Few ဆိုတိုင်း နည်းတာလား
ကျောင်းသားတွေ မှားတတ်ကြတဲဲ့ few နဲ့ a few
ကလေးတန်းကတည်းက အင်္ဂလိပ်စာမှာ သင်ခဲ့ရတာပဲ။ few အနည်းငယ်၊ နည်းသော။ ဒါတော့သိတာပေါ့။ သို့သော် လူကြီးတန်းတွေမှာတောင် few နဲ့ a few, little နဲ့ a little အသုံးကွာပုံ Grammar test စစ်ချလိုက်ရင် အမှားတွေအများကြီးတွေ့နေရတာပါပဲ။ သာမန်ကာလျှံကာ မှတ်တတ်ကြလို့၊ မသုံးတာကြာတော့လည်း ပြန်မေ့သွားတတ်ကြတဲ့ Grammar အသေးအဖွဲလေးတွေပေါ့လေ။ ဒီ post မှာ few နဲ့ a few ကို ခွဲပြချင်တာထက် “few = အနည်းငယ်” လို့သာသိတဲ့ ကျောင်းသားတွေကို ဒီစကားလုံးလေးဟာ ဘယ်လိုမျက်စိလည်စေနိုင်သလဲဆိုတာကို အဓိကပြောပြချင်တာပါ။
ကဲ ... few နဲ့ a few ကို မှန်အောင်သုံးတတ်အောင် စကြည့်ကြစို့။
📍used in front of nouns
few နဲ့ a few တို့ကို noun တွေရဲ့ရှေ့မှာ determiner အဖြစ်ထားပြီးသုံးကြပေမယ့် အဓိပ္ပါယ်မတူပါ။
a few ဆိုတာ အနည်းငယ်၊ နည်းနည်း လို့သာမန်ပြောလိုက်တာ။
I am having a dinner party for a few close frineds.
ရင်းနှီးတဲ့ သူငယ်ချင်းအနည်းငယ်ကို ညစာဖိတ်ကျွေးမလို့။
Here are a few ideas that might help you.
ဒီစိတ်ကူးအကြံလေးတွေ မင်းအတွက် အသုံးဝင်နိုင်မယ်။
a မပါဘဲ ‘few’ ပဲသုံးရင်တော့ နည်းတယ်၊ ရှိသင့်သလောက်မရှိဘူး၊ ရှားတယ် ဆိုတဲ့ သဘောပေါက်ပါတယ်။
I have a few friends. ဆိုရင် ငါ့မှာ သူငယ်ချင်းအချို့ရှိတယ်။
I have few friends. ဆိုရင် ငါ့မှာ သူငယ်ချင်းနည်းနည်းပဲရှိတယ်။ (အများကြီးရှိချင်တာ။ သူငယ်ချင်းနည်းလို့ အထီးကျန်ဆံတယ် စသည့် အဓိပ္ပါယ် လေသံပေါက်ပါတယ်။)
There were few resources available.
အသုံးချနိုင်တဲ့ ပစ္စည်းအင်အား နည်းလွန်းလှတယ်။
He is among the few people I can trust.
သူဟာ ငါယုံကြည်ရတဲ့ လူနည်းနည်းလေးထဲမှ တစ်ယောက်။
Very few people can afford to pay those prices.
အဲဒီလိုစျေးနှုန်းမျိုးတော့ လူနည်းစုကသာ တတ်နိုင်မယ်။
📍used as pronouns
Few နဲ့ a few ကို pronouns နာမ်စားအဖြစ်သုံးနိုင်တယ်။
Doctors work on an average of 90 hours a week, while a few work up to 120 hours.
ဆရာဝန်တွေဟာ တစ်ပတ်ကို ပျမ်းမျှ နာရီ ၉၀ အလုပ်လုပ်ကြသော်လည်း အချို့ကတော့ နာရီ ၁၂၀ အထိလုပ်ကြတယ်။
Many were invited but few came.
လူအများကြီးဖိတ်ထားပေမယ့် နည်းနည်းလေးသာလာတယ်။
📍’not many’
စကားပြောမှာတော့ Native speaker တွေက ‘few’ ကို သိပ်သုံးလေ့မရှိကြတော့ပါဘူးတဲ့။ ‘not many’ ကိုသာ အသုံးများကြတယ်။
I have few friends. လို့ပြောမယ့်အစား
I don’t have many friends. လို့သာ ပိုသုံးကြတယ်။
They haven’t got many books.
သူတို့မှာ စာအုပ်များများစားစားမရှိပါဘူး။
(They have few books. လို့ပြောလည်း အတူတူပေါ့)
I don’t have many visitors.
ငါ့မှာ ဧည့်သည်များများစားစားမရှိပါဘူး။
(I have very few visitors. လို့လည်းပြောနိုင်တာပဲ။)
နောက်တစ်ခုသတိထားရမှာလေးက ကျောင်းသားတွေ မှားလေ့ရှိတဲ့ အောက်ပါဝါကျထဲက အမှားမျိုး
Would you like a few more milk in your coffee? ❌
uncountable noun ဖြစ်တဲ့ milk နွားနို့နည်းနည်းထပ်ထည့်ဖို့မေးရင် a few more milk မသုံးဘဲ a little more milk လို့သုံးရပါတယ်။
Would you like a little more milk in your coffee?✅
ကဲ ... ဒီ post လေးရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ “few = အနည်းငယ်” လို့မှတ်ထားတဲ့ ကျောင်းသားများကို မျက်စိလည်စေတတ်တဲ့ usage သုံးခုကို အောက်မှာ နမူနာဝါကျတွေနဲ့ ဆက်ရှင်းပြထားတာ ဖတ်ကြည့်ပါ။
1. Quite a few
quite a few ဆိုတာ နည်းတာ မဟုတ်ဘူး။ များတာ
“quite a few" = quite a large number
I know quite a few people who have had the same problem.
ဒီလိုပြဿနာကြုံရတဲ့ သူတွေတော်တော်လေးများပါတယ်။
Lots of people at the club are under 20, but there are quite a few who aren't.
Club လာတဲ့သူတွေဟာ အသက် ၂၀ အောက်တွေဆိုပေမယ့် ၂၀ အထက်တွေလည်း အများကြီးပါ။
2. No fewer than
ဒါကိုလည်း အနည်းငယ်သောလို့ တချို့က ထင်နေတတ်ကြတယ်။ သူ့ရဲ့အဓိပ္ပါယ်က “အံ့သြစရာကောင်းလောက်အောင်များသော”ပါ။
no fewer than = used to show that you consider a number to be surprisingly large
No fewer than five hundred delegates attended the conference.
ညီလာခံကို ကိုယ်စားလှယ် ၅၀၀ တောင် တက်ရောက်ခဲ့တယ်။ (၅၀၀ ဆိုပဲ၊ များလို့ အံ့သြတဲ့ပုံ)
3. have a few (too many)
ဒါကတော့ Speaking မှာ အသုံးများတာလေး။ “နည်းနည်းလေး များသွားလို့ပါ” ဆိုတာမျိုး။ “နည်း”တယ်လို့ပြောပြီး “များ”သွားတယ်တဲ့။ အဓိပ္ပါယ်က အရက်သောက်တာ များသွားတာ၊ တော်တော်သောက်ထားတာပါ။ တော်တော်လေး ကောင်းနေပြီ၊ ထွေနေပြီ စသည်ဖြင့် အရက်သမားတွေပြောကြသလိုပေါ့။
To have a few (too many) = to drink quite a large number of, or too many, alcoholic drinks
By the look of him, he’d had a few even before he arrived at the party.
သူ့ပုံကြည့်တာနဲ့ ပါတီကိုမလာခင်ကတည်းက တော်တော်သောက်ထားပြီးပြီဆိုတာ သိသာတယ်။
ကဲ .... few တွေ့တာနဲ့ နည်းတာလို့ ဘာသာပြန်လို့မရတာလေးမှတ်ထားလိုက်ကြစို့ရဲ့။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment