။ ကြည့် စမ်း၊ သူအကုန်သိနေတယ်။ အဲဒါ ဘယ့်နဲ့လုပ်မလဲ” ဟုမေးလိုက်လေ၏။ ထိုအခါ ဘမဲက … … …
“ဘာပဲဖြစ်ဖြစ် တပ်မှူးလေးနဲ့ ကျန်ပင်သင် အမြန်ဆုံးအိမ်ထောင် ကျသွားဖို့ ငါဆုံးဖြတ်တယ်” ဟု ပြောလိုက်လျှင် ဆီတော်ကလည်း. . .
“ကျွန်တော်မသဘောတူတယ်။ အဲဒီတော့ မိကျန်အနေနဲ့ ဘာပြောချင်သေးလဲ”
ဟု မေးလိုက်ရာ ကျန်ပင်သင်သည် ဆီတော်အား ပြန်၍ မဖြေပဲ “တမ္ပဒီပနိုင်ငံတော်လုံခြုံရေးဟာ ငါ့တာဝန်။ တမ္ဗဒီပနိုင်ငံတော် ဖွံ့ဖြိုးရေးဟာ ငါ့တာဝန်။ တမ္ပဒီပနိုင်ငံတော် ကြံ့ခိုင်ရေးဟာ ငါ့တာဝန်” ဟု ကြွေးကြော် လိုက်လေတော့သတည်း။
- - - - -
ကြမ္မာဖတ်လူဝကြီးသည် သူ၏တဲရှေ့တွင်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်နေလေ၏၊ အချိန်မှာ ညဉ့်အချိန်ဖြစ်သောကြောင့် လောကဓာတ် တစ်ခုလုံး မှောင်မိုက်၍နေလေ၏။ ကောင်းကင်၌မူ ကြယ်များကြောင့် လင်း သကဲ့သို့ရှိနေ၏။ ဆီတော်နှင့် ကျန်ပင်သင်သည် ရေတွင်း၌ ရေငင်နေကြ လေ၏။ ဆီတော်က ကျန်ပင်သင်ကား. . .
“လူဝကြီး တဲရှေ့မှာ ဘာလုပ်နေသလဲ မသိဘူး”
ဟု လှမ်း၍ပြောလိုက်လေ၏။ ကျန်ပင်သင်က. . .
“မှောင်ကြီးမည်းကြီးထဲမှာ ညဲလင်ကြီးကို ညဲကမြင်သလား" ဟု ပြန်၍မေးလိုက်လေ၏၊
“မှောင်ကြီးမည်းကြီးထဲမှာ မြင်တာမဟုတ်ဘူး သဘောက်မရဲ့။သူ့ရဲ့တဲထဲမှာ ထွန်းထားတဲ့ ဆီမီးရောင်ကြောင့် မြင်တာ” ဆီတော်က ပြန်၍ပြောလိုက်လေ၏။ ထိုအခါ ကျန်ပင်သင်က
"ဟုတ်ပါရဲ့တော်။ ကြမ္မာဖတ်လူဝကြီးက သူ့အိမ်ရှေ့မှာထိုင်ပြီး မိုးပေါ်ကို မော့ကြည့်နေသတော့။ သူ့ဆီကိုသွားပြီး ဘာကြည့်နေ တာလဲလို့ မေးရအောင်”
ဟု ပြောလျှင် ဆီတော်ကလည်း သဘောတူလေ၏။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် ရေအိုးများကို ရေတွင်း၌ချထား၍ ကြမ္မာဖတ်လူဝကြီး ထံသို့ သွားကြလေ၏။ အနီးသို့ရောက်လျှင် ဆီတော်က. . .
“ဦးလူဝ. . မိုးပေါ်ကို ဘာဖြစ်လို့ မော့ကြည့်နေရတာတုံး”ဟု မေးလိုက်လေ၏။
“ဪ. . . ထိုင်ကြပါ. . . ထိုင်ကြပါ။ မိုးပေါ်က ကြယ်တွေကိုကြည့်နေတာ”
ဟု ကြမ္မာဖတ်လူဝကြီးက ပြန်၍ပြောလိုက်လေ၏။
“ဟုတ်ပါတယ်။ ကြယ်တွေကို ဘာဖြစ်လို့ကြည့်နေတာလဲ
ဆီတော်က ပြန်၍မေးလိုက်လေ၏။
“ဘာဖြစ်လို့ ကြည့်နေတာလဲဆိုတော့ ကြမ္မာဖတ်မလို့ ကြည့်နေတာ ပေါ့ မယ်မင်းတို့ရ” ဟု လူဝကြီးက ပြန်၍ဖြေလေ၏၊
ထိုအခါ ဆီတော်သည် လူဝကြီး၏ အနီးတွင် စွေ့ခနဲဝင်၍ထိုင်လိုက်ရင်း . . .
“ကျွန်တော်မတို့ကို နည်းနည်းလောက် ရှင်းပြပါလား။ ကြယ်တွေ ကို ဘယ်လိုကြည့်ပြီး ဘယ်လို ကြမ္မာဖတ်တယ်ဆိုတာ သိချင်လို့ပါ"ဟုမေးလိုက်လျှင် ကြမ္မာဖက်လူဝကြီးက . . . ...
“ခက်တယ် မယ်မင်း၊ တချို့လူတွေက ကြယ်တွေကိုမယုံဘူး။ ကျုပ် ကတော့ အလွန်ယုံတယ်၊ ဘောက်မဲ့ကြောင့် ယုံသလဲဆိုတော့ ယုံစရာအကြောင်းတွေ အများကြီးရှိလို့ ယုံတယ်လို့ပဲ ဖြေရမှာပေါ့* ဟု ကြမ္မာဖတ်လူဝကြီးက ပြန်၍ပြောလိုက်လေ၏။
"အဲဒါတွေထားလိုက်စမ်းပါ လူဝကြီးရဲ့။ မိုးပေါ်က ကြယ်တွေအကြောင်း ကျွန်တော်မတို့ကို ရှင်းပြပါဦး” ဆီတော်က ပြောလိုက်လေ၏။
“ကဲ. . မယ်မင်းတို့ ဟိုပေါ်ကို မော့ကြည့်ကြစမ်း။ ရှေ့ကကြယ်လေးလုံး၊ လေးထောင့်ကွက် ပုံသဏ္ဌန်လေး။ နောက်က အမြီးကလေးကို ကြယ်သုံးလုံး၊ အားလုံးစုစုပေါင်း ခုနစ်လုံး၊ အဲဒီကြယ်စုကလေးကို ခုနစ်စင်ကြယ်လို့ခေါ်တယ်"
ကြမ္မာဖတ်လူဝတြီးက ပြောလိုက်ရာဆီတော်နှင့် ကျန်ပင်သင်သည် ထိုကြယ်စုကို မော့၍ကြည့်ကြလေ၏။ ထိုသို့ မော့ကြည့်ကြပြီးနောက် ဆီတော်က...
“အဲဒီခုနစ်စင်ကြယ်ကိုတွေ့ပါပြီ။ ဘယ်လိုကြမ္မာဖတ်ရသတုံး”
ဟု အငမ်းမရ မေးလိုက်လေတော့၏။ ထိုအခါ ကြမ္မာဖတ်လူဝကြီးက .
"ခုနစ်စင်ကြယ်ရဲ့ အမြီးသုံးလုံးရှိတဲ့အနက် အလယ်လုံးယာ ဘုရင် မင်းမြတ်နဲ့ ပတ်သတ်တယ်။ အဲဒီအလုံးဟာ အခြားအလုံးတွေထတ် ပိုပြီးမှိန်နေတာကို တွေ့ရတယ်အဲဒါကြောင့် ကျုပ်တို့ရဲ့ ဘုရင် အတွက် အတော်ပဲစိုးရိမ်ရတယ်။ ပြီးတော့ အဲဒီခုနစ်စင်ကြယ်မှာပဲ လေးထောင့်ကွက် သဏ္ဌန်ဖြစ်နေတဲ့ အရှေ့လေးလုံးအနက် အောက် ညာဘက်အလုံးဟာ တခြားကြယ်တွေထက် ပိုပြီးလင်းနေတာကို တွေ့ရတယ်။ အဲဒီအချက်ဟာ ကျုပ်တို့တိုင်းပြည်ထဲကို သူလျှို ဒလန်တွေ ရောက်နေပြီ။ အဲဒီ သူလျှိုဒလန်တွေဟာ ကျုပ်တို့ တိုင်း ပြည်ရဲ့ အရေးကြီးတဲ့နေရာတွေကို ချဉ်းကပ်ရောက်ရှိနေပြီ ဆိုတာကို ဖော်ပြနေတယ်"
ဟုပြောလိုက်လျှင် သူလျှိုမလေးနှစ်ဦးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ မျက်လုံးအကြောင်သား ဖြစ်သွားကြ၏။ ရင်၌ဒိတ်ခနဲ ဖြစ် သွားကြ၏။ ထို့နောက် နဖူးဆံစတို့တွင် ချွေးများစို့လာကြ၏။ ပြီးလျှင် ဆီတော်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ထို့နောက်. - -
“ကြမ္မာဖတ်ကြီးပြောတာ အမှန်ပဲဆိုရင်တော့ ကျွန်တော်မတို့တော့ အခက်ပဲ။ တိုင်းပြည်ပျက်ပြီဆိုရင် ကျွန်တော်မတို့လို မိန်းမသား တွေက အရင်ဒုက္ခရောက်ကြတာ။ အဲဒီလိုဖြစ်ခဲ့ရင် ကြမ္မာဖတ်ကြီး ကျွန်မတို့ကို ကယ်မှာလား"
ဟု မေးလိုက်လေ၏။ ထိုအခါ ကြမ္မာဖတ်လူဝကြီးက....
“လုံးဝမကယ်ဘူး။ ကယ်လည်း ကယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို အချိန်မျိုးမှာ ကိုယ့်အသက်ကိုယ်ရှင်အောင် လုံ့လထုတ်နေရနာ သူတစ်ပါးကို သွားပြီးကယ်ရင် ကိုယ်ပဲဒုက္ခတွေ့မှာပေါ့"
ဟု ဆိုတာ အနီးရှိ ဖက်ဖြင့်ထုပ်ထားသော အထုပ်တစ်ထုပ်ကို ဖြေ၍ တစ်စုံတစ်ခုကို နှိုတ်ယူကာ ပါးစပ်အတွင်းသို့ ထည့်လိုက်လေ၏။ ထိုအခါ ဆီတော်က ..
“ကြမ္မာဖက်ကြီးက ဘာတွေများ ပါးစပ်ထဲထည့်လိုက်တာလဲ”ဟု မေးလိုက်လေ၏။
“ကွမ်းခေါင်းတုံး”ဟု လူကြီးက ပြန်၍ဖြေလေ၏။ (ကွမ်းခေါင်းတုံးဆိုသည်မှာ ကွမ်း ရွက်ထဲတွင် လက်ဖက်ထည့်၍ထားသော ကွမ်းယာတစ်မျိုးဖြစ်၏)
“ကျွန်တော်မတို့လည်း ကွမ်းခေါင်းတုံး ကြိုက်ပါတယ်။ ကျွန်တော်မတို့ကို မကျွေးတော့ဘူးလား" ဟု ဆီတော်က မေးလိုက်လေ၏။
"သူစိမ်းယောက်ျားက သူစိမ်းမိန်းမကို ကွမ်းခေါင်းတုံးမပေးကောင်းဘူး"
ကြမ္မာဖတ်လူဝကြီးက ပြန်၍ပြောလျှင် ဆီတော်က ...
"ကွမ်းခေါင်းတုံးပေးရင် ဘာဖြစ်လို့လဲ”ဟု မေးလိုက်လေ၏။
“ရဲစားဖြစ်တတ်တယ်”
ကြမ္မာဖတ်လူးကြီးက ပြန်၍ဖြေလိုက်ရာ ဆိတော်နှင့် ကျန်ပင်သင်တို့သည် ရယ်ကြလေ၏။ (ရဲစားဆိုသည်မှာ ရည်းစားကိုဆိုလိုခြင်းဖြစ် ၏) မိန်းကလေးနှစ်ဦးသည် ရယ်ကြပြီးနောက် ဆီတော်က အရယ်ကိုရပ်၍
“ရဲစားဖြစ်တော့ကော ဘာဖြစ်သလဲ။ ကွမ်းခေါင်းတုံးနှစ်ယာလောက်ပေးစမ်းပါ”
ဟု ပြောလိုက်လေ၏။
"ကျုပ်က ရဲစားမလိုချင်တော့ဘူး။ ကျုပ်ရဲ့ဆံပင်တွေဟာ တွင်း ချင်းသေး လိုက်ကုန်ပြီ”ဟု ပြောလိုက်လေ၏။ (တွင်းချင်းသေး ဆိုသည်မှာ ဖြူကုန်ပြီဟု အဓိပ္ပာယ်ရ၏။)
ဆီတော်နှင့် ကျန်ပင်သင်သည် လူဝကြီး၏စကားကြောင့် ပြိုင်တူ ရယ်မောလိုက်ကြလေတော့၏။ ထို့နောက်လူဝကြီးဖတ်နှင့်ထုပ်ထားသော ကွမ်းခေါင်းတုံးထုပ်ကိုယူ၍ ကွမ်းခေါင်းတုံးတစ်ယာစီ ခြုံကြလေတော့၏။ ကျန်ပင်သည် ကွမ်းခေါင်းတုံးကို မြို့ရင်း. . .
"တမ္ပဒီပနဲ့ သုဝဏ္ဏဘုမ္မိစစ်ဖြစ်တယ်ပဲ ထားပါဦး။ သုဝဏ္ဏဘုမ္မိကမုချ ရှုံးမယ်လို့ ဘယ်သူက အတတ်ပြောနိုင်မှာတုံး” ဟု မေးလိုက်လေ၏။
“မယ်မင်းမေးမယ်ဆိုရင်လည်း မေးသင့်ပါတယ်။ ဒါပေမဲ့ စစ်အောင် ကြောင်း ဆယ့်နှစ်ပါးရှိတယ်။ စစ်စီရင်ရာ၌ လိမ္မာခြင်း၊ မင်းနှင့် အမတ် ညီညွတ်ခြင်း၊ ပေးကမ်းခြင်း၌ အမြတ်မရှိခြင်း၊ စစ်သူကြီးခန့်ထားစီရင် တိုင်းသူရဲသူခက်တို့၌ တည်ခြင်း၊ သူရဲကောင်းများ ခြင်း၊ ကျုပ်တို့လို တတ်သိနားလည်တဲ့ ကြမ္မတ်ဆရာတွေနဲ့ တိုင် ပင်ပြီး ယကြာမန္တန်ပြုခြင်း၊ ဘုရင်မင်းမြတ် ဇာတာစန်းလင် ကောင်းခြင်း၊ ပျိုးစေ့ရိက္ခာ ဆန် ရေ ထင်း ဖြက် ပေါ်ခြင်း၊ မင်းရောပြည်သူ အနာကင်းခြင်း၊ ထူလျှိုတို့တောင်းခြင်း၊ ပြည် ာင့်နတ်တို့ စောင့် ရှောက်ခြင်း၊ ဆင်ကောင်းများစွာ ရှိခြင်း ဆိုတာတွေပေါ့” ဟု ပြောဆိုကာ ကြမ္မာဖက်လူဝကြီးသည် ကွမ်းခေါင်းတုံးကို မြို့လေတော့၏။
“အဲဒါတွေ မရှိဘူးလား”ဟု ကျန်ပင်သင်က မေးလိုက်၏။
"ဒီလိုရှိတယ် မယ်မင်းငယ်တို့း စစ်အိပ်၊ စစ်နိုး၊ စစ်၊ စစ်စိတ်၊ စစ်ရွှင်ဆိုတဲ့ မြင်းဆိုးနဲ့တူတဲ့ စစ်ဇက်ကြိုးကိုတိုင်ဖို့ စစ်ရဲ့ပွားစီး ကြောင်း ခြောက်ပါးရယ်လို့ ရှိတယ်။ အဲဒီခြောက်ပါးထဲက “စစ် အိပ်' ဆိုတာ တစ်ခုကိုပဲ ပြောပြမယ်။ စစ်အိပ်ဆိုတာ ကိုယ့်ကပ်ရဲ့ အရပ်ကနေ အသွားအလာကို ရန်သူမသိစေရအောင် သိုသိုသိပ် သိပ် နေဖို့ စီမံထားတာကို စစ်အိပ်လို့ခေါ်ကယ်၊ ခုကြည့်စမ်း. . ။ သုဝဏ္ဏဘုမ္မိတပ်တာ တပ်ဗိုလ် တပ်မင်းကအစ သွေးသောက်အိုး စားတိုင်အောင် သိုသိုသိပ်သိပ်မရှိလှဘူး။ ဟိုနေရာမှာ တွေ့လိုက် ဒီနေရာမှ တွေ့လိုက် စစ်ဝတ်တန်ဆာ အပြည့်အစုံနဲ့ ဟန်ရေးပြ နေကြသလိုပဲ။ ဘုမ္မိတပ်ဟာ စစ်အိပ်ခြင်း မရှိသူး"
ဟု ကြမ္မာဖက်လူဝကြီးက ပြောလိုက်ပြီးလျှင် ပါးစောင်ထဲတွင် ခြုံထားသော ကွမ်းခေါင်းတုံးကို ထွီခနဲ ထွေးပစ်လိုက်လေ၏။ ကျန်ပင်သင် သည် ဆီတော်အား အသာလက်တို့လိုက်လေ၏၊
"တမ္ပဒီပတပ်မှာက စစ်ကိုကွပ်ကဲနိုင်တဲ့ စစ်သူကြီးကောင်းတွေရှိ တယ်။ ဘုရင်ကိုယ်တိုင်က အလွန်ကိုတော်တဲ့ စစ်သူကြီးကောင်းဖြစ်နေတယ်။ တိုက်စွမ်းရည်တွေရှိတယ်။ သူလျှိုဒလန်မွေးထား တယ်။ စစ်ရိက္ခာတွေစု ထားတယ်။ အချင်းချင်းညီညွတ်ကြတယ်။ တစ်သွေးတစ်သံတစ်မိန့်ဆိုတာ သူတို့မှာရှိတယ်။ အနော်ရထာရဲ့ အမိန့်အတွက် အသက်ကိုစွန့်မယ့် သူရဲကောင်းတွေ အများကြီးရှိ နေတယ်။ အဲဒီတော့ စစ်ဖြစ်ပြီဆိုရင် သူတို့ကနိုင်မှာပဲ။ ပြီးတော့ မယ်မင်းတို့ကို ပြောလိုက်ဦးမယ်။ စစ်ရှုံးရာအကြောင်း ဆယ်ချက် ရှိတယ်။ မင်း၊ အမတ်တို့ ယစ်ဝမှုကြောင့် စစ်ရှုံးရာ၏။ ပြည်သူများ အနာအဖျားများသောကြောင့် စစ်ရှုံးရာ၏။ စစ်သည်သူရဲ နှလုံး ပျော့ညံ့သောကြောင့် စစ်ရှုံးရာ၏။ မင်းသည် မရဲသောကြောင့် စစ်ရှုံးရာ၏။ မကောင်းသောအခါ နက္ခတ်တို့ ယှဉ်မိသောကြောင့် စစ်ရှုံးရာ၏။ ရန်သူက အင်းအိုင်စီမံသောကြောင့် စစ်ရှုံးရာ၏၊ စစ်မြင်းမကောင်းသောကြောင့် စစ်ရှုံးရာ၏။ မင်းနှင့်အမတ် မညီ ညွတ်သောကြောင့် စစ်ရှုံးရာ၏။ ငတ်မွတ်ခေါင်းပါးသောကြောင့်စစ်ရှုံးရာ၏လို့ ရှိတယ်” ဟု ကြမ္မာဖတ်ကြီးက ပြောပြလိုက်၏။ ထိုအခါ ကျန်ပင်သင်က
“မင်းနှင့်အမတ် ယစ်ဝသောကြောင့် စစ်ရှုံးရာ၏ဆိုတဲ့ အချက်မှာ သုဝဏ္ဏဘုမ္မိဘုရင် မနူဟာ,ဟာ ဘယ်လိုယစ်ဝနိုင်မှာလဲ။ သူက ဘာသာရေးကို လိုက်စားတယ်ဆို။ သေရည်မှ မသောက်တတ်ဘဲ" ဟု မေးလိုက်လေ၏။
“ယစ်ဝတယ်ဆိုတာ သေရည်တစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ တိုင်းရေးပြည်ရေးကို စိတ်မဝင်စားဘဲ အခြားတစ်ပါးသော အကြောင်းအရာကို စိတ်ဝင်စားပြီးနေရင်လည်း အဲဒီအကြောင်း အရာ မှာ ယစ်မူးတယ်၊ ယစ်ဝတယ် ဆိုနိုင်တာပဲ။ ငါတို့ဘုရင်ဟာ ဘုရား ဝတ်ပြုခြင်း အလုပ်တစ်ခုတည်း၌သာ ယစ်မူးမေ့လျော့နေ တယ်။ သူ့အမတ်တွေလည်း ဒီအတိုင်းပဲ။ အဲဒီတော့ စစ်ရှုံးရာ အကြောင်း ထဲမှာ တစ်ချက်ပါသွားပြီပေါ့”
"ကြမ္မာဖတ်ကြီးက ကံကြမ္မာတင် ဖတ်တတ်တယ်အောက်မေ့တာ စစ်အကြောင်းလည်း သိရန်ကော”ဟု ပြောလိုက်လေ၏။
“ဒီလိုရှိတယ် မယ်မင်းဆီတော်၊ စစ်ရဲ့ အစိတ်အပိုင်း ခုနစ်ပါး ရှိတယ်။ စစ်ခေါင်း၊ စစ်နား၊ စစ်မျက်စိ၊ စစ်ခါး၊ စစ်ခံတွင်း၊ စစ်လက်၊ စစ်ခြေရယ်လို့ ဖြစ်တယ်။ စစ်ခေါင်းဆိုတာတော့ ရှင်းပါတယ်။ စစ်ကို ခေါင်းဆောင်တဲ့သေနာပတိပေါ့။ စစ်နားဆိုတာက သူလျှို တွေကိုခေါ်တာ။ စစ်မျက်စိဆိုတာက ငါတို့လို ကြမ္မာဖတ်တတ်တဲ့ ဆရာတွေကိုခေါ်ထား စစ်ခါးဆိုတာက စစ်ပွဲမှာ စွန့်ဝံ့တဲ့သူရဲ ကောင်းတွေကို ခေါ်တာ။ စစ်ခံတွင်းဆိုတာက စစ်အကြောင်းကို လည်လည်ပတ်ပတ် ရှင်းပြနိုင်တဲ့သူတွေကို ခေါ်တာ။ စစ်လက်ဆို တာက တိုက်ပွဲသုံးစစ်လက်နက်ပစ္စည်းတွေကိုပြောတာ။ စစ်ခြေ ဆိုတာက မြင်းစီးသူရဲကောင်းတွေကို ပြောတာ။ အဲဒီတော့ စစ်ပွဲ အတွင်းမှာဆိုရင်တော့ ကျုပ်က စစ်မျက်စိပဲ။ ရိုးရိုးအချိန်မှာဆိုရင် တော့ တိုင်းပြည်ရဲ့ မျက်စိပဲ။ အဲဒီတော့ စစ်အကြောင်းကို အသေး စိတ်မသိပေမယ့် ပျက်သိတာလောက်တော့ သိတာပေါ့”
ဟု ကြမ္မာဖတ်လူဝကြီးက ပြောလိုက်၏။
“စစ်ဖြစ်တယ်ပဲထားပါတော့။ ဒီစစ်ပွဲဟာ ဖြန်းတောချည်းတော့မဖြစ်နိုင်ပါဘူး”
ဟု ကျန်ပင်သင်က ပြောလိုက်လေ၏။
(ဖြန်းတောဆိုသည်မှာ ရှေးမြန်မာစကား လျင်မြန်စွာဟူသော အဓိပ္ပာယ်ရပါသည်)
ထိုအခါ လူဝကြီးက ...
“မယ်မင်းကို ကျုပ်တစ်ခုပြောမယ်။ မြောက်ဘက်ကလာတဲ့ ကုန် သည်တွေဟာ တဖြည်းဖြည်းနည်းလာပြီး ဒီအချက်ဟာ စစ်ဖြစ်တော့မယ့်အချက်ပဲ။ကုန်သည်တွေဟာ ပါးနပ်လိမ္မာကြတယ်။ စစ် ဖြစ်တော့မယ်ဆိုတဲ့ သတင်းကို သူတို့ရသွားပြီ။ ဒါကြောင့် သူတို့ လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားတဲ့ သဘောပဲ။ ဒီအချက်ဟာ စစ်ဖြစ်ဖို့နီးလာပြီဆိုတာ ခိုင်လုံတဲ့အချက်ပဲ။ အခုဝင်နေတဲ့ ကုန် သည်တွေဟာလည်း ကုန်သည်သက်သက်ဖြစ်ချင်မှဖြစ်တယ်။ ကုန် သည်ဟန်ဆောင်ထားတဲ့ သူလျှိုတွေ ဖြစ်ချင်ဖြစ်မယ်။ ဖြစ်ချင်ဖြစ် မယ် ဆိုတာထက် ဖြစ်ဖို့များပါတယ်။ အဲဒီတော့ တမ္ဗဒီပတပ်တွေ တာ စစ်စပြီးတိုက်တယ်ဆိုကတည်းက သုဝဏ္ဏဘုမ္မိကို လှည်းဦး ကင်းသဏ္ဌာန်၊ ခုံလောက်သဏ္ဌာန်၊ ကင်းမလက်မည်းသဏ္ဌာန်၊ ကျီးခြေသဏ္ဌာန်၊ ပျားလည်ဘို့ သဏ္ဌာန်ဆိုတဲ့ စစ်တိုက်ခြင်း ခြောက်ပါးအနက် မြို့ဝန်းကျယ်တဲ့အတွက် ခုံလောက်သဏ္ဌာန်ကို အသုံးပြုဖို့များတယ်။ အဲဒါကို စီဘက်က စစ်ဖျက်မှန်ပါမှ ချမ်းသာ ရာရလိမ့်မယ်”
ဟု ကြမ္မာဖတ်လူဝကြီးက ပြောလိုက်လေ၏။
“စစ်ဖျက်ခြင်း ဆိုတာဘယ်လိုလဲ”ဟု ကျန်ပင်သင်က မေးလိုက်၏။
“လှည်းဦးကင်းစစ်ကို ဂဠုန်တောင်စစ်နဲ့ ဖျက်ရတယ်။ ခုံလောက် စစ်ကို ယဒ္ဒဗျူဟာစစ်နဲ့ ဖျက်ရတယ်။ ရင်ဘောင်တန်းနဲ့ ကင်းမ လက်မဲစစ်ကို ရေယာဉ်ဗျူဟာစစ်နဲ့ ဖျက်ရတယ်။ ကျီးခြေစစ်ကို မကန်းစစ်နဲ့ ဖျက်ရတယ်။ ပျားလဘို့စစ်ကို မြွေတွားသွားစစ်နဲ့ ဖျက်ရတယ်။ စစ်ဖျက်မှားသွားရင် ချက်ချင်းအရှုံးပေါ်သွားမယ် မယ်မင်း"
ဟု ပြောလိုက်၏။ထိုအချိန်မှာပင် ကျန်ပင်သင်က
"ကဲ. . . လူဝကြီးရေ ကျွန်မတို့ အိမ်ကို ဧည့်သည်လာနေပြီ ဧည့် သည်ကတော့ တခြားလူမဟုတ်ပါဘူး။ တပ်မှူးလေးပါပဲ"
ဟု နှုတ်ဆက်လိုက်လေ၏။ ထို့နောက် ဆီတော်ကော၊ ကျန်ပင်သင် ပါ ပြန်သွားကြလေ၏။ လူဝကြီးသည် မိန်းမငယ်နှစ်ဦး၏ နောက်ကျောကိုကြည့်ရင်း. . . .
“ကျုပ်တို့အားကိုးရမယ့် တပ်မှူးလေးကလည်း ပင့်တူအိမ်မှာ လင် တောင်ကလေးတစ်ကောင်မိသလို ကျန်ပင်သင်ရဲ့ ဣတ္ထိမာယာ ပိုက်ကွန်မှာ မရုန်းနိုင်၊ မထွက်နိုင် ဖြစ်နေရှာပြီကိုး။ ဒီစစ်ကြီးနဲ့ ဒီစစ်ခေါင်းဆောင်နဲ့ သုဝဏ္ဏဘုမ္မိအတွက် ကျုပ်ရင်ပူမိတယ်" ဟု လှမ်း၍ ပြောလိုက်၏။
ဆီတော်နှင့် ကျန်ပင်သင်တို့နှစ်ဦးသည် အိပ်သို့ပြန်ရောက်သွားကြ ပြီဖြစ်၏။ ရေလည်း ဆက်၍မခပ်ဖြစ်တော့ပေ။
* ** ***
၆ဆက်ရန်

Post a Comment