စာသင်ရင်း သတိထားမိတဲ့ အသံထွက်အချို့
Pronunciation အဓိက သင်ပေးနေတဲ့ ဆရာမဟုတ်သော်လည်း စာသင်ရင်းနဲ့ ကိုယ့်ကျောင်းသားအချို့ အသံထွက်မှားတတ်ကြတဲ့ စကားလုံးလေးတွေကို မှတ်စုတို့ထားတာလေး ပြန်ဝေမျှချင်ပါတယ်။
📍ပထမဆုံးပြောပြချင်တာက often ရဲ့ အသံထွက်ပါ။
Often (/ɒfn̩/)
"အောဖန်း" လား "အော့ဖ်တန်း" လား။ အသံထွက်အမှန်က ဘာလဲ ဆရာလို့ ကျောင်းသားတွေ မေးတတ်ကြတယ်။
British English ကို ကျွမ်းဝင်တဲ့ ဆရာတွေက often ကို "အောဖန်း" လို့ပဲ အသံထွက်တယ်။ "အော့ဖ်တန်း" လို့ မထွက်ရဘူးလို့ ကျောင်းသားတွေကို ပြင်ပေးတတ်ကြပါတယ်။ England က IELTS သင်တဲ့ website တစ်ခုကဆို "အော့ဖ်တန်း" လို့ အသံထွက်တာ မှားတယ်လို့ အတိအကျကြီး ရေးပြထားတယ်။ ဒါနဲ့ သေချာအောင် Oxford dictionary မှာ အသံကို နားထောင်ကြည့်တော့ British အသံထွက်ကို "အောဖန်း"၊ American အသံထွက်ကို "အော့ဖ်တန်း" လို့ထွက်ပြထားတယ်။ Webster dictionary မှာ ထပ်နားထောင်ကြည့်တော့ "အော့ဖ်တန်း" ကို အရင်ပြထားပြီးမှ "အောဖန်း" ကို ပြထားပါတယ်။ American Heritage dictionary မှာ ဒီအသံထွက် နှစ်ခုစလုံး မှန်တယ်လို့ ပြောထားပါတယ်။ ဒါနဲ့ အခု ရုံးခန်းထဲ အတူရှိနေတဲ့ Australian ဆရာကို သူဘယ်လို အသံထွက်သလဲလို့ မေးကြည့်လိုက်တယ်။ သူကတော့ သူ့ပညာတတ် သူငယ်ချင်းများနဲ့ဆိုရင် "အော့ဖ်တန်း" ဆိုပြီး soft t အသံလေးပါအောင်လို့ထွက်မယ်၊ လူအများနားလည်အောင်ဆိုရင်တော့ "အောဖန်း" လို့ပြောမယ်တဲ့။ စိတ်ဝင်စားစရာပါပဲ။
သူနဲ့ ဆက်ပြောဖြစ်တာကတော့ dictionary တွေက ပြထားတဲ့ အသံထွက်တွေကို guidelines အဖြစ်သာ သဘောထားသင့်ကြောင်း၊ Don't take what dictionaries tell you as gospel. ပုံသေကြီး မမှတ်သင့်ကြောင်း၊ တကယ့်လက်တွေ့မှာ စကားလုံးတစ်လုံးကို (ဥပမာ water, bag, drawer) နိုင်ငံတစ်နိုင်ငံအတွင်းမှာတောင် (ဥပမာ အမေရိကန်နိုင်ငံ) ဒေသကိုလိုက်ပြီး အသံထွက်ပုံ အမျိုးမျိုးကွဲပြားသွားနိုင်တဲ့ regional variations တွေကို အဘိဓာန်ထဲ အကုန်ပြဖို့ မဖြစ်နိုင်ကြောင်း။ မြို့ကြီးသား ပညာတတ်တွေ အသံထွက်ပုံ RP လို့ခေါ်တဲ့ received pronunciation ကိုသာ အဘိဓာန်က စံနမူနာအဖြစ် တင်ပြထားတာဖြစ်ကြောင်း .... စသည့်အချက်လေးတွေ သူငယ်ချင်းနဲ့ ပြောဖြစ်ကြပါတယ်။ ဆိုတော့ကာ often လိုစကားလုံးလေးကို ကိုယ်အသံထွက်ပုံနဲ့ မတူတာနဲ့ သူများအသံထွက်တာကို မှားနေတယ်လို့ အတိအကျကြီး claim မလုပ်သင့်ဖူးပေါ့။
အခု ဆက်ပြီး အချို့Asian studentsတွေ အသံထွက်မှားတတ်ကြတဲ့ စကားလုံးလေး အချို့ကို ဆက်ပြောပြပါ့မယ်။
📍Pseudonym (/sjuːdənɪm/) = အမည်ဝှက်၊ နာမည်လွှဲ၊ ကလောင်အမည်။
ဒါကို "ရှူးဒိုးနင်း" လို့ အသံမထွက်ပါဘူး။ "ဆူး ဒနင်း" လို့ထွက်ပါတယ်။ "ဆူဒိုနင်" ဆိုရင်လည်း နည်းနည်းလေးတော့ လွဲနေသေးတယ်။
📍Stomach (/stʌmək/) = အစာအိမ်၊ ဗိုက်၊ ဝမ်း။
"စတောမက်ချ်" stoh-match လို့ မထွက်ပါ။ mach နဲ့ ဆုံးပေမယ့် "မက်ချ်" လို့ မထွက်။ k သံနဲ့ ဆုံးရပါတယ်။ stuh-muhk "စတာ့မက်ခ်" လို့ထွက်ပါတယ်။
📍Tuition (/tjuːˈɪʃn̩/) = သင်ကြားပေးခြင်း၊ ကျူရှင်ပေးခြင်း၊ ကျူရှင်၊ ကျောင်းလခ။
အသံထွက်အမှန်က British English မှာ"ကျူအစ်ရှင်း"၊ American English မှာ "တူအစ်ရှင်း" ပါ။ အစ် မပါတဲ့ "ကျူရှင်" ဆိုတဲ့အသံထွက်ကတော့ မြန်မာ မွေးစားထားတဲ့ အသံပါ။
နောက် ကျောင်းသားတွေ အသံထွက်လွဲတတ်ကြတဲ့ စကားလုံးတစ်ခုကတော့ prestigious ပါ။
📍prestigious (/preˈstɪdʒəs/) = ဂုဏ်သတင်းကြီးသော
"ပရက်စတီးဂျီးယက်စ်" မဟုတ်ပါ။ gious နဲ့ဆုံးသော်လည်း "ဂျီးယက်စ်" မဟုတ်။ "ပရက်စတိဂျက်စ်" လို့ အသံထွက်ပါတယ်။
📍Albeit (/ɔːlˈbiːɪt/) = သို့သော်ငြားလည်း
"အောဘေးအစ်" မဟုတ်။ "အောဘီးရတ်" လို့ အသံထွက်အမှန်ကို အနီးစပ်ဆုံး ရေးပြထားပါတယ်။
📍Lingerie (/lænʒəriː/) = အမျိုးသမီးအတွင်းခံ။
"လင်ဂျာရီး" လို့ အသံမထွက်ပါ။ ပြင်သစ်စကားလုံးဖြစ်တယ်။ pleasure တို့ leisure တို့မှာပါတဲ့ tailed z လို့ခေါ်တဲ့ Ezh "ʒ" ရဲ့အသံကို မြန်မာလိုအတိအကျရေးပြဖို့ ကျွန်တော့်အတွက် ခက်ပါတယ်။ ဒါ့ကြောင့် lingerie ကို "လောင်ဂျရေး" လို့ အသံထွက်တယ်လို့သာ မှတ်ထားပါ။
📍Cache (/kæʃ/ ) = ဝှက်ထားသော လက်နက်၊ အစားအစာ၊ ငွေ စသည်။
ဒါကို "ကက်ရှေး" လို့မထွက်ဘဲ cash ပိုက်ဆံကို အသံထွက်တဲ့အတိုင်း "ကဲ့ရှ်" လို့ထွက်ပါ။
📍Niche (/nɪtʃ/) = နေရာကောင်း၊ စီးပွားရေးအခွင့်အလမ်း။
အလားတူပဲ niche ကို "နိရှ်" လို့ အသံထွက်ပါတယ်။ "နီချေး" မဟုတ်၊ "နီးချာ" လည်းမဟုတ်ပါ။ German အတွးအခေါ်ပညာရှင်ကြီး Friedrich Nietzsche ကိုတော့ "နီးချာ" လို့အသံထွက်ကြောင်း သိကြမှာပါ။
📍quay လှေဆိပ်၊ သင်္ဘောဆိပ်ကို "ကွေး" လို့ အသံမထွက်ပါ။ "ကီး" လို့ အသံထွက်ပါတယ်။ /kiː/
📍cupboard ကြောင်အိမ်၊ ဗီရိုကို "ကပ်ဘုတ်" လို့ အသံထွက်နေကြတယ်။ /ˈkʌb.əd/ P သံကို မထွက်ပါ။ silent p ပါ။ "ခါးဘာ့ဒ်" လို့ထွက်ပါတယ်။
📍epitome စံနမူနာ။ "အက်ပီတုမ်း" မဟုတ်ပါ။ /ɪˈpɪt.ə.mi/ "အပစ်တမီး" ပါ။
📍salmon မြန်မာလိုတော့ ဆယ်လမွန်ငါးလို့ပြောကြပေမယ့် သူ့ရဲ့အသံထွက်က /ˈsæm.ən/ "ဆယ်မန်" ပါ။ silent L မို့ L သံမပါပါဘူး။
📍yolk ကြက်ဥအနှစ်ကို /jəʊk/ "ယုတ်ခ်" လို့အသံထွက်ပါတယ်။
📍Wednesday "ဝမ်းနက်စ်ဒေး" လို့ အားရပါးရ မထွက်ပါနဲ့။ British English ရော American English မှာပါ /ˈwenz.deɪ/ "ဝမ်းစ်ဒေး" လို့ထွက်ပါတယ်။
📍Viscount မှာပါတဲ့ s ဟာ silent S ပါ။ "ဗစ်စ်ကောင့်" မဟုတ်။ /ˈvaɪ.kaʊnt/ "ဗိုင်းကောင့်" ပါ။
📍Boatswain သင်္ဘောသားတွေ သိကြတဲ့ စကားလုံးပါ။ "ဘုတ် ဆွိန်း" မဟုတ်။ /ˈbəʊ.sən/ "ဘိုဆန်" ပါ။
📍 အလားတူ Coxswain ပဲ့ကိုင်ကို /ˈkɒk.sən/ "ကောက်ဆန်" လို့အသံထွက်ပါတယ်။
📍quasi ဆိုတဲ့ prefix ဟာ "ကွာစိ" မဟုတ်ပါ။ /kweɪ.zaɪ-/ "ခွေ့ဇိုင်း" လို့ထွက်ပါတယ်။ အမေရိကန်တွေကတော့ "ခွာ့ဇိုင်း"တဲ့။
အင်္ဂလိပ်အသံထွက်ကို မြန်မာအက္ခရာနဲ့ နီးစပ်အောင်ရေးပြထားတာပါ။ အသံထွက် အတိအကျကို dictionary မှာ နားထောင်နိုင်ပါတယ်။
စာသင်ရင်းနဲ့ သတိပြုမိတဲ့ အသံထွက်အလွဲလေးတွေအကြောင်း အချိန်ရသလို ထပ်ရေးသွားပါ့မယ်။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment